သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအမျိုးသမီးများနေ့ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ကျင်းပ


မြန်မာအမျိုးသမီးတွေအနေနဲ့ အဓမ္မပြုကျင့်ခံရမှုနဲ့ အကြမ်းဖက်တွေ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်ပြီး ထိရောက်တဲ့ ဥပဒေရဲ့ အကာကွယ်ပေးမှု မရတာကြဟာ အမျိုးသမီးရေးဆောင်ရွက်မှုတွေမှာ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီကနေ့ မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ကို နိုင်ငံတကာမှာလိုပဲ မြန်မာအမျိုးသမီးတွေလည်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေကြတာပါ။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

"Be bold for Change- ပြောင်းလဲဖို့အတွက် ရဲရင့်စို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ မတ်လ ၈ရက်နေ့မှာ ကျ ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လှုပ်ရှားမှုတွေကို နေပြည်တော်၊ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီး တွေအပါအဝင် အခြားမြို့တွေမှာလည်း ကျင်းပကြပါတယ်။

အစိုးရသစ်လက်ထက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့မှာ နိုင်ငံတော်အဆင့် အခမ်းအနားတွေ အပါ အဝင် အမျိုးသမီးအရေး လှုပ်ရှားမှု ရက်သတ္တပတ်တွေ ပြုလုပ်လာတဲ့အပေါ် အားရပေမယ့် မြန်မာ အမျိုးသမီး တွေအနေနဲ့ လက်ရှိမှာ အဓမ္မပြုကျင့်ခံရမှုအပါအဝင် အကြမ်းဖက်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ ကြုံတွေ့နေကြရဆဲ ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အမျိုးသမီးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံကြရသလို ထိရောက်တဲ့ ဥပဒေရဲ့ အကာအကွယ်ပေးမှုလည်း မရတာကြောင့် အစိုးရတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုတွေအပေါ် အားမ ရတာမျိုးတွေလည်းရှိတယ်လို့ Triangle Women အဖွဲ့က မခင်လေးက ပြောပါတယ်။

“ကျမတို့ အမျိုးသမီးတွေကို ပတ်ဝန်းကျင်ကနေပြီးတော့ အကြမ်းဖက်မှုတွေလုပ်တဲ့ကိစ္စတွေကို ဥပဒေပိုင်းကပဲဖြစ်စေပေါ့ ပိုပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မှုမှာလည်း အားနည်းနေတာလည်း စိန်ခေါ်မှုလို့ ပြောလို့ရပါတယ်။ ကျမတို့အရပ်ဘက်အဖွဲ့အစည်းတွေ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မူကိစ္စတွေကို တာဝန်ရှိတဲ့သူတွေက ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ကို ကျမတို့ တိုက်တိုက်တွန်းတွန်းဆွေးနွေးတယ်။ ကျမတို့ ဥပဒေတွေ ဒီထက်ပိုကောင်းတဲ့ ဥပဒေတွေပြဌာန်းပေးဖို့ ဆွေးနွေးနေပေမယ့် သိပ်ပြီးတော့ တာဝန်ရှိတဲ့သူတွေဘက်က ဆောင်ရွက်ပေးတာ ကျမတို့ အားမရနိုင်သလိုဖြစ်ရပါတယ်။”

NLD အစိုးရလက်ထက်မှာ မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးကဏ္ဍမှာ ပါဝင်မှုဟာ ပြီးခဲ့တဲ့ အစိုးရလက် ထက်ကနဲ့ ယှဉ်ရင် များလာပေမယ့် အမျိုးသမီးတွေအနေနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ ပါဝင်မှုကတော့ နည်းနေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာမ ဒေါ်သန်းမြင့်အောင်ကတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့် စွမ်းရည်အပေါ် ယုံကြည်မှုရှိဖို့လိုတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးနဲ့ အမျိုးသားဆိုတာဟာ သူက ဇီဝဗေဒအရပဲ ၊ ခွဲခြားမှုရှိတာလေ။ အဓိကအရေးကြီးတာကတော့ စိတ်ဓါတ်တွေပါပဲ၊ အဲဒီမှာ ငါတို့ကတော့ အမျိုးသမီးဖြစ်လို့ အမျိုးသားများလောက် မစွမ်းဆောင်နိုင်ဘူးဆိုတဲ့စိတ်မျိုး၊ နောက်တခါကျတော့ မိန်းမသားမို့ အားငယ်တယ်ဆိုတာမျိုးပေါ့ အဲဒါမျိုးတွေ အမျိုးသမီးတွေလုံးဝမထားသင့်တဲ့ ကိစ္စပါ၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်စွမ်းအားရှိတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသမီးတွေ အ နေနဲ့ အခွင့်အရေးတောင်းဆိုရုံတင်မကဘဲ တာဝန်ယူမှုကိုပါ အခွင့်အရေးတရပ်အဖြစ်ရှုမြင်ကြဖို့ တိုက်တွန်းခဲ့ တာလည်းရှိပါတယ်။

မြန်မာအမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ လုပ်ငန်းခွင်တွေမှာပါ တာဝန်ယူမှုရှိကြပေမယ့် အမျိုး သမီးတွေအပေါ် ခွဲခြား ဆက်ဆံခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ အတွက်တော့ အာဏာရ အစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ အမျိုးသမီးအဖွဲ့ချုပ်- မြန်မာနိုင်ငံ (WLB) ရဲ့ အကြံပေးအဖွဲ့ဝင် မသင်းသင်းအောင်က ပြောပါတယ်။

“ကိုယ့်မိသားစုမှာ တာဝန်ယူမှုအပြည့်ရှိတဲ့ အမျိုးသမီးတွေဟာ ဒါပေမယ့် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ အလုပ်ခွင်မှာ အကြမ်းဖက်ခံရတာတွေ ၊ စော်ကားခံရတာတွေ၊ သူတို့မလုံခြုံမှု တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက်ကြောင့်လည်း လမ်းပေါ်မှာလည်း မလုံခြုံမှုတွေဖြစ်နေတယ်။ ဆိုတော့ အဲလိုမျိုးတွေကျတော့ အမျိုးသမီးတွေက ကိုယ့်ဟာကို တာဝန်ယူပြီးတော့လုပ်လို့မရဘူး။ ဆိုတော့ တာဝန်ယူမှုက ဘယ်ကလာသလဲဆိုတော့ ပြည်သူလူထုက အမျိုးသမီးတွေကိုယ်တိုင်က မဲပေးရွေးချယ်ထားတဲ့ အစိုးရတရပ်မှာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အစိုးရတရပ်က သင့်တော်တဲ့ ဥပဒေတွေကိုပြဌာန်းပြီးတော့မှ ဒီအမျိုးသမီးတွေကို အခွင့်အရေးပိုပြီးတော့ မြှင့်တင်ပေးဖို့ ၊ဒီအမျိုးသမီးတွေ အကြမ်းဖက်မှုခံရတဲ့ ဥပဒေတွေကိုလည်း ပြဌာန်းပေးပြီးတော့မှ တရားဥပဒေစိုးမိုးမှုရှိအောင် တကယ်အပြစ်ရှိတဲ့လူတွေကို ပြစ်ဒဏ်ကို ထိထိရောက်ရောက်ပေးအောင် ဒါတွေက အစိုးရတွေမှာ တာဝန်ရှိပါတယ်။”

အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့အတွက် အခုသီတင်းပတ်ထဲမှာ အမျိုးသမီးများ ရက်သတ္တပတ်အနေနဲ့ အစိုးရက သတ်မှတ်ပြီး အမျိုးသမီးအရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေသလို ၂၀၁၇ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ လှုပ်ရှားမှုတွေမှာ အမျိုးသားတချို့လည်း အမျိုးသမီးတွေကို စာနာ နားလည်တဲ့အနေနဲ့ ပါဝင်လှုပ်ရှားကြတာလည်း တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG