သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ အသတ်ခံရတဲ့ မွတ်ဆလင် ၃ ဦးရှိပြီ


မောင်တောဈေးတနေရာ
မောင်တောဈေးတနေရာ

အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ မူစလင်အမျိုးသား ၃ ဦး ဒီသတင်းပတ်အတွင်း ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ မွတ်ဆလင် နှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့သူလို့ သံသယရှိတဲ့သူတစ်ဦးကို အစိုးရက ဖမ်ဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တွေ့ရှိထားပြီး အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဒီသတင်းပတ်အတွင်းမှာ မောင်တောဒေသတွင်း မူစလင် ကျေးရွာ တစ်ချို့မှာ အစ္စလာမ်ဘာသာဝင် အမျိုးသား နှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် ဒီကနေ့မှာလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဝက်ကျိန်းကျေးရွာနဲ့ ဘဒကား ကျေးရွာကြားမှာရှိတဲ့ ပြုးမချောင်းဘေး မြေနုကျွန်းမှာ ဘင်္ဂါလီ တစ်ဦး သေဆုံးနေတာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အခုလို သတ်ဖြတ်မှုတွေကို အပူတပြင်း ရှာဖွေနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သေဆုံးခဲ့တဲ့ မူစလင် အမျိုးသား နှစ်ဦးကို သတ်ဖြတ်တယ်လို့ သံသယရှိတဲ့သူကို တွေ့ရှိထားပြီဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“ရှာဖွေဖော်ထုတ်မှုတွေလုပ်နေတယ် လောလောဆယ်တော့ အဲဒီ ကနဦးသတင်းအရတော့ အတည်မပြုနိုင်သေးတဲ့ သတင်းအရ မီဒီယာတွေကို ပြောတဲ့လူတွေကို ခေါင်းဖြတ်သတ်တယ်။ ဟိုနေ့က ကျေးရွာစာရေးကိုသတ်တယ်။ အဲဒီသတ်တဲ့လူတွေရဲ့ သတ်ဖြတ်တဲ့ လက်သည်က ဘယ်ကလည်းဆိုတော့ ကျနော်တို့ အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ လိုက်သွားတဲ့လူတွေအထဲက ၁ ယောက်ဆိုပြီးတော့ ကျနော်တို့ မြေပြင်သတင်းရတယ်ပေါ့နော်။ ဟာဘက်ဒူဟာ အဖွဲ့ထဲက တယောက် ၊ အဲဒီအဖွဲ့ထဲက တယောက်က ဘင်္ဂလားဒေ့ရှ်နဲ့ သွားတယ်။ သတင်းအရတော့ ဒါကတော့ ကျနော်တို့ ကနဦးသတင်းဖြစ်တဲ့အတွက် ကျနော်တို့ဆက်ပြီးစုံစမ်းနေတယ်။ အဲဒါကိုတော့ ကျနော်တို့ အပူတပြင်းလုပ်နေတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို သတင်းသွားရောက်ယူခဲ့တဲ့ သတင်းမီဒီယာသမား ၁၃ ယောက်ရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့တဲ့ မူစလင် အမျိုးသား တစ်ဦးက ခေါင်းဖြတ်အသတ်ခံခဲ့ရပြီး နောက် ၂ ရက်အကြာမှာ ကျေးရွာ အုပ်ချုပ်ရေး ရုံးစာရေး တစ်ဦး ထပ်မံ သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီကနေ့မှာလည်း ရွံ့တွေ ပေကျံနေတဲ့ မူစလင် အမျိုးသား တစ်ဦးကို ထပ်မံ တွေ့ရှိခဲ့တာပါ။ အခုလိုမျိုး သတ်ဖြတ်ခံခဲ့ရသူတွေဟာ စစ်တပ်နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အပြုသဘော လုပ်ဆောင်နေသူတွေကို ကြံစည်သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ ဦးဇော်ဌေးက ယူဆပါတယ်။

“အဲဒီတော့ ၃ ယောက်ရှိပြီပေါ့နော် ၊ အဲဒီ ၃ ယောက်ကလည်းဘာလဲဆိုတော့ တာဝန်ရှိသူတွေနဲ့ ပေါင်းပြီးတော့ အပြုသဘောဆောင်ရွက်နေတဲ့ လူတွေကိုရွေးပြီးတော့ သတ်တာဖြစ်တဲ့အတွက် ဒီဒေသမှာ အဲဒီမှာရှိတဲ့ လူမျိုးတွေပေါ့နော် ၊ အဲဒီလူမျိုးတွေကို အကြောက်တရားနဲ့ နောက်မီဒီယာတွေလာတဲ့အခါ အမှန်တရားတွေမပြောရဲအောင် အဲလိုမျိုးခြိမ်းခြောက်ပြီးတော့ သတ်ဖြတ်တဲ့ အကြမ်းဖက်လုပ်ရပ်ပေါ့နော် ဒီလိုပဲ ကျနော်တို့တွေ့တယ်။ ဒီအသတ်ခံရတဲ့ လူတွေသည် သူတို့ရဲ့ ဘာသာသူ၊ လူမျိုးတူပဲ။ သို့သော် ဒီလူတွေက သူတို့နဲ့ ဘာအပြစ်မှလုပ်ထားတာ မဟုတ်တဲ့အတွက် သူတို့အဖွဲ့အစည်းရဲ့ သတင်းတွေကို ပြောတယ်ဆိုတယ်ဆိုတဲ့ ယူဆချက်နဲ့ ခုနပြောတဲ့ ကျန်တဲ့လူတွေကိုပါ ပြစ်မှတ်ထားပြီးတော့ လုပ်တဲ့သဘောတွေ့ရတယ်။”

ဒါ့အပြင် ဒီသတ်ဖြတ်မှုတွေဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ နယ်ခြားစောင့်တပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေနဲ့ ပတ်သတ်နိုင်တယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလိုမျိုး ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်နေချိန်မှာပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတ ဦးထင်ကျော် ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာလည်း မနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က လုပ်ငန်းအစည်းအဝေးကျင်းပပြီး ဆွေးနွေးခဲ့ကြသလို မငြိမ်းချမ်းသေးတဲ့ ရခိုင်ပြည်နယ်ကိုလည်း မကြာမှီလည်း သွားရောက်လေ့လာဖို့ ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဒီသေဆုံးမှုတွေဟာ မူစလင် အချင်းချင်း သတ်ဖြတ်တာ ဖြစ်နိုင်တဲ့ အကြောင်း သူတို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကို အခြေခံပြီး ကော်မရှင် အဖွဲ့ဝင် တစ်ဦးလည်းဖြစ် ပြန်ကြားရေး ဝန်ကြီးဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ဦးအောင်ကြည်က အခုလို သုံးသပ်ပါတယ်။

“အဲဒီဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေမှာ ဟိုစောစောပိုင်း ၂ နှစ်လောက်ကတည်းက စပြီးတော့ ဒေသခံတွေထဲကနေပြီးတော့ သတင်းပေးလို့ ယူဆရတဲ့ ပုဂ္ဂိုလ်တွေ ၊ သတင်းပေးဆိုတာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အဆက်အစပ်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အသက်အန္တရာယ်ပြုတဲ့ ဖြစ်စဉ်တွေ တော်တော်များများ ရှိခဲ့တယ်လို့ ကျနော်တို့ ပထမအကြိမ်သွားပြီးတော့ စစ်ဆေးကတည်းက သိခဲ့ရပါတယ်။ ဒေသခံလူထုတွေကနေပြီးတော့ တင်ပြတဲ့အခါမှာ အဲဒီ အချက်တွေပါတယ်။ အဲဒီလိုပေါ့ သတင်းပေးနိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဒီလိုသတ်ဖြတ်တာ အချင်းချင်းသတ်ဖြတ်တာလေးတွေရှိတယ်။ ဆိုတဲ့သတင်းတွေသိရပါတယ်။ အခုလည်းပဲ အဲဒီလိုလုပ်နေတဲ့ လုပ်ငန်းစဉ်ရဲ့ အဆက်တခုဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်းမှာ ရှိတဲ့ နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက် သမားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ စစ်တပ်အာဏာပိုင် အဖွဲ့အစည်းတွေက အဲဒီ့ဒေသမှာ နယ်မြေရှင်းလင်းမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာပါ။ ဒါပေမဲ့လို့ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်လျှောက်လုံး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း အစိုးရ တာဝန်ရှိသူတွေကကော စစ်တပ်ကပါ အဲဒီ့ စွပ်စွဲမှုတွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။ ဒါပေမဲ့လို့ ပြည်တွင်း ပြည်ပ မီဒီယာ ၁၃ ဦး မောင်တောဒေသကို ရောက်ရှိခဲ့စဉ်က အမျိုးသမီးတွေအပေါ် စစ်သားတွေက အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ဖြေကြားခဲ့တဲ့ အမျိုးသမီးတစ်ချို့ဟာ အဖြစ်မှန်မဟုတ်ဘဲ ပြောဆိုခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG