သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဦးဝင်းတင်ရည်မှန်းချက် NLD ဆက်လက်စွဲကိုင်မည်


ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ ဂုဏ်ပြုအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး မိန့်ခွန်းပြောစဉ်။
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ ဂုဏ်ပြုအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး မိန့်ခွန်းပြောစဉ်။

ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အမှတ်တရ ပန်းခြံတခုကို ရန်ကုန်မြို့ တနေရာရာမှာ ပေါ်လာအောင်လုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦးက တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာရှင် စနစ် နိဂုံးချုပ်သွားစေဖို့ ဆိုတဲ့ ဦးဝင်းတင်ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း NLD ပါတီအနေနဲ့ ဘယ်အာဏာရှင် စနစ်ကိုမှ ပြန်လည် ရှင်သန်ဖို့ လုပ်သွားမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်းပြောပါတယ်။ အပြည့်အစုံကို ရန်ကုန် မြို့ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပတဲ့ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ ဂုဏ်ပြုအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနာယက ဦးတင်ဦးက အဲဒီလို တိုက်တွန်းသွားတာပါ။

"ကျနော်တို့ခေါင်းဆောင်ထဲမှာတော့ သူဟာ စံပြုထိုက်တယ်။ နိုင်ငံတော်ကနေ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ဒါကြောင့်မို့လို့ အချိန်အခါပေးလို့ သင့်တော်တယ်ဆိုရင် ရန်ကုန်လိုနေရာမျိုးမှာ ကျနော်တို့ နေရာလေးတနေရာ ရာထားပြီးတော့ အဲ့ဒီ့နေရာလေးကို ပန်းခြံလေးသဘောလေးအဖြစ်ပေါ့လေ သူ့ကို အမှတ်တရ လုပ်ထားဖို့ ကျနော့်မှာ ဆန္ဒလေးရှိတယ် အဲ့တာကြောင့် တတ်နိုင်ရင်တော့ အဲ့တာလေး ဝိုင်းဝန်းပြီး တိုင်ပင်ပြီးလုပ်ပေးပါ"

သူရဦးတင်ဦး တိုက်တွန်းသွားတဲ့ ဦးဝင်းတင်အမှတ်တရ ပန်းခြံတခုတည်ဆောက်ဖို့ကိစ္စ အခမ်းအနား တက်ရောက်နေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အခမ်းအနားမှူးက ထပ်မံပန်ကြားပြောဆိုချိန်မှာတော့ တက်လာတဲ့ပရိသတ်က လက်ခုပ်တီး တုန့်ပြန်ကြပါတယ်။

"ဝန်ကြီးချုပ်သာ ဘဘဦးတင်ဦးပြောသလို ပန်းခြံကို ဖန်တီးပေးမယ်ဆိုရင် ကျမတို့ပြည်သူလူထုအားလုံး ကျေးဇူးစကားအကြိမ်ကြိမ်ဆိုပါရစေ။ ဝန်ကြီးချုပ်ကျန်းမာပါစေရှင်။"

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း

အကျဉ်းထောင်ထဲမှာ ဟံသာဝတီဦးဝင်းတင်နဲ့ အတူဆုံခဲ့ဖူးသူ ဦးဖြိုးမင်းသိန်းကလဲ ဦးဝင်းတင်ဟာ ခိုင်မာတဲ့ယုံကြည်မှုတရပ်နဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်ဖို့ ကြိုးစားခဲ့သူဖြစ်ပြီး အာဏာရှင်စနစ်တရပ် ပေါ်ထွန်းလာဖို့အတွက် ဦးဝင်းတင်ဟာ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ပြောပြီးတဲ့နောက် တဆက်ထဲ -

" ကျနော်တို့ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်တဲ့အချိန်ပိုင်းမှာ အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်လာမှု မရှိဖို့နဲ့ စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားစေဖို့ဆိုတာ ဦးဝင်းတင်ရဲ့ ရည်မှန်းချက်ပန်းတိုင်တခုပဲဖြစ်ပါတယ်။ ဒီရည်မှန်းချက်ပန်းတိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ဟာ ဘယ်အာဏာရှင်စနစ်ကိုမှ မြန်မာ့မြေပေါ်မှာ ပြန်လည်ရှင်သန်ဖို့အတွက် ဆောင်ရွက်သွားမယ့် အဖွဲ့အစည်းတရပ်မဟုတ်ပါဘူး။ အာဏာရှင်စနစ်ကို နိဂုံးချုပ်စေပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေရှင်သန်ပြီး ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်မှီနိုင်ငံတော်ကြီးတရပ် ဖြစ်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။"

ဦးမိုးသူ
ဦးမိုးသူ

ဟံသာဝတီဦးဝင်းတင်လိုပဲ သတင်းစာဆရာတဦးဖြစ်ပြီး အတူလုပ်ကိုင်ခဲ့ဖူး၊ အကျဉ်းထောင်ထဲမှာလဲ အတူနေထိုင်ခဲ့ဖူးသလို အကျဉ်းထောင်ထဲက ပြန်လွတ် လာကြတော့လဲ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူက အခုလို ကတိ ပြုပြောဆိုသွားပါတယ်။

" အခုတော့ဖြင့် ဦးဝင်းတင်က ကျနော့်ကို ထားရစ်ခဲ့ပြီးတော့ ကောင်းကင်ဘုံကို သွားပါပြီ။ အဲ့တော့ ကျနော်တို့လည်း ခုနက ဦးတင်ဦးပြောသလိုပဲ ဘယ်တော့ အဲ့ဒီ့နောက်ကို လိုက်ရမလဲဆိုတာ မသိဘူး။ သို့သော်လည်း ကျနော်တို့ပြောချင်တဲ့ စကားက တခုတည်းရှိပါတယ်။ ကျနော်တို့ဟာ အန်ကယ်လ်ဦးဝင်းတင်ရဲ့ကျေးဇူး အန်ကယ်လ် ဦးဝင်းတင်ရဲ့ ညွှန်ပြချက် အတိုင်း တိုင်းပြည်နဲ့လူမျိုးအတွက် အမြဲတမ်းသစ္စာစောင့်သိပြီး ကောင်းရာကောင်းကျိုးကိုတော့ တသက်လုံး သက်ရှိထင်ရှား ရှိနေသရွေ့ ဆောင်ရွက်သွားပါ့မယ် အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။"

မင်းကိုနိုင်
မင်းကိုနိုင်

၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကတော့ ဟံသာဝတီဦးဝင်းတင်ရဲ့ စာပေနဲ့ အနုပညာပိုင်း ရေးသားချက်တွေကို အမှတ်တရ ပြန်ပြောပြပါတယ်။ ဒါ့အပြင် ဟံသာဝတီဦးဝင်းတင်ဟာ ရန်ကုန်မြို့၊ လမ်းသစ်ရိပ်သာ အပေါ်ဆုံးထပ်မှာ နေထိုင်ခဲ့စဉ် က အခန်းမှာ သူရှိတယ်ဆိုရင် အင်္ကျီလေးလှမ်းထားပြီး အင်္ကျီမတွေ့ရင် မရှိတဲ့ သဘောဖြစ် တာကြောင့် အင်္ကျီတွေ့တဲ့အတွက် အပေါ်ဆုံးထပ်ထိ တက်သွားပြီးခါမှ မရှိတာကို သိပြီး ပြန်ဆင်းသွားကြရတဲ့ အခုအခါ ကွယ်လွန်သွားကြပြီဖြစ်တဲ့ စာရေးဆရာ ဦးကိုယုတို့၊ မောင်သော်ကတို့ရဲ့ ဖြစ်ရပ်လေးကို ဦးမင်းကိုနိုင်က ပြန်ပြောင်းပြောပြရင်းနဲ့ -

" အခု ကျနော်တို့ရဲ့ခရီး ကျနော်တို့ရဲ့ မဆုံးနိုင်သေးတဲ့ ခရီးမှာလည်း ဆရာဦးဝင်းတင် ရှိလား မရှိလားလို့ ကျနေ်ာတို့ အပေါ်ကို လှမ်းမော့ကြည့်လိုက်တဲ့အခါမှာ သူ့သေတပန် သက်တဆုံး အမြတ်တနိုးဝတ်ခဲ့တဲ့ အကျီအပြာလေးကို ကျနော် တွေ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။"

လွန်ခဲ့တဲ့သုံးနှစ် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဟံသာဝတီဦးဝင်းတင်ဟာ လူအများလေးစားတဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီးတဦးဖြစ်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာပတိအဖွဲ့ဝင် အဖြစ် ကွယ်လွန်ချိန်အထိ လုပ်ဆောင်သွားသူလဲဖြစ်ပါတယ်။

ဘဝသက်တမ်းတလျှောက် စာအုပ်နဲ့ ဆောင်းပါးအများအပြားကို ရေးသားထုတ်ဝေခဲ့တာမှာ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကတော့ သူ ထောင်ကပြန်ထွက်လာပြီးတဲ့နောက်မှာ ရေးသား ထုတ်ဝေခဲ့တဲ့ ထောင်အတွေ့အကြုံအခြေခံ နိုင်ငံရေးအတွေးအမြင် စာအုပ် တအုပ်အဖြစ် ထင်ရှားပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG