သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ UNFC ခေါင်းဆောင်များ မတ်လ ၃ ရက်နေ့ တွေ့မည်


၂၀၁၆ ဇူလိုင်လ ၁၇ ရက်နေ့က UNFC နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
၂၀၁၆ ဇူလိုင်လ ၁၇ ရက်နေ့က UNFC နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ အပစ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်တွေနဲ့ လာမယ့် မတ်လ ၃ ရက်နေ့မှာ တွေ့ဆုံဖို့ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးဇော်ဌေးပြောတာကို ကိုးကားပြီး ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

UWSA ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၊ ပန်ခမ်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိ ထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့ကြတဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စည်းဝေးပွဲကနေ နိုင်ငံရေး ဆွေးနွေးမှု လုပ်ဆောင်မယ့် အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါတယ်။

အစိုးရကိုယ်စားလှယ်တွေနဲ့ UNFC အကြား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီလ ၁၃ ရက်နေ့က တရားဝင်မဟုတ်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပြီးနောက်ပိုင်း နှစ်ဖက် တွေ့ဆုံကြဖို့ ၂ ကြိမ် ကြိုးပမ်းခဲ့ဘူးပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC က တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို အစိုးရဘက်က လက်ခံမယ်ဆိုရင် NCA တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးမယ်လို့ UNFC အဖွဲ့က ပြောထားပါတယ်။

ဒီအတောအတွင်း UNFC ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ အာရှဒေသဆိုင်ရာ ညွန်ကြားရေးမှူးတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မနေ့က တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က ကူညီလိုတဲ့ ကိစ္စအပါအဝင် ပန်ခမ်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီး စည်းဝေးပွဲအတွင်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို တရုတ်ကိုယ်စားလှယ်ဘက်က မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG