သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်းကျိုက်ရဲဘက်စခန်း ကုလကိုယ်စားလှယ် သွားရောက်စစ်ဆေး


လူ့အခွင့်အရေး အခြေအနေကို လေ့လာစုံစမ်းဖို့ အတွက် မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာတော့ မွန်ပြည်နယ်က ဇင်းကျိုက်အကျဉ်းစခန်းကို ထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့ပါတယ်။

အလုပ်စခန်းတွေထဲမှာ ဆိုးဝါးတဲ့ အခြေအနေမှာရှိတဲ့ ဇင်းကျိုက်အကျဉ်းစခန်းကို Ms.Yanghee Lee သွားရောက်လေ့လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရဲဘက်စခန်းလို့ လူသိများတဲ့ ဒီကျောက်ထုတ်စခန်းတွေကို ပယ်ဖျက်ဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့လည်း အငြိမ်းစားထောင်မှုး တစ်ဦးကလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ လုံခြုံရေးအခြေအနေကြောင့် ကချင်ပြည်နယ်တွင်းက လိုင်ဇာနဲ့ ဖားကန့်မြို့တို့ကို သွားရောက်လေ့လာခွင့်မရတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ မွန်ပြည်နယ်မှာရှိတဲ့ ဇင်းကျိုက် ကျောက်ထုတ်လုပ်ငန်း အကျဉ်းဌာနကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီ့မှာ ထောင်အာဏာပိုင်တွေနဲ့ကော အကျဉ်းသားတွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးခွဲ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဇင်းကျိုက်က ကျောက်ထုတ် စခန်းရောက်တယ်၊ အခုအဲဒီကနေ ပြန်ထွက်လာပြီ အကျဉ်းဦးစီးဌာန ကနေတာဝန်ယူပေးတယ်။ နောက်ပြီး အကျဉ်းသားတွေ နဲ့ တွေ့တယ်။ ဒီကျောက်ထုတဲ့နေရာပေါ့ ကျောက်စခန်းပေါ့နော်။”

Ms.Yanghee lee အနေနဲ့ အကျဉ်းသားဦးရေ ၂၅၀ ကျော်ရှိတဲ့ ဇင်းကျိုက် အလုပ်စခန်းကိုပထမဆုံးအကြိမ် သွားရောက်လေ့လာတာလည်း ဖြစ်ပါတယ်။ ဒီစခန်းဟာ အကျဉ်းဦးစီးဌာန ကျောက်ထုတ်လုပ်ငန်းရုံးအောက်က အလုပ်စခန်းတစ်ခုဖြစ်ပြီး ဒီစခန်းကနေ လမ်းခင်းကျောက် အရွယ်စုံ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီစခန်းမှာ အသက် ၅၅ နှစ်အောက် အလုပ်ကြမ်းနဲ့ထောင်ဒဏ်ကျတဲ့ အကျဉ်းသားတွေကို ထားရှိပြီး ကျောက်ထုတ်လုပ်ငန်းတွေကို ခြေကျင်းခေတ်အြလုပ်လုပ်ခိုင်းတဲ့ ကုန်ထုတ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ကုလအထူးကိုယ်စားလှယ် ဒီကနေ့ သွားရောက်လေ့လာခဲ့တဲ့ ဇင်းကျိုက်ကျောက်ထုတ်စခန်းရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ အငြိမ်းစားထောင်မှုးတစ်ဦးလည်းဖြစ် စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ဦးဇေယျမင်းရှင်က အခုလိုပြောပါတယ်။

“အလုပ်စခန်းတွေမှာ ခြေကျင်းခတ်ပြီးခိုင်းရမယ်ဆိုတာ မပါဘူး။ အဲဒီ ဇင်းကျိုက်စခန်းမှာ ခြေကျင်းတွေခတ်ပြီးလုပ်နေတာကို တွေ့ရတယ်။ ခြေကျင်းတွေအပြင်ကို လှုပ်ရှားသွားလာလို့မရအောင် ပြစ်ဒဏ်ကျတဲ့ အကျဉ်းသားတွေကိုပေးတဲ့ ဒေါက်ကြီးတွေခတ်ပြီးတော့မှ ခိုင်းနေတယ်။ ဒီလုပ်ငန်းက အမြဲတမ်း ကျောက်တွေပြိုလာနိုင်တယ်၊ မိုင်းတွေခွဲလာနိုင်တယ် အန္တရာယ်ကြီးတဲ့အတွက် သာမန်လွတ်လပ်တဲ့လူတွေတောင် လွတ်လွတ်လပ်လပ်လှုပ်ရှားရင် အန္တရာယ်ကြီးနိုင်တယ်။ ဒီသက်စွန့်စံဖျားလုပ်ငန်းတွေမှာ ခြေကျင်းတွေဒေါက်တွေနဲ့ ခိုင်နေတာကို ကျနော်တို့က ဓါတ်ပုံနှင့်တကွ မှတ်တမ်းတင်နိုင်ခဲ့တယ်။”

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကျင့်ပျက်ချစားမှုတွေရှိတယ်ဆိုပြီး တစ်ချိန်က အတော်လေး ဝေဖန်ခဲ့ကြပါတယ်။ အထူးသဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ မညီတဲ့ အလုပ်စခန်းတွေကို ပယ်ဖျက်ပေးဖို့အတွက် တောင်ဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း လူ့အခွင့်အရေး အထူးအကြံပေး ပုဂ္ဂိုလ် Ms.Yanghee Lee ကိုယ်တိုင် အရင်တစ်ခေါက်တွေတုန်းက အင်းစိန်၊ အိုးဘိုစတဲ့ ထောင်ကြီးတွေကို သွားရောက်လေ့လာခဲ့တာတွေရှိခဲ့သလို ဒီတစ်ခေါက်မှာလည်း အခုလိုမျီုး ကုန်ထုတ်စခန်းတွေကို သွားရောက်လေ့လာတာဖြစ်ပါတယ်။ ။ မြန်မာနိုင်ငံတွင်းက ထောင်တွင်းအခြေအနေ အားနည်းချက်တွေနဲ့ ပတ်သတ်လို့ လူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးယုလွင်အောင်က အခုလို ပြောပါတယ်။

“အားနည်းချက်တွေတွေ့ရတာကတော့ များသောအားဖြင့်ထောင်ကျပ်တာပေါ့နော်။ လူအင်အားနဲ့ Space နဲ့ မဆန့်တာပေါ့နော် ။ နောက်တခါ ကျနော်တို့ ထောင်တွေက အဆောက်အအုံတွေရဲ့ အနေအထားက International တွေနဲ့ သိပ်မတူဘူး။ ဒါလေးတွေ ကျနော်တို့က ပြုပြင်စရာရှိပါတယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တစ်ဦးအနေနဲ့ သူ့ရဲ့ အဓိက ရည်ရွယ်ချက် ကတော့မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေး ကာကွယ်ဖို့နဲ့ တိုးတက်ဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ကော ဒေသခံလူတွေနဲ့ပါ အတူလက်တွဲ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ Ms.Yanghee Lee က ပြောဆိုထားပါတယ်။ ဒါပေမဲ့လို့ ပြီးခဲ့တဲ့ ၂ ရက်တာ သွားရောက်ခဲ့တဲ့ ကချင် ပြည်နယ် ခရီးစဉ်မှာ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရရဲ့ လက်တွဲလုပ်ဆောင်မှု မရှိဘူးလို့ ဝေဖန်ပြောဆိုထားပါတယ်။ အလုပ်စခန်းတွေထဲမှာ ဆိုးဝါးတဲ့ အခြေအနေမှာ ရှိတဲ့ ဇင်းကျိုက် ကျောက်ထုတ်စခန်းကို သွားရောက်လေ့လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်စခန်းအားလုံး ရုတ်သိမ်းသွားနိုင်အောင် Ms.Yanghee Lee အနေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို တွန်းအားပေးနိုင်လိမ့်လို့ ဦးဇေယျမင်းရှင်က ဆိုပါတယ်။

“ဇင်းကျိုက်စခန်းကို လေ့လာလိုက်ခြင်းအားဖြင့် အရင်တုန်းကရှိခဲ့တာတွေထက် အဆိုးဆုံးအခြေအနေမှာ ရှိခဲ့တဲ့အတွက် ဒီကအခြေအနေတွေသည် ကျောက်ထုတ်လုပ်ငန်း အားလုံးကို ကိုယ်စားပြုနိုင်တာပေါ့ခင်ဗျ။ ဒီမှာတွေ့ရှိချက်တွေအရ အကျဉ်းဦးစီးဌာနကို အကြံပြုချက်တွေပေးနိုင်တာပေါ့ ဘာတွေတော့ ပြင်ဆင်သင့်တယ်။ ဘာတွေတော့ ပြောင်းလဲသင့်တယ်။ သို့မဟုတ် ကျနော်တို့ကတော့ ဖြစ်စေချင်တာက ဒီစခန်းတွေသည် Illegal ပေါ့ နိုင်ငံတကာ ဥပဒေတွေနဲ့ရော နိုင်ငံတကာ ကျင့်ထုံးကျင့်စဉ်တွေနဲ့ပါ မညီညွတ်တဲ့အတွက် ပိတ်သင့်တာပေါ့။ နောင်မှာ ဒီလိုအလုပ်စခန်းတွေကို တဖြေးဖြေးနဲ့ ဒီအစိုးရသစ်လက်ထက်မှာ ရုတ်သိမ်းသွားသည်အထိတော့ တွန်းအားပေးနိုင်တာပေါ့ဗျာ။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ရခိုင်ပြည်နယ်ကိုလည်း မကြာမှီ သွားရောက်ဖို့ ရှိပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက် လူ့မှုအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ သူတစ်ချို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့လည်း လာမယ့် သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီ့နောက်မှာတော့ သူ့ရဲ့ ၁၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဆုံးသတ်အဖြစ် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားဖို့လည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG