သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ် လေးစားတဲ့ အမေရိကန်အစဉ်အလာ


ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump နှင့် ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump နှင့် ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton

အမေရိကန် မဲဆန္ဒရှင်တွေဟာ ၄၅ ဦးမြောက် သမ္မတအသစ်ကို ရွေးကောက် တင်မြောက်ဖို့အတွက် ဒီကနေ့ အင်္ဂါနေ့မှာ မဲပေး ရွေးချယ်ကြတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွင်း သမ္မတလောင်း ၂ ဦးအနေနဲ့ တဘက်နဲ့ တဘက် ဝေဖန် ပြောဆိုမှုတွေ ဘယ်လောက်ပဲ အပြင်းအထန် လုပ်ခဲ့ကြပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်တဲ့သူက - အရှုံးကိုဝန်ခံပြီး နိုင်ရသူကို ချီးကျူး ဂုဏ်ပြုကြောင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောကြားတဲ့အပြင် -ကိုယ့်ကို ထောက်ခံသူတွေကိုလည်း မိန့်ခွန်း ပြောကြားကြတဲ့ အစဉ်အလာ ရှိပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီမိုကရေစီ သက်တမ်း ရင့်ကျက်နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက သမ္မတ အာဏာ လွဲပြောင်းမှုဟာလည်း စိတ်ဝင်စား၊ အတုယူစရာကောင်းတဲ့ အစဉ်အလာ တခု ဖြစ်ပါတယ်။

ဒါကလည်း ဘယ်မှာ မြစ်ဖျားခံသလဲဆိုတော့ - သမ္မတလောင်း ၂ ဦးအနေနဲ့ တဘက်နဲ့တဘက် ဝေဖန် ပြောဆိုမှုတွေ ဘယ်လောက်ပဲ အပြင်းအထန် လုပ်ခဲ့ကြပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်တဲ့သူက - အရှုံးကို ဝန်ခံပြီး နိုင်ရသူကို ချီးကျူး ဂုဏ်ပြုကြောင်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားတာအပြင်၊ ကိုယ့်ကို ထောက်ခံသူတွေ စိတ်မပျက်ကြဖို့၊ တိုင်းပြည်အတွက် အနိုင်ရတဲ့သမ္မတနဲ့ လက်တွဲပြီး အလုပ်လုပ်ကြဖို့ ရွေးကောက်ပွဲ အနိုင်အရှုံး စာရင်း ထွက်လာပြီဆိုတာနဲ့ မိန့်ခွန်း ပြောကြားကြတဲ့ အစဉ်အလာကနေ လာတာ ဖြစ်ပါတယ်။

တနည်းအားဖြင့်တော့ အရှုံးကို လူကြီးလူကောင်းဆန်စွာနဲ့ ရင်ဆိုင်ပြီး အနိုင်ရသူကို အသိအမှတ်ပြုတဲ့ သဘောပါ။

၂၀၀၀ ခုနှစ်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲအပြီးမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း Al Gore က ရွေးကောက်ပွဲ အနိုင်ရလိုက်တဲ့ ရီပတ်ဘလီကန် သမ္မတလောင်း Geogre W. Bush ကို ချီးကျူး ဂုဏ်ပြုစကား ပြောကြားခဲ့တဲ့ အကြောင်း သူ့ကို ထောက်ခံသူတွေကို အခုလို ပြောကြားခဲ့ပါတယ်။

“မင်္ဂလာ ညနေခင်းပါ၊ မကြာသေးခင် အချိန်ပိုင်းကလေး အတွင်းကပဲ George W. Bush ကို ကျနော် ဖုန်းခေါ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၄၃ ဦးမြောက် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရတဲ့အတွက် ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဒီတကြိမ်မှာတော့ သူ့ကို ပြန်မခေါ်တော့ပါဘူးဆိုတာကိုလည်း ပြောခဲ့ပါတယ်။”

သူ့အနေနဲ့ ဖုန်းပြန်မခေါ်တော့ဘူးလို့ ပြောရခြင်းရဲ့ အကြောင်းရင်းကတော့ - ရွေးကောက်ပွဲ ပြီးပြီးချင်းမှာ George W. Bush အနိုင်ရတယ်ဆိုပြီး Al Gore က ချီးကျူး ဂုဏ်ပြုစကား ပြောကြားပြီးတော့မှ အဲဒီ ရွေးကောက်ပွဲ ရလဒ်ဟာ မသေချာသေးဘူးဆိုပြီး Al Gore ရဲ့ မဲဆွယ် စည်းရုံးရေးအဖွဲ့က ပြောဆို ခဲ့တာကြောင့် George W. Bush ကို ဖုန်းပြန်ခေါ်ပြီး သူ ချီးကျူး ဂုဏ်ပြုကြောင်း ပြောဆိုခဲ့တာကို ပြန်ရုပ်သိမ်းရတဲ့ ဖြစ်ရပ်ကို ရည်ညွန်း ပြောဆိုတာလည်း ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ George W. Bush နဲ့ Al Gore တို့ဟာ ရွေးကောက်ပွဲတုန်းက ဘယ်သူနိုင်တယ်ဆိုတာ နောက်တနေ့ အထိ ပြတ်ပြတ်သားသား ထွက်မလာတဲ့အတွက် တရားရုံးမှာ နှစ်ဖက် ရှေ့နေတွေနဲ့ အပြန်အလှန် ငြင်းခုန် ပြောဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှ နိုင်ငံတော်တရားရုံးချုပ်ကနေပြီး George Bush အနိုင်ရတယ်ဆိုပြီး အဆုံးအဖြတ် ပေးလိုက်တာ ဖြစ်ပါတယ်။

သမ္မတလောင်း ၂ ဦးအကြား အကြိတ်အနယ် မဲဆွယ် စည်းရုံးခဲ့ကြတဲ့အပြင်၊ တရားရုံးမှာပါ အမှုရင်ဆိုင်ပြီးမှ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးလိုက်ရတဲ့ တင်းမာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ကြားကပဲ သူ့ကို ထောက်ခံသူတွေအနေနဲ့ ထွက်လာတဲ့ ရလဒ်ကို သဘောထားကြီးစွာနဲ့ လက်ခံကြဖို့၊ တိုင်းပြည်ရဲ့ မျက်နှာကိုကြည့်ပြီး အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်ကြဖို့တို့အတွက် တိုက်တွန်း ပြောကြားခဲ့တာကြောင့် အဲဒီ ကာလက Al Gore ရဲ့ ရပ်တည်၊ ပြောဆိုချက်တွေကို နိုင်ငံရေး သုတေသီတွေက ချီးကျူးကြပါတယ်။

George W. Bush ရဲ့ ဒုတိယသမ္မတသက်တမ်းမှာ ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ John Kerry ကလည်း ရွေးကောက်ပွဲအပြီးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အနိုင်ရနိုင်တဲ့ အခြေအနေ ရှိတယ်ဆိုရင် ဒီ ယှဉ်ပြိုင်မှုကို ကျနော် အရှုံးပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သံသယဖြစ်စရာ မဲတွေကို ရေတွက်ပြီးပြီ ဆိုရင်တောင် ကျနော်တို့အနေနဲ့ Ohio ပြည်နယ်မှာ အနိုင်ရမယ့် အခြေအနေ မရှိပါဘူး။ ကျနော်တို့ အနေနဲ့ ဒီရွေးကောက်ပွဲကို အနိုင်ရမှာ မဟုတ်ပါဘူး။”

ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရတယ်ဆိုတဲ့ အဖြေထွက်လာပြီ ဆိုရင်တော့ ရွေးကောက် တင်မြောက်ခံရတဲ့ သမ္မတလောင်းအနေနဲ့ အစိုးရအဖွဲ့သစ်ထဲမှာ ပါဝင်မယ့် ဝန်ကြီးတွေနဲ့ တခြား အရေးပါတဲ့ ရာထူးတွေ အတွက် ရွေးချယ် ခန့်အပ်တာတွေ လုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့ကလည်း အစိုးရသစ်ကို အာဏာလွဲပြောင်းရေး ကိစ္စတွေမှာ ပူးတွဲ လုပ်ဆောင်ပေးရပါတယ်။

အထူးသဖြင့်တော့ တိုင်းပြည်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ရာထူးက အနား ယူတော့မယ့်သမ္မတနဲ့ ရွေးကောက်ခံ သမ္မတတို့ ၂ ဦးစလုံးကို တပြိုင်ထဲ အသိပေး အကြောင်းတာ၊ နောက် သမ္မတသစ်အနေနဲ့ တခြား အရေးပါတဲ့ ကိစ္စရပ်တွေမှာ သိသင့် သိထိုက်တဲ့ကိစ္စရပ်တွေကို အသိပေး အကြောင်းကြားတာတွေ လုပ်ဆောင်ပေးရပါတယ်။

ဒါ့အပြင် အရေးပါတဲ့ အစိုးရ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေကလည်း အစိုးရသစ်ကို အရေးပါတဲ့ သတင်းအချက်အလက်တွေ လွဲပြောင်းပေးတာတွေ လုပ်ရပါတယ်။

အခုကျင်းပတဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာလည်း သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးစလုံးအနေနဲ့ တဦးကို တဦး အပြန်အလှန် ထိုးနှက် တိုက်ခိုက်ပြီး မဲဆွယ် စည်းရုံးနေကြတယ် ဆိုပေမယ့် ရွေးကောက်ပွဲပြီးသွားလို့ ဘယ်သူ အနိုင်ရတယ်ဆိုတဲ့ အဖြေ ထွက်လာပြီဆိုရင်တော့ အစဉ်အလာအတိုင်း အနိုင်ရတဲ့သူကို ချီးကျူး ဂုဏ်ပြုစကား ပြောကြားမှာ ဖြစ်ပါတယ်။

သမ္မတလောင်း ၂ ဦး ဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက Hillary Clinton နဲ့ ရီပတ်ဘလီကန်ပါတီက Donald Trump တို့ဟာ နိုင်ငံရေး အယူအဆ၊ မူဝါဒရေးရာတွေမှာ ဘယ်လောက်ပဲ ကွဲပြား ခြားနားနေပေမယ့်လည်း အင်္ဂါနေ့ညမှာ ရွေးကောက်ပွဲအထိမ်းအမှတ် အခမ်းအနားတွေကို နယူးယောက်မြို့ပေါ်မှာပဲ ကျင်းပသွားကြဖို့ စီစဉ်ထားပြီး ကျင်းပမယ့် နေရာ ဟာလည်း တဦးနဲ့ တဦး မိနစ်ပိုင်းပဲ ဝေးကွာတဲ့ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲရုံတွေကို နိုဝင်ဘာလ ၈ ရက်နေ့၊ အင်္ဂါနေ့ကျရင် အမေရိကန်နိုင်ငံအတွင်းက ပြည်နယ် အသီးသီးမှာ ဒေသစံတော်ချိန် မနက် ၇ နာရီကနေ ညနေ ၈ နာရီအထိ ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တခု ထူးခြားတာကတော့ အမေရိကန် အရှေ့ဖက်ခြမ်းနဲ့ အနောက်ဖက်ခြမ်းက အချိန် ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ဝါရှင်တန် ဒီစီမြို့တော်၊ နယူးယောက်ပြည်နယ် စတဲ့နေရာတွေနဲ့ ကာလီဖိုးနီးယားပြည်နယ်၊ Arizona ပြည်နယ်တွေဟာ ၃ နာရီကွာခြားတာကြောင့် တိုင်းပြည် အရှေ့ခြမ်းက ရွေးကောက်ပွဲ ရလဒ်တွေကို အရင်သိရှိနိုင်ပြီး အနောက်ဖက်ခြမ်းမှာ ရှိနေသူတွေရဲ့ ရလဒ်ကတော့ နောက်ကျပြီးမှ သိရှိရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG