သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစုံစမ်းစစ်ဆေးရေးမှူးနဲ့ ဒေါ်စု တွေ့ဆုံမည်


(MOFA)
(MOFA)

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးမှူး Ms. Yanghee Lee ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

အင်္ဂါနေ့တုန်းကတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ Ms. Yanghee Lee တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေအပြင်၊ သတင်းမီဒီယာကောင်စီနဲ့ ရှေ့နေအဖွဲ့အစည်းကတာဝန်ရှိသူတွေနဲ့ ၃ နာရီကြာတွေ့ဆုံစဉ်မှာ အကြောင်းအရာ ၆ ခုကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ တေ့ွဆုံခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။

လူ့အခွင့်အရေးအခြေအနေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြင်ဆင်ပြောင်းလဲနေတဲ့ အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေး၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ အမျိုးသမီး၊ ကလေးငယ်နဲ့ လူနည်းစုတွေရဲ့အကြောင်းစတဲ့ကိစ္စတွေမှာ ဘယ်လိုတိုးတက်မှုတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ အရေးကြီးသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာလည်း လူ့အခွင့်အရေးနဲ့ပါတ်သက်ပြီး ဂရုစိုက်လုပ်ဖို့လိုတဲ့အကြောင်း Ms. Yanghee Lee ကပြောခဲ့တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းရေးမှူးရဲ့ ၅ ကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ လုံခြုံရေးအခြေအနေကြောင့် တချို့နေရာတွေဆီ သွားခွင့်မရခဲ့ပါဘူး။

ဒါပေမဲ့ အင်းစိန်ထောင်၊ ဘူးသီးတောင်ထောင် ၊ စစ်တွေထောင်နဲ့ ဇင်းကျိုက်အလုပ်ကြမ်းစခန်းတို့ဆီ သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း သူမြင်တွေ့ခဲ့တာတွေကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးမှူး Ms. Yanghee Lee က ဇန်နဝါရီလ ၂၀ ရက်နေ့ မြန်မာနိုင်ငံက မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

XS
SM
MD
LG