သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လိင်စော်ကားမှု စွပ်စွဲချက် စုံစမ်းဖို့ ကုလတိုက်တွန်း


အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စည်းရိုး လုံခြုံရေးတင်းကျပ်။ ( အောက်တိုဘာ ၁၄၊ ၂၀၁၆)
အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စည်းရိုး လုံခြုံရေးတင်းကျပ်။ ( အောက်တိုဘာ ၁၄၊ ၂၀၁၆)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် တဦးက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နယ်စပ်ဒေသက အကြမ်းဖက်မှုတွေနောက်ပိုင်း၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို အဓမ္မပြုကျင့်တာ၊ စော်ကားတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် အလွန်အမင်း စိုးရိမ်ကြောင်းလည်း ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Zainab Hawa Bangura က ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

သေရေးရှင်ရေး ဆေးဝါးအထောက်အပံ့ လိုအပ်နေသူတွေ၊ စိတ်ပိုင်းဆိုင်ရာအရရော၊ လူမှုရေးအရပါ အကူအညီ လိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရဖို့လည်း အရေးကြီးသလို၊ လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်သူတွေနဲ့ သတင်းမီဒီယာတွေ သွားလာခွင့် ကန့်သတ်တာတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

မကြာသေးခင်က အကြမ်းဖက်မှုတွေ ကြီးထွားလာခဲ့တာတွေကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ထပ်မံပေါ်ပေါက်လာနိုင်တဲ့အတွက် အစိုးရအနေနဲ့ တားဆီးဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါတွေဟာ သီးခြားဖြစ်ရပ်မျိုးတွေ မဟုတ်သလို၊ လူမျိုးရေးအရ အကြမ်းဖက်စော်ကားမှု ပုံစံတွေ ဖြစ်တယ်ဆိုတာကိုလည်း အထူးကိုယ်စားလှယ်ရုံး က နှစ်တော်တော်ကြာ စောင့်ကြည့်လေ့လာမှုတွေအရ သိရှိထားတယ်လို့လည်း ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ်က ရဲကင်းစခန်းတွေကို ပြီးခဲ့တဲ့လထဲ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရအပြီးမှာပဲ လုံခြုံရေးအာဏာပိုင်တွေက သံသယရှိသူတွေကို လိုက်လံဖမ်းဆီး စီးနင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Bangura ကတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ကျုးလွန်သူတွေကို အရေးမယူပဲ လွတ်ငြိမ်းသက်သာခွင့် ပေးထားတာတွေ အဆုံးသတ်ဖို့နဲ့ သောင်းကျန်းသူနှိမ်နင်းတဲ့ စစ်ဆင်ရေးတွေမှာတောင် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အရေးကြီးတယ်လို့လည်း ကြေညာချက်မှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG