သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Clinton အကြိတ်အနယ် မဲဆွယ်


မဲဆွယ် စည်းရုံးနေသည့် သမ္မတကိုယ်စားလှယ်လောင်း ၂ ဦး။
မဲဆွယ် စည်းရုံးနေသည့် သမ္မတကိုယ်စားလှယ်လောင်း ၂ ဦး။

အမေရိကန် သမ္မတရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၁ ပါတ်တောင် မလိုတော့ချိန်မှာ သမ္မတလောင်း ၂ ယောက်လုံးဟာ ရွေးကောက်ပွဲနိုင်ဖို့ အရေးပါတဲ့ ပြည်နယ်တွေမှာ ဆန္ဒမဲရဖို့ စည်းရုံး မဲဆွယ်မှုတွေကို အရှိန်မြှင့် လုပ်နေကြပါတယ်။ Pennsylvania ပြည်နယ်မှာ အင်္ဂါနေ့က မဲဆွယ်ခဲ့တဲ့ ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump က သူသာ သမ္မတဖြစ်လာခဲ့ရင် Obamacare လို့သိကြတဲ့ အဖိုးအခသက်သာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ရုတ်သိမ်းမယ်လို့ ပြောကြား စည်းရုံးခဲ့ပါတယ်။ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကတော့ Florida ပြည်နယ် မဲဆွယ်ပွဲ ၃ ခုကို သွားရောက် စည်းရုံး မဲဆွယ်နေပါတယ်။ ခုလို အင်္ဂါနေ့က သမ္မတလောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို မစုမြတ်မွန်က အပြည့်အစုံဆက်ပြီး တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲကျင်းပဖို့ သီတင်း တပါတ်တောင် မလိုတော့ချိန်မှာ ဒီမိုကရက်သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump တို့ဟာ အကြိတ်အနယ် ပြိုင်ဆိုင်ရမယ့် ပြည်နယ်တွေဆီ သွားပြီး စည်းရုံး မဲဆွယ်မှုတွေကို အရှိန်မြှင့် လုပ်နေကြပါတယ်။ နိုဝင်ဘာ ၁ ရက်၊ အင်္ဂါနေ့အစောပိုင်းက Pennsylvania ပြည်နယ်မှာ ဒုသမ္မတလောင်း Mike Pence နဲ့အတူ မဲဆွယ်ခဲ့တဲ့ Trump က သူသာသမ္မတဖြစ်လာခဲ့ရင် Obamacare လို့သိကြတဲ့ ဈေးနှုန်း သက်သာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ရုတ်သိမ်းမယ်လို့ ပြောကြား မဲဆွယ်ခဲ့ပါတယ်။

“နိုင်ဝင်ဘာ ၈ ရက်နေ့မှာ ကျွန်တော်တို့ အနိုင်ရပြီး လွှတ်တော်မှာ ရီပတ်ဘလီကန် အမတ်တွေ လွှမ်းမိုးမယ်ဆိုရင် Obamacare ကို ချက်ချင်း ရုတ်သိမ်း၊ အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ လုပ်ကိုလုပ်ရမှာပါ။ အဲဒီ ဥပဒေကို ရုတ်သိမ်း၊ အစားထိုးနိုင်ရေးအတွက် Congress လွှတ်တော်ကို အထူးအစည်းအဝေး ခေါ်ပေးဖို့ ကျွန်တော် တောင်းဆိုမှာပါ။ ကျွန်တော့်အတွက်တင်မက ခင်ဗျားတို့ရော တနိုင်ငံလုံးမှာရှိတဲ့သူတွေ အားလုံးပါ အဲဒီလို လုပ်ပေးနိုင်ဖို့က ဂုဏ်ယူစရာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Obamacare ကို အစားထိုးဖို့ လိုပါတယ်။ ဆိုးကျိုးတွေရှိတဲ့ ဒီဥပဒေကို အမြန်ဆုံး အစားထိုးဖို့ လိုပါတယ်။”

Trump ရဲ့အဆို Obamacare ဥပဒေအရ ကျန်းမာရေး အာမခံချက်တွေဟာ ဈေးနှုန်းပိုကြီးပြီး ရွေးချယ်စရာ နည်းတဲ့အပြင်၊ အရည်အသွေးကလည်း ညံ့ဖျင်းတယ်လို့ ထောက်ပြပါတယ်။ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton က တိုးချဲ့ချင်တဲ့ ဒီဥပဒေကို မရုတ်သိမ်း အစားမထိုးနိုင်ရင် အမေရိကန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မ ှုစနစ်ကြီးကို ထာဝရ ပျက်စီးသွားစေလိမ့်မယ်လို့ Trump က Pennsylvania ပြည်နယ်က မဲဆွယ်ပွဲမှာ ပြောကြားသွားပါတယ်။ Pennsylvania ပြည်နယ်မဲဆွယ်ပွဲအပြီးမှာ Trump ဟာ ဒီမိုကရက်ထောက်ခံသူအမာခံရှိတဲ့ Wisconsin ပြည်နယ်ကို သွားရောက်မဲဆွယ်ပါတယ်။

လူထုသဘောထားစစ်တမ်းတွေမှာ သူ့အပေါ် ထောက်ခံမှု တော်တော်လေးနည်းတဲ့ Wisconsin ပြည်နယ်လိုပဲ Michigan ပြည်နယ်ကိုလည်း တနင်္လာနေ့က သွားရောက်စည်းရုံးခဲ့ပါသေးတယ်။ သမ္မတ Ronald Regan လက်ထက်က စပြီး ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေ မနိုင်တော့တဲ့ Michigan ပြည်နယ်ကို သူဒီတခါတော့ အနိုင်ရအောင် လုပ်မယ်လို့ မဲဆွယ်မိန့်ခွန်းမှာ Trump က ဆိုသွားခဲ့ပါတယ်။

FBI က သူနဲ့ပါတ်သက်တဲ့ Email တွေကို ပြန်လည်စစ်ဆေးတာ ခံနေရတဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကတော့ အင်္ဂါနေ့က Florida ပြည်နယ်မှာ စည်းရုံးမဲဆွယ်ပွဲ ၃ ခုမှာ မဲဆွယ်ပါတယ်။ Dade မြို့က မဲဆွယ်ပွဲမှာ 1996 ခုနှစ်က မယ်စင်္ကဝြဌာဆုရခဲ့ပြီး နောက်ပိုင်းမှာ ဝက်တကောင်လိုစားလို့ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်လို့ Donald Trump က ပြောခဲ့ဖူးသူ Alicia Machado က Hillary Clinton ကို စင်မြင့်ပေါ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။

Clinton ကလည်း Republican သမ္မတလောင်း Donald Trump ရဲ့ပြောကြားခဲ့ချက်၊ ဆောင်ရွက်ခဲ့ချက်တွေ ထဲက အငြင်းပွားစရာ ကိစ္စတွေကို ထောက်ပြပြီး သူဘာကြောင့် သမ္မတ မဖြစ်သင့်တာလဲ ဆိုတာကို အလေးထား ပြောသွားပါတယ်။ အမျိုးသမီးတယောက် အနေနဲ့ သူဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ အပြင် အမျိုးသမီးတိုင်းအနေနဲ့ ကိုယ့်အစွမ်းအစကို အနှောင့်အယှက် အဟန့်အတားမရှိ ပြသနိုင်ရမယ်လို့လည်း မဲဆွယ်ပွဲမှာ Clinton ကပြောပါတယ်။

Donald Trump အပေါ် မဲပေးမယ့်သူတွေကို ဘာကြောင့် ရွေးချယ်ချင်ရသလဲ ဆိုတာကို မေးခွန်းထုတ်ကြဖို့ တိုက်တွန်းခဲ့သလို အခုရွေးကောက်ပွဲဟာ ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာမယ့်ရွေးကောက်ပွဲမို့ အမေရိကန် ပြည်သူတွေအနေနဲ့ အသေအချာ ဆုံးဖြတ် ရွေးချယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“ရွေးကောက်ပွဲအပြီးနောက်တရက် နိုဝင်ဘာ ၉ ရက်နေ့မှာ ကိုယ်ဘယ်လို ခံစားနေရမယ် ဆိုတာကို စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ အတူ ရှေ့ကိုသွားမလား၊ ကျွန်မတို့ကို အနိုင်ကျင့် ဗိုလ်ကျချင်သူနဲ့ နောက်ကို ပြန်ဆုတ်မှာလား ဆိုတာကို စဉ်းစားကြပါ။ ကျွန်မနဲ့အတူ ဘယ်လို အပြောင်းအလဲတွေ လုပ်နိုင်မယ်ဆိုတာကို စဉ်းစားကြဖို့ မျှော်လင့်ပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်ပြန်သူတွေရဲ့ သမ္မတတယောက် အပြင် မိတ်ဆွေတယောက်လဲ ဖြစ်ချင်ပါတယ်။ ကျွန်မတို့ သားသမီးတွေ၊ မြေမြစ်တွေအတွက် အကောင်းဆုံး အနာဂါတ်ကို ဖန်တီးပေးချင်ပါတယ်။ ကျွန်မသာ သမ္မတဖြစ်ရင် ဒီလိုဖြစ်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်။ Trump မုန်းတီးတဲ့ မေတ္တာတရားကို သက်သေပြပြီး ပိုမို ကောင်းမွန်၊ မျှတ၊ ခိုင်မာတဲ့ အမေရိကန်ပြည်ထောင်စု ဖြစ်အောင် ကြိုးစားတဲ့နေရာမှာ ကျွန်မကို ဝိုင်းဝန်း ကူညီကြမယ်လို့ မျှော်လင့်ပါတယ်။”

Hillary Clinton ဟာ Flordia ပြည်နယ်ထဲက Dade မြို့မှာ ခုလို မဲဆွယ် ပြောကြားပြီးနောက် Sanford မြို့နဲ့ Fort Lauderdale မြို့တွေမှာလည်း အင်္ဂါနေ့ တနေ့ထဲမှာ မဲဆွယ်မှုတွေကို လုပ်နေပါတယ်။ Clinton အောင်နိုင်ရေး အဖွဲ့ကလည်း သူ့ပြိုင်ဘက် Donald Trump က အမျိုးသမီးတွေကို နှိမ်နှိမ်ချိုးချိုး အသားယူ ပြောကြားခဲ့ဖူးတဲ့ Video ရုပ်ပုံတွေကို အသားပေး စုစည်းထားတဲ့ Video ကြော်ငြာထုတ်ပြန်ပြီး ဒီလိုလူမျိုးဟာ သမ္မတဖြစ်ဖို့ မသင့်တော်ဘူးဆိုတဲ့ စည်းရုံးမှု တခုကိုလည်း အင်္ဂါနေ့က လုပ်ခဲ့ပါတယ်။

Clinton နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့စဉ်က ပုဂ္ဂိုလ်ရေးသုံး Email server ကနေ အလုပ်နဲ့သက်ဆိုင်တဲ့ Email တွေ ပေးပို့ လက်ခံခဲ့တဲ့ကိစ္စကို နောက်ထပ် စုံစမ်းမှုတွေ လုပ်နေတယ်လို့ FBI က ကြေညာခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ လူထုသဘောထား စစ်တမ်းတွေမှာ Clinton အပေါ် ထောက်ခံမှု ကျဆင်းနေတာ တွေ့နေရပါတယ်။ နိုင်ငံတဝန်း ကောက်ခံတဲ့ သဘောထား စစ်တမ်းတွေမှာ Trump နဲ့ Clinton ကြား ထောက်ခံသူ သိပ်မကွာတော့ပေမဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ရမယ့် ပြည်နယ်တွေမှာတော့ Clinton ကတော်တော်လေး အသာရနေဆဲ ဖြစ်ပါတယ်။

Trump နဲ့ Clinton အကြိတ်အနယ် မဲဆွယ်
please wait

No media source currently available

0:00 0:05:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG