သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Xi တွေ့ဆုံပွဲ မတိုင်မီ မြောက်ကိုရီးယား ဒုံးလက်နက် ပစ်လွှတ်


မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုအကြောင်းကို တောင်ကိုရီးယား ရုပ်သံမှာပြသခဲ့ (၂၀၁၇ မတ်လ)
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုအကြောင်းကို တောင်ကိုရီးယား ရုပ်သံမှာပြသခဲ့ (၂၀၁၇ မတ်လ)

အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ပိုင်ဆိုင်မှုအကြောင်း ဆွေးနွေးဖို့ ၄၈ နာရီအလိုမှာ မြောက်ကိုရီးယား က နောက်ထပ် ပဲ့ထိန်းဒုံးကျည်တစင်းကို ပစ်လွှတ်လိုက်ပါတယ်။ အဲဒီ ဒုန်းကျည်ကို ဗုဒ္ဓဟူးနေ့မနက်က အရှေ့ပိုင်း ပင်လယ်ကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၆၀ ခန့်အကွာအဝေး ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ပူးတွဲစစ်ဦးစီးချုပ်က Text message ပေးပို့ခဲ့ပါတယ်။

ဒုံးလက်နက် ပစ်လွှတ်မှုမှန်သမျှဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖေါက်ရာ ရောက်ပေမယ့် မြောက်ကိုရီးယားကတော့ ဒီတားမြစ်မှုဟာ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့နဲ့ အာကာသ စူးစမ်းလေ့လာရေးအတွက် နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိပါးရာရောက်တယ် ဆိုပြီး အာခံခဲ့ပါတယ်။

မြောက်ကိုရီးယားကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်က ဝင်ရောက်လုပ်ဆောင်ခြင်း မပြုဘူးဆိုရင် အမေရိကန်တနိုင်ငံထဲက ဆက်လက်လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတ Trump ကခြိမ်းခြောက်ခဲ့အပြီး ဗုဒ္ဓဟူးနေ့က အခုလို မြောက်ကိုရီးယားက ဒုံးလက်နက် ပစ်လွှတ်လိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာနဲ့ အမေရိကန်ရဲ့ ခပ်မာမာပြောဆိုမှုတွေ ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက တနင်္လာနေ့တုန်းက ပြစ်တင်ဝေဖန် လိုက်ပါတယ်။ အခုလို လက်လွတ်စပယ် လုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ်ကို စစ်နခမ်းဝ ရောက်စေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနပြောတဲ့အကြောင်း KCNA အစိုးရသတင်းဌာနက ဖေါ်ပြပါတယ်။

ဧပြီလ ပထမတ်အပတ်မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်နဲ့ တရုတ် ထိပ်သီးညီလာခံကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး မြောက်ကိုရီးယားက နျူကလီးယား လက်နက် ဖေါက် ခွဲနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက မတ်လနှောင်းပိုင်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက အခုလို တာလတ်ပစ် ဒုံးလက်နက် ဗုဒ္ဓဟူးနေ့က ပစ်လွှတ်လိုက်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကြေညာချက် ထုတ်ပြန်ရာမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ပြောသင့်ပြောထိုက်တာ ပြောခဲ့ပြီးဖြစ်လို့ နောက်ထပ် ဘာမှ ပြောစရာ မရှိကြောင်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG