သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ နိုဝင်ဘာတွင်း ကျင်းပမယ့်ထိပ်သီးညီလာခံ ၃ ခု သမ္မတ Trump တက်မည်


သမ္မတ Trump
သမ္မတ Trump

နိုဝင်ဘာလထဲ အာရှဒေသမှာ ကျင်းပမယ့် ထိပ်သီးညီလာခံ ၃ ခုကို အမေရိကန်သမ္မတ Donald Trump တက်ရောက်မှာဖြစ်ကြောင်း ဒုတိယသမ္မတ Mike Pence က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

ဒုသမ္မတ Pence
ဒုသမ္မတ Pence

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံ၊ အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ညီလာခံတို့အပြင်၊ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ညီလာခံတွေကို တက်ရောက်မှာဖြစ်ကြောင်း၊ အာရှ ၃ နိုင်ငံ ၁၀ ရက်ကြာ ခရီးစဉ် နောက်ဆုံးဖြတ်တဲ့ အင်ဒိုနီးရှားမှာ ဒုသမ္မတ Pence က ကြေညာခဲ့တာပါ။

တောင်တရုတ်ပင်လယ်ပြင်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ တိုးမြှင့်ဖို့၊ ကုန်သွယ်မှုတွေ အဟန့်အတားမရှိပဲ စီးဆင်းနိုင်ဖို့ သမ္မတ Trump အစိုးရက အာဆီယံအသင်းနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အာဆီယံအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံပြီးနောက်မှာပဲ ဒုသမ္မတ Pence က ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေကတော့ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာတွေအတွက် ရေရှည် သဘောတူညီချက် ရရှိရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ အာရှဆိုင်ရာ မူဝါဒသစ်မှာ ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေကို အာရုံစိုက်နေချိန်မှာပဲ၊ ဒေသတွင်း နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံက သြဇာချဲ့ထွင်ဖို့ ကြိုးပမ်းလာနေတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အတွင်း သမ္မတ Joko Widodo အပါအဝင် အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဒုသမ္မတ Pence က အင်ဒိုနီးရှားနိုင်ငံရဲ့ အလယ်အလတ်ကျတဲ့ အစဉ်အလာ အစ္စလာမ်ဘာသာ ကိုးကွယ် ယုံကြည်မှုကိုလည်း ချီးကျုးစကားပြောကြား သွားပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယနဲ့ တတိယအကြီးဆုံး ဒီမိုကရေစီ နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ လွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ ဘာသာရေးယုံကြည်မှု ကွဲပြားခြားနားမှုတွေကို တန်ဘိုးထားကြသလို၊ အင်ဒိုနီးရှားနဲ့ မိတ်ဆွေဖြစ်ရတာကိုရော၊ ဒီလိုစံတန်ဘိုးတွေကို ကာကွယ်မြှင့်တင်ရတဲ့ အတွက်ပါ ဂုဏ်ယူကြောင်း ဒုသမ္မတ Pence က ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ Donald Trump အနေနဲ့ အင်ဒိုနီးရှားနဲ့ စီးပွားရေး အဆက်အဆံတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားကြောင်းလည်း အလေးထား ပြောကြားသွားပါတယ်။

ဒီကနေ့ ခရီးစဉ်မှာပဲ အရှေ့တောင် အာရှမှာ အကြီးဆုံးဖြစ်တဲ့ ဂျကာတာ မြို့တော်က Istiqlal ဗလီကို သွားရောက်ခဲ့သလို၊ မူဆလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူအပါအဝင် ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မူဆလင်ဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒုသမ္မတ Pence ရဲ့ အာရှခရီးစဉ်မှာ နောက်ဆုံးဖြစ်ပြီး၊ ခရီးစဉ်အစမှာတော့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို ဝင်ရောက်ခဲ့တာပါ။ ဒုသမ္မတ Pence ဟာ အင်ဒိုနီးရှား ခရီးစဉ်အပြီးမှာတော့ သြစတြေးလျကို ခရီးဆက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG