သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ရာစုပင်လုံ ကျင်းပရေးကော်မတီမှာ အပစ်ရပ်လက်မှတ်မထိုးအဖွဲ့ ကိုယ်စားလှယ်ပါဝင်ရေးဆုံးဖြတ်


UPDJC ရဲ့ ဒုတိယနေ့ အစည်းအဝေး (Hla Maung Shwe)
UPDJC ရဲ့ ဒုတိယနေ့ အစည်းအဝေး (Hla Maung Shwe)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ရဲ့ အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးကို ဒီကနေ့ ဆက်လက်ကျင်းပရာမှာ ၂၁ရာစုပင်လုံ
ပူးတွဲကျင်းပရေးကော်မတီမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်
NCAကို လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်၈ ဦး ပါဝင်ဖို့
ဆုံးဖြတ်ခဲ့သလို NCA လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေအားလုံးကိုလည်း
ညီလာခံမှာ ပါဝင်တက်ရောက်ဖို့အတွက် ဖိတ်ကြားသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကျင်းပရေးနဲ့ပတ်သက်ပြီး
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ရဲ့ အစည်းအဝေး ကို ဒုတိယနေ့အဖြစ် နေပြည်တော်မှာ မနက် ၉နာရီကနေ နေ့ခင်း ၁နာရီလောက်အထိ ကျင်းပခဲ့ပါတယ်။

ဒီကနေ့အစည်းအဝေးက ၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီမှာ NCA လက်မှတ် မရေးထိုးသေးတဲ့အဖွဲ့တွေက ကိုယ်စားလှယ်၈ဦးပါဝင်ဖို့အတွက်
ဆုံးဖြတ်ခဲ့တယ်လို့ ၂၁ရာစုပင်လုံ အကြို ပြင်ဆင်ရေးကော်မတီ
အတွင်းရေးမှုးလည်းဖြစ် UPDJCရဲ့အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးလှမောင်ရွှေက
ပြောပါတယ်။

“ကျင်းပရေးပူးတွဲကော်မတီမှာတော့ ကျနော်တို့ အစိုးရ၊လွတ်တော်၊တပ်မတော်သား ၁၆ ယောက် နိုင်ငံရေးပါတီက ၁၆ ယောက် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ၁၆ ယောက်ပါပဲ။ အဲဒီမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ၁၆ ယောက်မှာ လက်မှတ်ထိုးထားတဲ့လူ ၈ ယောက်နဲ့ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်ကိုယ်စားလှယ် ၈ ယောက်ဆိုတာမျိုး သဘောတူတာရှိပါတယ်။ အဲဒီ အစိုးရနဲ့ လွှတ်တော်ဘက်ကတော့ လူရွေးပြီးပြီ။ တိုင်းရင်းသားလက်နက်ကိုင် လက်မှတ်ထိုးပြီးသား ၈ ယောက်လည်း ရပြီ။ လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားတွေဘက်ကတော့ သူတို့ကိုအကြောင်းကြားပြီး သူတို့လူစာရင်းပေးမှပဲ တက်လို့ရမှာပါ။”

ဒီကနေ့အစည်းအဝေးမှာ ညီလာခံမှာ ဖိတ်ကြားမယ့် သူတွေနဲ့ပတ်သက်တာ၊
ညီလာခံဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက် စတာတွေကိုလည်း
ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီမှာ NCA လက်မှတ်
မရေးထိုးသေးတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်မယ့်အလားအလာကို UPDJC ရဲ့
ဒုတိယဥက္ကဌ နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့
အထွေထွေအတွင်းရေးမှုး ပဒိုစောကွယ်ထူးဝင်းက အခုလို သုံးသပ်ပါတယ်။

“လက်မှတ်မရေးထိုးထားတဲ့အဖွဲ့တွေကလည်းအခုကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ အစည်းအဝေးကို ပူးတွဲကျင်းပဖို့အတွက် တောင်းဆိုတယ်၊ တင်ပြတာပေါ့နော်။ တင်ပြတဲ့အပေါ်မှာ အစိုးရလည်း လိုလိုလားလား၊ နိုင်ငံရေးပါတီတွေဘက်ကလည်း ထောက်ခံမှုတွေ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပါလာဖို့ သဘောရှိတာပေါ့နော်။”

လောလောဆည်ပါဝင်လာမယ့် အဖွဲ့တွေကတော့ နိုင်ငံရေးမူဘောင်ပြန်လည် သုံးသပ်ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ၇ဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေကို လျာထားကြောင်း ပြောပါတယ်။ NCA လက်မှတ်မရေးထိုးသေးတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ၂၁ရာစု ပင်လုံမှာ ဖိတ်ကြားဖို့ ရှိနေကြောင်းကို ပဒိုစောကွယ်ထူးဝင်းက အခုလို ဆက်ပြောပါတယ်။

“သူတို့ပါလာဖို့ အနေအထားကတော့ ရှိမယ်လို့ ယုံကြည်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်မှတ်ရေးထိုးတာ တပိုင်း၊ ဒါပေမယ့် ၂၁ ရာစုပင်လုံမှာကတော့ ကျနော်တို့ အကုန်လုံးကိုဖိတ်မယ်လို့ သဘောထားရှိတာကို။ အပစ်ရပ်သည်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ အကုန်လုံးကတော့ ကျနော်တို့ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ အကုန်လုံးတက်ပြီး သူတို့သဘောထားကိုတင်ပြဖို့တော့ ကျနော်တို့လက်ခံထားတာ ၂၁ ဖွဲ့လို့ပဲ ကျနော်တို့ လျာထားတာဖြစ်တယ်။”

UWSA ဝတပ်ဖွဲ့ကတော့ ၂၁ရာစုပင်လုံမှာပါဝင်ဖို့ သဘောထားထုတ်ပြန်ထားပြီး
PSLF ပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ AA ခေါ် ရခိုင်တပ်ဖွဲ့
စတဲ့အဖွဲ့တွေပါဝင်ရေးကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်က ထပ်မံ
ဆွေးနွေးဖို့ ရှိနေပါတယ်။

UPDJC အစည်းအဝေးမှာ ဒီလ ၃၁ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ မစတင်ခင်မှာ UPDJC အစည်းအဝေးနောက်တကြိမ်ကျင်းပဖို့နဲ့ ၂၁ရာစုပင်လုံကို ၆လ တကြိမ်ကျင်းပဖို့
သဘောတူခဲ့သလို ညီလာခံကြားကာလတွေမှာလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG