သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Clinton နှစ်ဦးကြား တိုက်ခိုက်ဝေဖန်မှု တိုး


ရွေးကောက်ပွဲ ကျင်းပဖို့ ၆ ရက်ပဲ လိုတော့အချိန်မှာ အမေရိကန် သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက Hillary Clinton နဲ့ ရီပတ်ဘလီကန်ပါတီက Donald Trump တို့ဟာ တဦးကို တဦး အပြန်အလှန် ထိုးနှက်ပြီး ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အရေးပါဆုံး ပြည်နယ်တွေမှာ အကြိတ်အနယ် မဲဆွယ် စည်းရုံးနေကြပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု နောက်ဆုံး အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အခုနှစ်သမ္မတရွေးကောက်ပွဲ အနိုင်ရရေးအတွက် အရေးပါဆုံး ပြည်နယ်တွေလို့ သတ်မှတ်ထားကြတဲ့ Arizona နဲ့ Nevada ပြည်နယ်တွေမှာ Donald Trump က အနည်းငယ် အသာစီးရနေပြီး Florida နဲ့ Pennsylvania ပြည်နယ်တွေမှာတော့ Hillary Clinton က အသာစီးရနေကြောင်း CNN သတင်းဌာနက နောက်ဆုံး ကောက်ယူထားတဲ့ လူထုစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း သမ္မတလောင်း ၂ ယောက်စလုံးဟာ ဒီ ၄ ပြည်နယ် အပါအဝင် တခြား အရေးပါတဲ့ ပြည်နယ် အတော်များများမှာ အခုရက်ပိုင်းအတွင်း အကြိတ်အနယ် မဲဆွယ်စည်းရုံးနေကြတာ ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ Orlando မြို့မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးမှုအတွင်း ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump က ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကို အခုလို တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။

“စစ်မှန်တဲ့ ပြောင်းလဲမှုဆိုတဲ့နေရာမှာ ကျနော်တို့ အစိုးရအဖွဲ့အတွင်း ရိုးသားတဲ့ လုပ်ဆောင်မှုတွေ ပြန်ရှိလာအောင် လုပ်ဖို့ လိုပါတယ်။ ခင်ဗျားတို့သိကြတဲ့အတိုင်းပဲ FBI က ကောက်ကျစ်တဲ့ Hillary Clinton ရဲ့ အီးမေးအရှုပ်တော်ပုံ ကိစ္စကို ပြန်ပြီး စုံစမ်း စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Hillary Clinton ဟာ သူရင်ဆိုင်နေရတဲ့ ဥပဒေရေးရာကိစ္စတွေအတွက် တခြားလူတွေကို အပြစ်ဖို့ချင် နေတာပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူမရဲ့ ပြောဆို၊ လုပ်ဆောင်မှုတွေဟာလည်း လုံး၀ စိတ်ထိခိုက်နေတဲ့ပုံ ပေါက်နေပါတယ်။ သူမပြောဆိုနေတာတွေ၊ လုပ်ဆောင်နေတာတွေဟာ မယုံကြည်နိုင်စရာပါပဲ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ သူမကိုယ်သူမသာ အပြစ်တင်ရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် Private Email Server ကို Hillary ဟာ သူ့ဟာသူ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။”

FBI က Hillary Clinton ရဲ့ အီးမေး အရှုတ်တော်ပုံကိစ္စနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြန်လည် လုပ်ဆောင်နေကြောင်း လွှတ်တော်အမတ်တွေကို FBI ညွန်ကြားရေးမှူး James Comey က ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောကြားပြီးတဲ့နောက် လူထုစစ်တမ်းတွေမှာ သူမကို ကျဆင်းလာနေကြောင်း လူထုစစ်တမ်းတွေမှာ ဖော်ပြနေတဲ့ တချိန်ထဲမှာပဲ Donald Trump အပေါ် ထောက်ခံသူ အရေအတွက်ဟာလည်း တဘက်မှာ တိုးလာနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ရက်နီးလာလေလေ သမ္မတလောင်း ၂ ဦးအပေါ် ထောက်ခံသူ အရေအတွက်ဟာ ကွာခြားမှု နည်းလာလေလေ ဖြစ်လာနေတာပါ။ Trump အနေနဲ့လည်း ဒီရက်ထဲမှာ ပြဿနာ ဖြစ်စေမယ့်အကြောင်းအရာတွေနဲ့ ကင်းဝေးနေတာတော့ မဟုတ်ပါဘူး။

Ku Klux Klan လို့ခေါ်တဲ့ လူဖြူမဟုတ်သူ နိုင်ငံခြားသားတွေ အားလုံးကို မုန်းတီးရေး လုပ်ဆောင်နေတဲ့အဖွဲ့က Trump ကိုထောက်ခံကြောင်း သူတို့ရဲ့ သတင်းစာ မျက်နှာဖုံးမှာ အင်္ဂါနေ့ညက ရေးသား ဖော်ပြခဲ့တဲ့အတွက် နိုင်ငံခြားသား၊ လူမျိုးခြားတွေကို မလိုလားသူ၊ ဆန့်ကျင်သူအဖြစ် အစောပိုင်းကတည်းက အထင်ခံနေရတဲ့ Trump အနေနဲ့ အဲဒီအဖွဲ့ရဲ့ ထောက်ခံမှုကို မလိုလားကြောင်း၊ မုန်းတီးမှုအားလုံးကို ဆန့်ကျင်ကြောင်း ချက်ခြင်း တုံ့ပြန် ပြောဆိုခဲ့ရပါတယ်။

ဒီအတောအတွင်း ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ဟာ ဗုဒ္ဓဟူးနေ့က Arizona ပြည်နယ်မှာ မဲဆွယ်စည်းရုံးနေပါတယ်။ အင်္ဂါနေ့တုန်းကတော့ - Trump က အမျိုးသမီးတွေအပေါ် နှိမ်ချ ဆက်ဆံတဲ့ ကိစ္စတွေအပေါ် ဖေလော်ရီဒါပြည်နယ်မှာ ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးမှုအတွင်း Clinton က ထိုးနှက် တိုက်ခိုက်လိုက်ပါတယ်။

“Donald Trump နဲ့ ပတ်သက်လို့ ကျမတို့ အခု သိထားတဲ့ အချက်တွေအပြင် လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းက သူ လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို ကျမတို့ ပြန်စဉ်းစားတဲ့အခါမှာ သူ့အနေနဲ့ အမျိုးသမီးတွေကို နှိမ်တယ်၊ ကဲ့ရဲ့တယ်၊ စော်ကားတယ်။ ကိုယ်ထိလက်ရောက် ပြုမူတာတွေ အတော်လေး လုပ်ခဲ့တာကို တွေ့ရပါတယ်။”

ဒီနှစ်ရွေးကောက်ပွဲဟာ အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တယ် ဆိုပြီး သမ္မတလောင်း ၂ ယောက်စလုံးက ပြောဆို စည်းရုံးနေကြတာပါ။ ဒါကြောင့်လည်း Hillary Clinton အတွက် သမ္မတ Barack Obama နဲ့ ဒုသမ္မတ Joe Biden တို့ကိုယ်တိုင် ဗုဒ္ဓဟူးနေ့က မဲဆွယ် စည်းရုံးပေးခဲ့ကြပါတယ်။

မြောက် Carolina ပြည်နယ်၊ Chapel Hill မြို့မှာ ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးမှုအတွင်း သမ္မတဖြစ်သင့် ဖြစ်ထိုက်သူ အနိုင်ရအောင် မဲပေးကြဖို့အတွက် သမ္မတ Obama က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“မြောက် Carolina က မဲဆန္ဒရှင်တွေ စဉ်းစားကြည့်ကြပါ။ သတင်းကောင်းတခုကတော့ ခင်ဗျားတို့အားလုံးဟာ တကယ့်ကို အရည်အချင်းမရှိတဲ့ ကိုယ်စားလှယ်လောင်း သမ္မတ မဖြစ်အောင် ဟန့်တားဖို့ ထူးခြားတဲ့ အရည်အချင်း ပြည့်မီသူတွေ ဖြစ်ပါတယ်။ ခင်ဗျားတို့ မဲပေးကြရပါမယ်။ ကောင်းတာတခုကတော့ အဲဒီပုဂ္ဂိုလ်ကို သမ္မတမဖြစ်အောင် ဟန့်တားနိုင်ယုံတင်မကပါဘူး။ တော်ပြီး ပါးနပ်တဲ့ တည်ငြိမ်တဲ့ အရည်အချင်းကို သိပြီးသားဖြစ်တဲ့၊ အရည်အချင်း အပြည့်မီဆုံးလို့ ဆိုရမယ့် ကိုယ်စားလှယ်လောင်းကို ထောက်ခံ မဲပေးကြရမှာဖြစ်ပါတယ်။ သူကတော့ နောင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာမယ့် Hillary Clinton ပဲ ဖြစ်ပါတယ်။”

ABC သတင်းဌာနနဲ့ The Washington Post သတင်းစာတို့က နိုဝင်ဘာလ ၁ ရက်နေ့မှာ ကောက်ယူခဲ့တဲ့ လူထု စစ်တမ်းတွေအရ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကို ၄၆% - ၄၅% နဲ့ မသိမသာ အသာစီး ရနေတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG