သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးးချုပ်သစ် Guterres ကျမ်းသစ္စာကျိန်ဆို


ကုလအတွင်းရေးမှူးးချုပ်သစ် Guterres ကျမ်းသစ္စာကျိန်ဆို
ကုလအတွင်းရေးမှူးးချုပ်သစ် Guterres ကျမ်းသစ္စာကျိန်ဆို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို မကြာခင်ထမ်းဆောင်တော့မယ့် Antonio Guterres က ကုလသမဂ္ဂအဖွဲ့ကြီးအတွင်း အပြောင်းအလဲတွေအတွက် အသင့်ပြင်ထားရမယ်လို့ ပြောကြားလိုက်ပါတယ်။

အတွင်းရေးမှူးချုပ်အသစ်အဖြစ် တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှေ့မှောက် အထွေထွေညီလာခံမှာ Mr. Guterres ကမိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ အသင့်ဖြစ်နေရပါမယ်။ ကျွန်တော်တို့ နိုင်ငံတကာအသိုင်းအဝိုင်းကြီးတခုလုံးရဲ့ အဆိုးဆုံး ချွတ်ယွင်းအားနည်းချက်ကြီးက ပဋိပက္ခတွေမဖြစ်အောင် မတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးဟာ စစ်ပွဲတွေထဲကနေ ပေါ်ထွက်လာခဲ့တဲ့ အဖွဲ့အစည်းကြီးပါ။ ဒီကနေ့မှာ ကျွန်တော်တို့က ငြိမ်းချမ်းမှုအတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လွယ်ကူ ရှင်းလင်းအောင်၊ ဗဟိုချုပ်ကိုင်မှု မရှိအောင်နဲ့ အရာမရောက်တဲ့ ဗျူရိုကရေစီ အတားအဆီးတွေ မရှိအောင်လုပ်ရမယ်လို့ ကလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်လာမယ့် Antonio Guterres က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ယူတဲ့အခါ ကုလသမဂ္ဂအဖွဲ့ကြီးအတွင်း ထိပ်ပိုင်းကနေ အောက်ခြေအထိ ကျားမ တန်းတူမှုရှိအောင် ဦးစားပေးဆောင်ရွက်သွားမယ်လို့လည်း ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ အသက် ၆၇ နှစ်အရွယ် Mr. Guterres ကို အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ဖို့ အောက်တိုဘာလက ရွေးချယ်ခံရတာဖြစ်ပါတယ်။ သူဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီဝန်ကြီးချုပ်တာဝန်ကိုယူခဲ့ပါတယ်။

အဲဒီနောက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးအဖြစ် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်က တနင်္သာရီတိုင်း မြိတ်မြို့ကိုသွားရောက်ခဲ့သလို ရခိုင်ပြည်နယ်စစ်တွေမြို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံကဒုက္ခသည်တွေကို အဆင်သင့်ဖြစ်မှ ဌာနေပြန်ပို့ဖို့အတွက် မြန်မာနိုင်ငံမတိုင်ခင် ထိုင်းခရီးစဉ်မှာ ထိုင်းတာဝန်ရှိသူတွေကို သူကတိုက်တွန်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာလည်း ဒုတိယအကြိမ် မြန်မာနိုင်ငံကို Mr. Guterres ထပ်လာခဲ့ဖူးပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ရေး တခြားနိုင်ငံတွေက ကူညီဆောင်ရွက်ပေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ အဆိုပြုချက်ကို Mr. Gutterres က အဲဒီတုန်းက လက်မခံ ပယ်ချခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေပိုပေးနိုင်ရေးကိစ္စကို စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ UNHCR ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို Mr. Ban Ki Moon ဆီကနေ ၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့မှာ Mr. Guterres လွဲှပြောင်းတာဝန်ယူမှာဖြစ်ပါတယ်။ တနင်္လာနေ့က ကျင်းပတဲ့အထွေထွေညီလာခံစည်းဝေးပွဲမှာ Mr. Ban Ki Moon ရဲ့၁၀ နှစ်တာအတွင်း ထမ်းဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ ငြိမ်းချမ်းမှု၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ညီမျှမှုတို့အတွက် ခိုင်မာတဲ့ သဓိဌာန်နဲ့ ရေရှည်ခံတဲ့ အမွေအနှစ်ကို Mr. Ban Ki Moon ကထားရစ်ခဲ့တယ်လို့ အထွေထွေညီလာခံဥက္ကဋ္ဌ Peter Thomson ကပြောကြားခဲ့ပါတယ်။ Mr. Ban Ki Mon ကလည်း အင်မတန်ခက်ခဲတဲ့စိန်ခေါ်မှုတွေကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအားနဲ့ ဖြေရှင်းနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“လူသားတို့အတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးအပေါ်မှာ ကျွန်တော်အာရုံစိုက်ဆောင်ရွက်ခဲ့ပါတယ်။ အင်အားနည်းသူတွေ၊ ဘေးဖယ်ခံထားရသူတွေရှေ့ကနေ ရပ်တည်နိုင်ဖို့ ကျွန်တော်လုပ်ခဲ့ပါတယ်။ အနာဂါတ်မျိုးဆက်တွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ကြဖို့အတွက် အတတ်နိုင်ဆုံး ကျွန်တော်ကြိုးစားလုပ်ခဲ့ပါတယ်။”

Mr. Ban Ki Moon ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို ၂၀၀၇ ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ နောက်ထပ်တကြိမ် အရွေးခံခဲ့ရပါတယ်။ အတွင်းရေးချုပ်တာဝန်နဲ့ Mr. Ban Ki Monn မြန်မာနိုင်ငံကို ၅ ကြိမ်သွားခဲ့ဖူးတဲ့ Mr. Ban Ki Moon ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် တိုက်တွန်းအားပေးခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG