သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေရှင်းလင်းရေး အရပ်သားကို ပစ်မှတ်မထားဖို့ ကုလတိုက်တွန်း


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း မီးလောင် ပျက်စီးသွားတဲ့ နေအိမ်များ။ ( အောက်တိုဘာ ၂၇၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း မီးလောင် ပျက်စီးသွားတဲ့ နေအိမ်များ။ ( အောက်တိုဘာ ၂၇၊ ၂၀၁၆)

အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွါးနေတဲ့ ဘူးသီးတောင်၊ မောင်တောဒေသမှာ မူဆလင်အမျိုးသမီးတွေကို မတော်မတရား ပြုကျင့်ကြောင်း တိုင်ကြားမှုတွေ မရှိဘူးလို့ ကုလသမဂ္ဂဦးဆောင်တဲ့ လေ့လာရေးအဖွဲ့တွေက ပြောကြားခဲ့ပေမယ့် မူဆလင်တွေ အပေါ် မြန်မာစစ်တပ်က အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပါတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံ ကိုရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီကိစ္စကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့လထဲ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ဒေသခံ မူဆလင်တွေ အပေါ် အကြမ်းဖက်မှုတွေ ရှိနေတယ် ဆိုတဲ့သတင်းတွေနဲ့ ပါတ်သက်ပြီး လုံလောက်တဲ့ အထောက်အထား မရှိကြောင်း ဂျပန်နိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို ဒီကိစ္စအတွက် တရားဥပဒေနဲ့ အညီ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး မြန်မာ အစိုးရအနေနဲ့ ဘာမှ ဖုံးကွယ်ဖို့ ကြိုးစားတာ မရှိဘူးလို့ ပြောကြားခဲ့ ပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ဘာမှဖုံးကွယ်ဖို့ မကြိုးစားပါဘူး။ ကျမတို့ ပြန်ကြားရေးဌာနမှာ အချက်အလက်တွေ အားလုံးရှိပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခြေခြေမြစ်မြစ် သိရအောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ အပြစ်ရှိတယ်လို့ သက်သေမပြ နိုင်ခင်မှာတော့ အားလုံးဟာ အပြစ်မဲ့သူတွေလို့ သဘောထားပြီး တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ် ”

အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရတဲ့ ဒေသကို နိုဝင်ဘာလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ အဖွဲ့ဝင် ၁၀ ဦးပါဝင်တဲ့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ ကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့သွားရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်၊ လူသားချင်းစာနာမှု ဆိုင်ရာ တာဝန်ခံ Renata Lok-Dessallien ပါ သွားရောက်ခဲ့တာဖြစ်ပြီး တွေ့ရှိချက်ကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကုလသမဂ္ဂ ရုံးချုပ်ရဲ့ သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်နဲ့ မြို့နယ်တာဝန်ရှိသူတွေ၊ ဒေသတွင်းကျေးရွာနဲ့ လူမှု အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေသတွင်းမှာ စားနပ်ရိက္ခာ မလုံလောက်တာ၊ နေရေးထိုင်ရေးနဲ့ ကျန်းမာရေးဆိုင်ရာတွေအတွက် စိုးရိမ်စိတ်ပူကြောင်း ဒေသ ကိုယ်စားလှယ်တွေက ပြောကြားကြပါတယ်။ ရွာသားတွေကလည်း နယ်မြေရှင်းလင်းရေး လုပ်ရာမှာ အကြီးအကျယ် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိကြောင်းနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တာမျိုးမလုပ်စေချင်ကြောင်း သွားရောက်ကြည့်ရှုခဲ့တဲ့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။ တချို့ရွာတွေမှာ နေအိမ် အတော်များများ မီးလောင်ထားတာကို ကိုယ်စားလှယ်တွေ တွေ့ရှိခဲ့ပါတယ်။"

ဒါ့အပြင် မောင်တောဒေသက ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေအတွက် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စ Renata က ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ကြောင်း လည်း ပြောပါတယ်။ အခုလို ရဲစခန်းတွေ အတိုက်ခိုက်ခံရတာနဲ့ ပါတ်သက်ပြီး တာဝန်ရှိသူတွေကို ရှာဖွေ ဖေါ်ထုတ်ဖို့ တိုက်တွန်းလိုက်သလို လုံခြုံရေး တာဝန်ယူထားသူတွေ အနေနဲ့ တရားဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့ လည်း တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ သံတမန်တွေဟာ အကြမ်းဖက်ခံရတဲ့ ဒေသတွေကို သွားခဲ့ပြီးတဲ့နောက် စစ်တွေ လေဆိပ်မှာရော ရန်ကုန်မှာပါ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ သောကြာနေ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ကုလဌာနေကိုယ်စားလှယ် မစ္စ Renata က လုံခြုံရေးတာဝန်ခံတွေ ဘက်က လူ့အခွင့်ရေး ချိုးဖေါက်မှုရှိတယ် ဆိုတဲ့ စွပ်စွဲမှုတွေ အတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ဖို့ ပြောကြားခဲ့ပါတယ်။

"လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အများအပြား ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပါတ်သက်ပြီး လွတ်လပ်ပြီး ယုံကြည်ရတဲ့ စုံစမ်းရေး ကော်မတီတရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ ဒီကော်မရှင်ကနေ စွပ်စွဲမှုတွေကို လေ့လာပြီး အမှန်တရားကို ဖေါ်ထုတ်နိုင်မှာပါ။"

လုံခြုံရေးတပ်သားတွေရဲ့ အဓမ္မပြုကျင့်တာကို ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး မေးမြန်းကြရာမှာတော့ ကိုယ်စားလှယ် အဖွဲ့ ရဲ့ ခရီးစဉ် အတွင်း အခုလို အဓမ္မပြုကျင့်ခံရတယ် ဆိုပြီး တိုင်ကြားတာတွေကို မကြုံခဲ့ရကြောင်း ကုလဌာနေကိုယ်စားလှယ် မစ္စ Renata က ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ ကျေးရွာတွေဟာ သံအမတ်ကြီးတွေ တောင်းဆိုတင်ပြခဲ့တဲ့ ကျေးရွာတွေ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia ကတော့ သူတို့ သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသတွင်းမှာ လူနေမှု အခြေနေတွေ သိပ်ကို ဆိုးဝါးနေတာ တွေ့ရတာမို့ လူသားချင်းစာနာမှု အကူညီတွေ ချက်ချင်းပေးဖို့ လိုနေတယ်လို့ ပြောပါတယ်။

"အဲဒီ့ဒေသရဲ့ အခြေနေတွေ သိပ်ကို ဆိုးဝါးနေတယ်ဆိုတာ တကယ်ကို သိသာပါတယ်။ လူတွေ ကိုယ်အိမ်မှာ ကိုယ်မနေနိုင်ပဲ ရှောင်ပြေးနေရသလို တချိ့အိမ်တွေဆို မီးလောင်ထားတာပါ။ တချို့က သူတို့ရွာတွေကို သူတို့ပြန်မလာကြပါဘူး။ ဒီလူအားလုံးဟာ အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်လို့ အခုလို အခြေအနေ ရောက်ကုန်တာ မဟုတ်ပါဘူး ဒါ့ကြောင့် ဒီကဒေသခံအားလုံး လူမှုအသိုင်းဝိုင်း အားလုံးအတွက် လူ့အခွင့်ရေးကို အကာကွယ်ပေးဖို့ ပွင့်လင်းမြင်သာမှု ရှိကြဖို့ EU က တောင်းဆိုပါတယ်။ ဒီဒေသတွင်းနေထိုင်သူ အားလုံးအတွက် လူသားချင်းစာနာမှု အကူညီတွေ ချက်ချင်း ပေးနိုင်ခွင့်ရဖို့ လည်း တောင်းဆိုပါတယ်။"

ဒါ့အပြင် ဒီဒေသမှာ လုံခြုံရေးတပ်သား ၁၅ ဦးသေဆုံးခဲ့ရတာကို မေ့မထားသင့် သလို အောက်တိုဘာ ၉ ရက်နဲ့ နိုင်ဝင်ဘာ ၃ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကြည့်ရင် ဒီဒေသရဲ့ အခြေနေကို ပေါ့ပေါ့ဆဆ တွက်လို့ မရကြောင်းနဲ့ ဒီဒေသရဲ့ ပြဿနာအတွက် ရေရှည် အဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG