သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လွှမ်းမိုးမှု လှေ ျာ့ချနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယကူညီ


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ကြိုဆို
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ကြိုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီ ထုတ်ချေးပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်လိုက်ပါတယ်။ နှစ်နိုင် ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တရပ်ကိုလည်း စနေနေ့က ပထမဆုံးအကြိမ်အဖြစ် လက်မှတ်ရေးထိုးလိုက် ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို VOA သတင်းထောက် Anjana Pasricha က နယူးဒေလီမြို့တော်က ပေးပို့ထားတာကို၊ ကိုဉာဏ်ဝင်းအောင်က တင်ပြပါလိမ့်မယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်းပေါင်း ၄၅၀၀ ထုတ်ချေးသွားမယ့် အကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါတယ်။ ဒီအကူအညီ တွေပါနဲ့ဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်တာကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထောက်ပံ့ငွေဟာ ဒေါ်လာသန်း ၈ ထောင်ကျော်ရှိခဲ့ပါပြီ ”

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရှိတ်ဟာဆီနာ နယူးဒေလီမြို့ကို ရောက်ရှိနေစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi နရင်ဒရာမိုဒီက အခုလိုကြေညာ သွားတာဖြစ် ပါတယ်။ ဒါ့အပြင် နောက်ထပ် ဒေါ်လာသန်းပေါင်း ၅၀၀ တန်ဘိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ကို ရောင်းချသွားမယ်လို့ မစ္စတာမိုဒီက ကြေညာသွား ပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ် ရဲ့ယုံကြည်စိတ်ချရတဲ့ ဖွံ့ဖြိုးရေးမဟာမိတ်အဖြစ် အချိန်ကြာမြင့်စွာ တည်ရှိလာခဲ့ တယ်လို့လည်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ဆိုပါတယ်။

၇ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ အိန္ဒိယနိုင်ငံ လာရောက်တဲ့ ပထမဆုံးခရီးစဉ် အတွင်းမှာ ခေါင်းဆောင်၂ဦးတို့ဟာ နှစ်နိုင်ငံရင်းနှီးမှုကို ထပ်မံ အခိုင်အမာ အတည်ပြု ကြပြီး ဒီလို ရွှေရောင်လွှမ်းတဲ့ ဆက်ဆံရေးကြောင့် တောင်အာရှဒေသကို အကျိုးရှိစေ လိမ့်မယ်လို့လည်း မစ္စတာမိုဒီက ပြောကြား သွားပါတယ်။

အခု ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရပ်ဖက်သုံး နျူကလီးယားစွမ်းအင် အစီအစဉ် လုပ်ဆောင်ပေးရေး အပါအဝင် သဘောတူညီစာချုပ် ၂၂ ကို လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ၅ နှစ်တာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဟာ အဓိက ကျပြီး၊ ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်အပေါ် စစ်ရေးအရ မှီခိုနေမှုကို လျော့ကျသွားစေမယ်လို့ နယူးဒေလီမှာရှိတဲ့ လူအတော်များများက ရှုမြင်ကြပါတယ်။

သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာမှာ စိုးရိမ်တဲ့ အတွက် အိန္ဒိယအစိုးရဟာ သူ့အိမ်နီးချင်းတွေနဲ့ မဟာဗျူဟာ ဆက်ဆံရေး မြင့်မားလာစေဖို့ အတွက် မကြာသေးမီနှစ်တွေကစလို့ အစဉ်တစိုက် အားထုတ်နေ ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က တရုတ်ဆီကနေ ရေငုတ်သင်္ဘော ၂ စင်း ဝယ်ယူခဲ့ တဲ့အတွက် အိန္ဒိယရဲ့စိုးရိမ်မှုကို ပိုပြီးနက်ရှိုင်း သွားစေခဲ့ပါတယ်။

ဒါကြောင့် အခုသဘောတူညီမှုဟာ အိန္ဒိယအတွက် အောင်မြင်မှုတရပ်ဖြစ်တယ်လို့ နယူးဒေလီ ကာကွယ်ရေးလေ့လာမှုဌာနက တောင်အာရှရေးရာ ကျွမ်းကျင်သူ Sukh Deo Muni ကပြောပါတယ်။

“အိန္ဒိယနိုင်ငံရဲ့ အကဲဆတ်တဲ့နေရာ တဝိုက်မှာ တရုတ်က ကာကွယ်ရေး အခိုင်အမာ တည်ဆောက်လာတာကို အိန္ဒိယက မလိုလားပါဘူး။ ဒါ တကယ်ပဲ ဖြစ်ပါတယ်။”

အိန္ဒိယနဲ့ ချုပ်ဆိုတဲ့ ကာကွယ်ရေး သဘောတူစာချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အတိုက်အခံတွေက ရှုတ်ချကြပေမယ့်၊ ဒါကာမြို့တော်က ဘက်မလိုက်တဲ့ သုံးသပ်သူတွေ ကတော့ ဒီစာချုပ်ဟာ တရုတ်နဲ့ အိန္ဒိယကြား ချိန်ခွင်ညှာကို ထိန်းညှိရာမှာ အထောက် အကူ ဖြစ်စေလိမ့်မယ်လို့လည်း အကောင်းမြင်ကြပါတယ်။ Abdur Rashid ဟာ ဒါကာမြို့ ပဋိပက္ခ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးလေ့လာမှုဌာနက အမှုဆောင် ဒါရိုက်တာ ဖြစ်ပါတယ်။

“ အခုလောလောဆယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မှီခိုမှု ၈၀%က တရုတ်နိုင်ငံပေါ် မှီခိုနေ တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါကို ကျနော်တို့ လျှော့ချရမှာ ဖြစ်ပါတယ်။ အခုလို အိန္ဒိယနဲ့ချုပ်ဆိုလိုက်တဲ့ ကာကွယ်ရေးစာချုပ်ကြောင့် ကျနော်တို့နိုင်ငံပေါ် ကျရောက်မယ့် အန္တရာယ်ကို အမှန်တကယ်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ တဖက်မှာ အတားအဆီးတွေ ဖြစ်လာရင် အခြားတဖက်ကို ကျနော်တို့ မှီခိုင်နိုင်မှာ ဖြစ်ပါတယ်။”

အိန္ဒိယနိုင်ငံ ကလကတ္တားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Khulna ခူလ်နာမြို့ကြားက ရထားလမ်း သစ်နဲ့ ကလကတ္တားနဲ့ ဒါကာမြို့တော်ကြား ဘတ်စ်ကားလိုင်းသစ် တခုကိုလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အိန္ဒိယခရီးစဉ်အတွင်း စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ နောက်ထပ် ရထားလမ်းဟောင်း တခုကိုလည်း ပြန်လည် မွမ်းမံခဲ့ပါတယ်။ ဒီလို ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုမိုကောင်းမွန်လာခြင်းဟာ ဒေသတွင်း ဖွံ့ဖြိုးရေး အတွက် အလွန်အရေးပါတယ်လို့ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်ပေါင်းများစွာ တိုက်တွန်းလာခဲ့တဲ့ နှစ်နိုင်ငံကြား ရေခွဲဝေရေး အဓိက သဘောတူညီမှုကိုတော့ မဖေါ်ဆောင်နိုင် ခဲ့ပါဘူး။ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်ရဲ့ ကန့်ကွက်မှုကြောင့် မအောင်မြင် ခဲ့တာပါ။ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား Teesta မြစ်က စီးဆင်းနေတာ ဖြစ်ပါတယ်။ မြစ်ရေခွဲဝေရေး သဘောတူညီချက် ရနိုင်ဖို့ လုပ်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ်က အခိုင်အမာ ပြောဆို ခဲ့သလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကလည်း အကောင်းမြင်မျှော်လင့်ကြောင်း အခုလို ပြောကြား ခဲ့ပါတယ်။

“ ဒီပြသနာတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းတဲ့နေရာမှာ အိန္ဒိယနိုင်ငံရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။”


၉ လကြာ သွေးထွက်သံယို စစ်ပွဲတွေဖြစ်ပြီးနောက် ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရဖို့ အိန္ဒိယက ကူညီခဲ့တဲ့ ၁၉၇၁ ခုနှစ်ကစပြီး အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ပိုမိုနီးစပ်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG