သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာသံတမန်များ မောင်တောဒေသ အခြေအနေ လေ့လာ


ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှုးနဲ့ သံတမန်အဖွဲ့ (MOI)
ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှုးနဲ့ သံတမန်အဖွဲ့ (MOI)

ရခိုင်ပြည်နယ် ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှုးနဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့ မနက်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ ဆုံပြီး ရခိုင်ပြည်နယ်အတွင်းလေ့လာတွေရှိချက်တွေ သတင်းထုတ်ပြန်ဖို့နဲ့ ဆက်လက်ဆောင်ရွက်မယ့်အရေးတွေကို ဆွေးနွေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က မောင်တောဒေသကိုသွားရောက်လေ့လာချိန်မှာအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၃ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပေမဲ့ သံတမန်အဖွဲ့က ပန့်ကြားခဲ့တာကြောင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး Renata Dessallien နဲ့ သံတမန်အဖွဲ့ဟာ ဒီလ ၂ရက်နေ့က ရခိုင်ပြည်နယ် ရောက်ရှိခဲ့ပြီး မောင်တောမြို့နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့နောက် ဒီကနေ့ မနက် ၈နာရီလောက်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တာတွေကို ရခိုင်ပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးမင်းအောင်က အခုလို ပြောပါတယ်။

“ဒီနေ့ ကျနော်တို့အစည်းအဝေးလုပ်ပြီး သူတို့ဒါတွေကို သတင်းဌာနတွေမှာ ပြောပြလို့ရလား၊ ရမလားဆိုပြီး request လုပ်တယ်လေ။ ရပါတယ်လို့ ဒီဟာတွေက သူတို့တွေ့ခဲ့တာတွေ၊ အခြေအနေတွေကို သူတို့ကိုယ်တိုင်ပြောပြမှာပေါ့ဗျ။ နောက်ဆက်တွဲလုပ်ကိုင်ဆောင်ရွက်သွားမယ့် ကိစ္စတွေမှာ အကူအညီပေးမယ့်အနေအထားမျိုးတွေ ဘယ်လိုအကူအညီပေးမလဲဆိုတာတွေ သူတို့ထုတ်ပြန်ဖို့အတွက်ရှိတယ်။”

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး၊ အမေရိကန်၊ ဗြိတိန်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ တူရကီစတဲ့ သံအမတ်ကြီးတွေနဲ့ သံရုံးအကြီးအကဲတွေဟာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင် ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ပြည်နယ်ဝန်ကြီးတွေနဲ့ စစ်တွေမြို့ အစိုးရဧည့်ဂေဟာမှာ သီးသန့်စည်းဝေးခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က မောင်တောမြို့မြောက်ပိုင်းရှိ ကျီးကန်းပြင်၊ ဝါးပိတ်၊ ဇင်ညာပိုင်ရွာက အစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့ဆုံချိန်မှာ လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကြောင်း ဦးမင်းအောင်က ပြောပါတယ်။

“ကျနော်တို့ ဘက်က ၃ ယောက်ဖမ်းလိုက်တယ်လို့ပြောတယ်။ ဒီဖမ်းထားတဲ့လူတွေထဲက ဘယ်သူတွေပါတယ်ဆိုတာမျိုးလေးတွေ သိထားတာရှိတယ်ခင်ဗျ။ ရွာတွေမှာ အဲလိုမျိုးလေးတွေရှိပေမယ့် သူတို့တွေက ဒီလို အလွတ်လူတွေသွားရှာရင်မရှိကြဘူးခင်ဗျ။ အခုသံတမန်တွေလာလို့မှ တရွာလုံးပြုံပြီးထွက်လာကြတယ်။ ဒီမှာ လူအုပ်ထဲမှာတွေ့တော့ စစ်ဖို့ခေါ်တာ ၊ အဲဒီမှာ သံတမန်တွေကပြောသွားတော့ သူတို့အရှေ့မှာ မဖမ်းပါနဲ့ဆိုတဲ့ ပုံစံမျိုးတောင်းပန်တယ်။ မနေ့ကတော့ ပြန်လွှတ်ပေးလိုက်တယ်။”

သံတမန်အဖွဲ့ဟာ အစည်းအဝေးပြီးနောက် မနက်၁၀နာရီလောက်မှာ မောင်တောမြိုု့တောင်ဖက် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ကိုးတန်ကောက်ကျေးရွာဖက်ကိုသွားရောက်လေ့လာပြီး နေ့ခင်း ၃နာရီ ဝန်းကျင်မှာ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

နိုင်ငံတကာသံတမန်တွေနဲ့အတူ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) ဌာနေ ညှိနှိုင်းရေးမှူး Renata Dessallien ဟာ မနေ့တုန်းကရော ဒီကနေ့မှာပါ ပဋိပက္ခဖြစ်ရာ ဒေသကို သွားရောက် စစ်ဆေးခဲ့ပေမဲ့ တွေ့ရှိချက် အသေးစိတ်ကိုတော့ လတ်တလော မသိရသေးဘူးလို့လည်း UN-OCHA ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Pablo Barrera ကပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျေးရွာ ၂ ရွာကို မနေ့တုန်းက သွားရောက်ခဲ့ပြီး၊ မနေ့ညပိုင်းမှာတော့ စစ်တွေကို ပြန်ရောက်လာပါတယ်။ ဒီကနေ့လည်း နောက်တခေါက် ကွင်းဆင်းလေ့လာဖို့ နောက်ထပ် ကျေးရွာတွေဆီ ထပ်သွားပါတယ်။ သူ့အနေနဲ့ ဘယ်သူတွေနဲ့တွေ့ဆုံခဲ့တယ်၊ ဘာတွေတွေ့ရှိခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။”

အောက်တိုလာလ ၉ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းချိန်မှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြခဲ့တဲ့နောက်ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး နဲ့ သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာစုံစမ်းတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG