သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC နဲ့ တရုတ်အစိုးရကိုယ်စားလှယ် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေး


မြန်မာအစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားဖြစ်ပွါးနေတဲ့ စစ်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရ အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာစုန့်ကောရှမ်းကနေ UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ခေါင်းဆောင်တွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က ကူညီလိုကြောင်း ကမ်းလှမ်း ဆွေးနွေးလာတယ်လို့ UNFCတာဝန်ရှိသူတွေကပြောပါတယ်။ ထိုင်းအခြေစိုက်VOA သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

UNFC ခေါ်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရ အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာစုန့်ကောရှမ်းတို့ဟာ ထိုင်းနိုင်ငံဇင်းမယ်မြို့မှာ မနေ့က ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံမှုအခြေအနေနဲ့ပက်သက်လို့ UNFC တွဲဘက် အတွင်းရေးမှူး ဦးထွန်းဇော်က အခုလိုပြောပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အာရှရေး ရာအထူးကိုယ်စားလှယ် မစ္စတာစုန့်ကောရှမ်း က ကျနော်တို့ UNFC အဖွဲ့နဲ့ လာရောက်တွေ့ဆုံတာကတော့ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ သူတို့ဘက်ကတော့ အိမ်နီးချင်းနိုင်ငံတခုလည်းဖြစ်တယ်။ နယ်စပ်လည်းထိစပ်နေတဲ့ နိုင်ငံတခုအနေနဲ့ တိုင်းပြည်မှာ မငြိမ်းမချမ်းဖြစ်နေတာကို မလိုလားဘူးပေါ့နော် ။ နောက်ပြီးတော့ ဖြစ်နေတဲ့ ပဋိပက္ခကလည်း လက်နက်ကိုင် တိုင်ပွဲနည်းနဲ့ ဖြေရှင်းဖို့အတွက် အဖြေမဟုတ်ဘူးပေါ့နော် ၊ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းစေလိုတဲ့ သူတို့ သဘောထားရှိတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းစွာအဖြေရှာလိုတဲ့ သဘောထားရှိတယ်ဆိုတဲ့အကြောင်း သူ့ကိုပြောပြတယ်။ အဓိကတော့ မြန်မာ့တပ်မတော်အနေနဲ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းမယ့် နည်းနာကို သုံးဖို့လိုတယ်၊ ဒီအပေါ်မှာလည်း အတတ်နိုင်ဆုံးပြောပြပေးဖို့ ကျနော်တို့ဘက်က လိုလားတဲ့အကြောင်း သူ့ကို ကျနော်တို့ တင်ပြလိုက်ပါတယ်။”

လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွါးနေဆဲ တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်မတော်တို့ လက်နက် ကိုင် ပဋိပက္ခအရေး ပြေလည်မှု ရရှိဖို့တရုတ်အစိုးရအနေနဲ့လိုလားကြောင်းတရုတ်အစိုးရ အာရှရေး ရာအထူးကိုယ်စား လှယ် မစ္စတာစုန့်ကောရှမ်းကနေပြောဆိုခဲ့တယ်လို့ဦးထွန်းဇော်ကအခုလိုပြောပါတယ်။

“အဓိကတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ကိုလိုလားတယ်။ အဲဒီအပေါ်မှာ သူ့ဘက်ကနေပြီးတော့မှ ကြားဝင်ပြီးတော့ ကျနော်တို့ကို ညှိနှိုင်းပေးလို့ရတယ် ၊ ၂ ဘက်သဘောတူညီချက် ၂ဘက် ဖိတ်ခေါ်ချက်မှာ သူ့အနေနဲ့ ပါဝင်ဆောင်ရွက်ပေးလို့ရတယ် ဆိုတဲ့သဘောထားတော့ ရှိပါတယ် ။ ကျနော်တို့ NCA စာချုပ် မူကြမ်းလုပ်ကတည်းကနေ ကျနော်တို့ ဆွေးနွေးတဲ့ဖြစ်စဉ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ကိုယ်စားလှယ်ရော နောက်ပြီးတော့ ကုလရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရော တောက်လျှောက်လေ့လာသူအနေနဲ့ ပါဝင်ခဲ့တာရှိပါတယ်။ ဒီ အနေအထားကိုလည်း ဆက်လက်ပြီးတော့မှ ပါဝင်ပတ်သက်နေတဲ့ အနေအထားရှိတယ်။”

မြန်မာအစိုးရနဲ့ လက်ရှိမှာNCAအပစ်ရပ်စာချုပ်ရေးထိုးရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သာ ပါဝင်နိုင် ခဲ့ပြီး ကျန်တဲ့အဖွဲ့တွေအနေနဲ့လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်ပန်ခမ်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအဝေးမှာ NCA စာချုပ်မှာလက်မှတ်ထိုးတဲ့ လမ်းကြောင်းကို မရွေးချယ်ဘဲ နိုင်ငံရေးလမ်းကြောင်းသစ်ရှာဖွေဖို့ အပါအဝင် အချက် ၉ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ပန်ဆန်းအစည်းအဝေးဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ် ကနေ မေးမြန်းခဲ့ ရာမှာ အစည်းအဝေးတက်ရောက်သူတွေ နေရပ်ကိုပြန်မရောက်သေးတဲ့အတွက် အခြေအနေအတိအကျပြောကြား နိုင်ခြင်း မရှိသေးဘူးလို့ ဦးထွန်းဇော်ကပြောပါတယ်။

တရုတ်အစိုးရအာရှရေးရာအထူးကိုယ်စားလှယ်နဲ့ မနေ့ကတွေ့ဆုံမှုမှာ မွန်ပြည်သစ်ပါတီဒုတိယဥက္ကဌနိုင်ဟံသာ ကေအိုင်အိုကချင်လွတ်လပ်ရေးအဖွဲ့က ဗိုလ်ချုပ်ဂွမ်မော်၊ KNPP ဒုဥက္ကဌ ခူဦးရယ်တို့တက်ရောက်ခဲ့ပါတယ်။

NCAလက်မှတ်မထိုးနိုင်သေးတဲ့ UNFCနိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့DPNနဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ တို့ဟာ လာမဲ့မတ်လ(၃)ရက်နေ့မှာတွေ့ဆုံဆွေးနွေးသွားဖို့လဲ ရှိနေပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂကအ သိသက်သေ ပါဝင်ဖို့ UNFCဘက်ကနေဖိတ်ကြားထားတယ်လို့ UNFC တွဲဘက် အတွင်းရေးမှူးဦးထွန်းဇော်ကအခုလိုပြောပါတယ်။

“ဒီလာမယ့် စတုထ္တအကြိမ်မြောက် DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံကြမယ့်အထဲမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထူးကိုယ်စားလှယ်တို့ ဆက်လက်ပြီးတော့မှ လေ့လာသူတွေအနေနဲ့ ပါဝင်ပေးဖို့ ကျနော်တို့ ဖိတ်ကြားထားပါတယ် အဲဒီအပေါ်မှာ အစိုးရဘက်ကလည်း တရားဝင်ဖိတ်ကြားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်မျှော်လင့်တယ်ပေါ့နော် ။ ဒီနေ့ဆိုရင် ငြိမ်းချမ်းရေးကော်မရှင်ဘက်ကိုတော့ တရားဝင် စာရေးအကြောင်းကြားလိုက်ပြီဖြစ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖေါ်ဆောင်နေတဲ့တချိန်ထဲမှာဘဲ ရှမ်းပြည်နယ် ကချင်ပြည်နယ် ကရင်ပြည်နယ် ရခိုင်ပြည်နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြားမှာ တိုက်ပွဲဖြစ်ပွား နေစဲ လည်းဖြစ်ပါတယ်။ ဒီလိုဖြစ်ပွါးနေဆဲ တိုက်ပွဲတွေနဲ့ တပ်မတော်ကနေ ထိုးစစ်ဆင်နေမှုဟာ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးမှာ အဟန့် အတားဖြစ်နေတယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရှု့မြင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG