သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် တရုတ်ခရီးစဉ် စီးပွားရေးဦးစားပေးဖို့ မျှော်လင့်


မြန်မာသမ္မတ ဦးထင်ကေ ျာ်
မြန်မာသမ္မတ ဦးထင်ကေ ျာ်

သမ္မတ ဦးထင်ကျော်ရဲ့ သတင်းတပတ်နီးပါးကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို ဒီသတင်း ပတ်အတွင်း စတင်မှာပါ။ တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ့် သမ္မတရဲ့ ခရီးစဉ် အတွင်းမှာတော့ နိုင်ငံရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ အခြေခံ ယန္တရား အဆောက်အဦဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကိုတော့ လာမယ့် ကြာသပတေးနေ့မှာ စတင်မှာ ဖြစ်ပြီး ၆ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း မြို့တော် ဘေဂျင်း အပါအဝင် စီးပွားရေး မြို့တွေ၊ မြန်မာနယ်စပ် ယူနန်ပြည်နယ်ဘက်ကိုပါ သမ္မတ ဦးထင်ကျော် သွားရောက်ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“တရုတ်ခရီးစဉ်ကတော့ ဒီလ ၆ ရက်နေ့ကနေပြီး ၁၁ ရက်နေ့ထိ သွားမှာဖြစ်ပါတယ်။ သွားတဲ့အခါ တရုတ်သမ္မတအပါအဝင် ကျန်တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ဒေသအကြီးအကဲတွေနဲ့ တွေ့မှာ ဖြစ်ပါတယ်။ သွားမယ့်နေရာတွေက ရှီယန်းရောက်ပါမယ်။ နောက် စီချွမ်ပြည်နယ် ရောက်ပါမယ်။ နောက် ရှန်ဟိုင်းရောက်ပါမယ်။ နောက် ကွမ်ကျိုးရောက်ပါမယ်။ နောက် ပီကင်းမှာ တရုတ်သမ္မတနဲ့ တွေ့ပါမယ်။ နောက်ပြီး ကူမင်းရောက်ပါမယ် ကူမင်းက ယူနန်ပြည်နယ် တာဝန်ရှိသူတွေနဲ့ တွေ့မှာဖြစ်ပါတယ်။”

သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေး ဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ အဓိကတော့ စီးပွားရေးနဲ့ ဆက်စပ်တာ၊ ကုန်သွယ်မှုတွေ ပါမယ်ပေါ့ … ပါသွားတဲ့ ဝန်ကြီးတွေ အနေအထားကို ကြည့်လိုက်ရင်။ နောက် အခြေခံ အဆောက်အအုံပိုင်းတွေပေါ့၊ ဆောက်လုပ်ရေးပါမယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နိုင်ငံရေးကိစ္စ ဖြစ်မှာပေါ့။ အသေးစိတ်ကတော့ ခရီးစဉ် သွားတဲ့အချိန်မှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ”

သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း တိုက်ပွဲတွေနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ယူူနန်ပြည်နယ် ကူမင်းမြို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ကူမင်းမြို့မှာတော့ ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာပါ။ တရုတ် - မြန်မာ ဆက်ဆံရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ဘက်မှာ ခိုလှုံနေတဲ့ စစ်ရှောင် ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး ကိစ္စ နှစ်ဘက်တို့ ဆွေးနွေးကြမယ်လို့ ယူဆပါတယ်။

“ အခု ယူနန်ပြည်နယ်မှာက သူတို့ ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေတာကိုး။ ဟို ကိုးကန့်ကိစ္စကနေပြီး လူတွေသောင်းနဲ့ချီပြီး ၂သောင်းကျော် ၃သောင်းလောက် သူတို့နိုင်ငံထဲ ရောက်နေတာ၊ ခုထိ မပြန်နိုင်ကြသေးဘူးလေ။ တချို့လည်း ဆွေတွေမျိုးတွေ အိမ်မှာ ပြောင်းနေတယ်လို့တော့ ကြားတယ်။ သို့သော် အများစုကြီးကို တရုတ်အစိုးရကပဲ ထောက်ပံ့ထားရတာဖြစ်တော့ ဒါတွေ ပြန်ပို့ဖို့ ကိစ္စတွေဘာတွေ ဆွေးနွေးလိမ့်မယ် ထင်တယ်။ ယူနန်ပြည်နယ်က တာဝန်ခံပြီး လက်ခံထားရတာ ဖြစ်တာကိုး။”

ဒါ့အပြင် တရုတ်နိုင်ငံတွင်း လာမယ့် လတွေ အတွင်း ကျင်းပဖို့ ရှိနေတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ နဲ့ တရုတ်တို့ကြား ကျင်းပမယ့် ညီလာခံ အကြို ပြင်ဆင်မှုလည် ဖြစ်နိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ လူထုရဲ့ ဆန့်ကျင် ဆန္ဒပြမှုကြောင့် အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က ဆိုင်းငံ့ထားရတဲ့ ကချင်ပြည်နယ်က မြစ်ဆုံဆည်တွေ အရေး ဆွေးနွေးဖို့ ရှိ မရှိဆိုတာကို မြန်မာ အစိုးရဘက်က တိတိကျကျ မပြောပေမယ်လို့တရုတ်ဘက်က မြစ်ဆုံဆည် စီမံကိန်းကို လုံး၀ လက်လွှတ်လိုက်တဲ့ အနေအထား မရှိသေးဘူးလို့တော့ သုံးသပ်သူတို့က ပြောဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG