သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DKBA နဲ့ နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်၊ ၆ ဦးထက်မနည်း သေဆုံး


DKBA တပ်များ
DKBA တပ်များ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ထဲမှာမြန်မာတပ်မတော်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အရပ်သားတချို့အပါအဝင် ဒီကေဘီအေ ဘက်က ၆ဦးထက်မနည်း သေဆုံးမှုတွေရှိနေကြောင်း နှစ်ဘက်စလုံးက အတည်ပြုပြောဆိုပါတယ်။ အရင်ရက်တွေတုန်းကလည်း နယ်ခြားစောင့်ဘက်က ထိခိုက်မူတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပေမယ့် နယ်ခြားစောင့်တပ် ဘက်ကတော့ငြင်းဆိုပါတယ်။ မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

နယ်မြေစိုးမိုးရေးအတွက် နှစ်ဘက် တိုက်ပွဲတွေဖြစ်နေသလို အခုရက်ပိုင်းမှာပဲ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲမှာ နှစ်ဘက်တိုက်ပွဲတွေအတွင်း ဒီကေဘီအေ ဘက်က တပ်ဖွဲ့ဝင် တချို့ ကျဆုံးမူရှိခဲ့တယ်လို့ နှစ်ဘက်လုံးကအတည်ပြုပြောဆိုပါတယ်။ နယ်ခြားစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသိန်းဇော်မင်းကတော့ DKBA ဘက်က ကျဆုံးမူရှိတယ်လို့ပြောပါတယ်။

“မနေ့ကတော့ အရှင်တယောက်မိတယ်၊ သူတို့က ဒီဘက်ကျနော်တို့ BGF ၁၀၁၁ အဲဒီအနောက်မှာ သူတို့လာပြီးတော့ ကျွံလာတာပေါ့နော် မဲသဝေါကနေ ကျွံလာတယ်။ အဲဒီလို ကျွံလာတဲ့အချိန်ကျတော့ သူတို့ ပိတ်မိတယ်ပေါ့နော်၊ အခု DKBA ကသေတာ ၇ ယောက်ရှိပြီပေါ့နော်။ ကျနော်တု့ိဘက်ကတော့ တယောက်မှ မကျဘူး၊ ကျနော်တို့ကတော့ သူတို့ကို ပိတ်ဆို့ထားတဲ့အခါကျတော့ သူတို့ ထွက်မတတ်ဘူးပေါ့နော်၊ လက်နက်ကြီးတွေနဲ့ ပစ်တာတို့ လုပ်တာပေါ့နော် သူတို့ရှိနေတဲ့ နေရာကနေ။”

နှစ်ဘက် ထိတွေတဲ့ တိုက်ပွဲတွေက ဖေဖော်ဝါရီ လထဲမှာပဲ ၃ကြိမ်ထက်မနည်းရှိတယ်လို့ ဗိုလ်မှူးသိန်းဇော်မင်းက ဆိုပါတယ်။

“ဒီလထဲမှာတင် ဖြစ်တာကတော့ ၃၊ ၄ ကြိမ်လောက်တော့ရှိပြီပေါ့။”

မြန်မာတပ်မတော်နဲ့ အတူ နယ်ခြာစောင့်တပ်တွေနဲ့ ဒီကေဘီအေတို့ ဟာ မြဝတီမြို့ကနေ ကေ့ာကရိတ်မြို့ထိ ဖောက်လုပ်ထားတဲ့ အာရှလမ်းမကြီး မဖွင့်ခင် ကစပြီး တိုက်ပွဲတွေဖြစ်နေတာပါ။ အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(ဒီကေဘီအေ)ကနေ ခွဲထွက်လာတဲ့ တပ်ဖဲ့ွ ဖြစ်ပါတယ်။

DKBA နာမည်နဲ့ပဲ ၁၉၉၄ခုနှစ်က တကြိမ်အပစ်ခတ်ရပ်စဲခဲ့ပြီး ၂၀၁၀မှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်နာမည်နဲ့ ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ ဒုတိယအကြိမ် အပစ်ရပ်ရေးလက်မှတ် ထိုးခဲ့ပြီး ၂၀၁၅ခုနှစ်ကုန်ပိုင်းမှာ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေး ထိုးခဲ့တာပါ။ လက်မှတ်မထိုးခင်မှာမြန်မာအစိုးရနဲ့ တင်းမာမူရှိတဲ့ တပ်မှူးတချို့ကို ထုတ်ပယ်ခဲ့ပါတယ်။

ထုတ်ပယ်ခံခဲ့ရတဲ့ တပ်မှူးတွေကတော့ ၁၉၉၄ခုနှစ်က နာမည်ဟောင်းဖြစ်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ )ဆိုတဲ့ နာမည်ကိုပြန်လည်အသုံးပြုပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့က တပ်အင်အား ရာဂဏန်းးလောက်နဲ့ အဖွဲ့အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။အခုအခါမှာ တပ်ဖွဲ့တချိုဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းတာတွေလည်း ရှိနေပါတယ်။ အခုလက်ရှိမှာတော့ ဒီတပ်ဖွဲ့တွေနဲ့ မြန်မာတပ်မတော် အပါအဝင် နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့တွေဟာ ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေမကြာခဏ ဆိုသလို ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG