သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TPP က အမေရိကန်နုတ်ထွက်ဖို့ Trump အမိန့်ထုတ်


အမေရိကန်သမ္မတ Donald Trump ကသမ္မတလုပ်ပိုင်ခွင့်အာဏာအရ TPP ထဲကနေ နှုတ်ထွက်ဖို့ လက်မှတ်ရေးထိုး
အမေရိကန်သမ္မတ Donald Trump ကသမ္မတလုပ်ပိုင်ခွင့်အာဏာအရ TPP ထဲကနေ နှုတ်ထွက်ဖို့ လက်မှတ်ရေးထိုး

Pacific ရပ်ဝန်းနိုင်ငံများကုန်သွယ်ရေးသဘောတူညီချက် TPP ထဲကနေ နုတ်ထွက်ဖို့အမေရိကန်သမ္မတ Donald Trump ကသမ္မတလုပ်ပိုင်ခွင့်အာဏာနဲ့ တနင်္လာနေ့က ညွှန်ကြားလိုက်ပါတယ်။ အမေရိကန်ဟာ မဟာမိတ်နိုင်ငံတွေနဲ့ ၂ နိုင်ငံချင်းအပြန်အလှန်ကုန်သွယ်မယ့် စာမျက်နှာသစ် ဖွင့်လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောကြားပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပါဝင်တဲ့ TPP ကုန်သွယ်ရေးသဘောတူညီချက်ကနေ အမေရိကန်ထွက်သွားတဲ့အတွက် ဒေသတွင်း ကုန်သွယ်ရေးကို ဘယ်လို သက်ရောက်မှုဖြစ်လာနိုင်သလဲဆိုတာကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အမေရိကန်ကိုဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကိုပဲချသွားမယ်လို့ပြောကြားပြီးသမ္မတတာဝန်ယူခဲ့တဲ့ သမ္မတသစ် Donald Trump က အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၂ သဘောတူထားတဲ့ Pacific ရပ်ဝန်းနိုင်ငံများကုန်သွယ်ရေးသဘောတူညီချက် TPP ကနေနုတ်ထွက်ဖို့ တနင်္လာနေ့မှာ သမ္မတလုပ်ပိုင်ခွင့်အာဏာနဲ့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၄၀% လောက်ရှိနေတဲ့ TPP သဘောတူညီချက်က စုစုပေါင်း လူဦးရေ သန်း ၈၀၀ နဲ့သက်ဆိုင်နေပါတယ်။ နိုင်ငံအများအပြားပါဝင်တဲ့ သဘောတူညီမှုက အမေရိကန်ပြည်ထောင်စုအတွက် အကျိုးမရှိတဲ့အတွက်၊ အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေ အလုပ်သမားတွေအတွက် အကျိုးရှိစေမယ့် ကုန်သွယ်ရေးမူဝါဒတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။ TPP သဘောတူညီချက်ထဲကနေ နှုတ်ထွက်လိုက်တာဟာ အမေရိကန်ကုန်သွယ်ရေးမူဝါဒသစ်စတင်တဲ့ ထူးခြားမှုအဖြစ် မှတ်ယူသင့်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကသတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားသွားပါတယ်။

“သမ္မတလုပ်ပိုင်ခွင့်နဲ့ အမေရိကန်ကုန်သွယ်ရေးမူဝါဒ ကဏ္ဍသစ်ကိုဖွင့်လိုက်တာဖြစ်တယ်။ Trump အစိုးရအနေနဲ့ ကမ္ဘာတဝန်းက မဟာမိတ်နိုင်ငံတွေနဲ့ ၂ နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးအခွင့်အလမ်းတွေရအောင် လုပ်သွားမှာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ကုန်သွယ်ရေး လွတ်လပ် မျှတအောင် Trump အစိုးရက လုပ်သွားမယ်ဆိုတာကို ပြတ်ပြတ်သားသား ပြသလိုက်တာလည်းဖြစ်ပါတယ်။”

ဒါဟာအမေရိကန်အလုပ်သမားတွေအရေးကို ရှေ့တန်းတင်တဲ့ ဆောင်ရွက်မှုဖြစ်သလို၊ ၂ နိုင်ငံ အပြန်အလှန်သဘောတူညီချက်တွေက အမေရိကန်အတွက် တကယ်အကျိုးရှိစေရမယ်ဆိုတာ ကမ္ဘာကသဘောပေါက်အောင် လုပ်တာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကပြောသွားခဲ့ပါတယ်။ TPP သဘောတူညီချက်ထဲမှာ စင်္ကာပူ၊ မလေးရှား၊ Vietnam၊ Brunei စတဲ့အာဆီယံနိုင်ငံတွေ ပါဝင်ပါတယ်။ အခု TPP ထဲကနေ အမေရိကန်နှုတ်ထွက်လိုက်တဲ့အတွက် အနစ်နာဆုံးက Vietnam နိုင်ငံဖြစ်နိုင်တယ်လို့ အမေရိကန် အာဆီယံစီးပွားရေးကောင်စီက တွဲဘက်မန်နေဂျာ ကိုလှဘုန်းမြင့်က သုံးသပ်ပါတယ်။

“စီးပွားရေး ကဏ္ဍဘက်က ကြည့်ပြီးပြောမယ်ဆိုရင်တော့ ထိခိုက်မှုရှိတဲ့ နိုင်ငံတွေထဲမှာ အပါဆုံးကတော့ Brunei ၊ စင်္ကာပူ နဲ့ Vietnam ပေါ့နော် ဒါတွေက TPPထဲကနေ အထူးသဖြင့် Vietnamက ဒီကနေ များစွာအကျိုးသက်ရောက်မှု အထူးသဖြင့် သူတို့ရဲ့ အထည်ချုပ် လုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ ရဖို့ရှိတယ်။ အဲဒါက ပယ်ပျက်သွားတယ်ပေါ့နော်။ ဒါပေမယ့် အဲဒါတခုကိုကြည့်ခြင်းအားဖြင့် အာဆီယံ စီးပွားရေး ဆက်စပ်ကုန်သွယ်မှုမှာ ထိခိုက်မှုများစွာရှိသွားမယ်လို့တော့ ကျနော်တို့ ပြောလို့မရဘူး ခင်ဗျ ဘာဖြစ်လို့လဲဆိုတော့ တခြားသော Regional partnership တွေ အာဆီယံ Economic community ဆိုရင်လည်း ဒါက အာဆီယံ ၁၀ နိုင်ငံစလုံး အတူတူတွဲပြီးတော့ သဘောတူညီမှုလုပ်ထားတဲ့ Agreement ရှိတယ် နောက်တခုက ပိုပြီးတောင်မှအရေးကြီးတာက ဘာလဲဆိုတော့ RCEP ပေါ့ အခုကျနော်တို့ ဆွေးနွေးတိုင်ပင်နေစဲဖြစ်တဲ့ Regional Comprehensive Economic partnership လို့ခေါ်တဲ့ RCEP က အာဆီယံ ၁၀ နိုင်ငံ လုံးတင်မဟုတ်ပဲနဲ့ တခြားသော ၆ နိုင်ငံပေါ့နော် တရုတ် ဂျပန် တောင်ကိုးရီးယား၊ India၊ Australia နဲ့ နယူးဇီလန် တို့နဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့အတူတူ တွဲပြီးချုပ်မယ် ကုန်သွယ်မှု စာချွန်လွှာပေါ့နော်၊ အဲဒါက ပိုပြီးတော့ အလေးပေး ၊ မြန်မြန်ဆန်ဆန်နဲ့ အတည်ပြုသွားမယ်လို့ ကျနော်တို့ ယူဆပါတယ်။”

RCEP ကုန်သွယ်ရေးသဘောတူညီမှုကြီးကို ရခဲ့မယ်ဆိုရင် ဒါဟာ ကမ္ဘာ့မှာအကြီးမားဆုံး ကုန်သွယ်ရေးသဘောတူညီမှုကြီးတခုဖြစ်မှာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် လူဦးရေစုစုပေါင်း ၃.၄ ဘီလျံကို လွှမ်းခြုံသက်ရောက်စေမှာဖြစ်တယ်လို့ သူကပြောပါတယ်။ အမေရိကန်နှုတ်ထွက်သွားတဲ့ TPP သဘောတူညီချက်ထဲမှာ မြန်မာနိုင်ငံမပါဝင်ပေမယ့် မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေပါဝင်နေတဲ့အတွက် မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လိုထိခိုက်မှု ရှိနိုင်ပါသလဲ။

“အာဆီယံရဲ့ ဘယ်နိုင်ငံကိုပဲ စီးပွားရေးအရ ထိခိုက်မှုရှိရှိ မြန်မာနိုင်ငံကတော့ တနည်းအားဖြင့် သွယ်ဝိုက်ပြီးတော့ ထိရောက်မှုကရှိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံ Economic community ရဲ့ အောင်မြင်မှုက မြန်မာနိုင်ငံရဲ့ အောင်မြင်မှုပဲလေ။ အဲလိုပဲ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုကလည်း အာဆီယံတလျှောက် ကျနော်တို့ ဒီ Partner ဖြစ်တဲ့ ၁၀ နိုင်ငံလုံးရဲ့ အောင်မြင်မှု ပဲ ပေါ့နော် ဒါယေဘုယျ အားဖြင့် ပြောတာပါ။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ၂ ခုကြားမှာ Trade and Investment Framework Agreement ဆိုတဲ့ TIFA က သမ္မတဦးသိန်းစိန် ဒီကို ၂၀၁၂ လာကတည်းက ရေးထိုးပြီးသားဖြစ်တယ်။ နောက်ပြီးတော့ အခု သမ္မတ အိုဘားမား တာဝန်ကုန်ဆုံးခါနီးမှာ ပယ်ဖျက်လိုက်တဲ့ sanction ကိစ္စတွေက အကုန်လုံး ခြုံပြီးတော့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ၂ ခုကြားမှာ စီးပွားရေး ဆက်ဆံမှုက များစွာလျော့သွားဖို့ဆိုတဲ့ အလားအလာ မရှိသွားဘူးလို့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်။”

အမေရိကန်အာဆီယံစီးပွားရေးကောင်စီ တွဲဘက်မန်နေဂျာ ကိုလှဘုန်းမြင့်ဖြစ်ပါတယ်။ Trump အစိုးရသစ်ဟာ မြောက်အမေရိကနိုင်ငံများကြားရရှိထားတဲ့ NAFTA သဘောတူညီချက်ထဲက အချက်အလက်တွေကိုလည်း ပြန်လည် သုံးသပ်ပြင်ဆင်သွားမယ်လို့ ပြောကြားထားပါတယ်။ အစိုးရသစ်ဆောင်ရွက်မယ့် ကုန်သွယ်ရေးဆိုင်ရာကိစ္စ အပြည့်အစုံကို မသိရသေးပေမဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နိုင်ငံထဲမှာ လည်ပါတ်လုပ်ကိုင်တဲ့နေရာမှာ အခွန်လျှော့ပေါ့တာအပါအဝင် လွယ်ကူအောင် ဆောင်ရွက်ပေးသွားမယ်ဆိုတာကိုတော့ သမ္မတ Trump ကအမေရိကန်စီးပွားရေးလုပ်ငန်းတွေက အရာရှိကြီးတွေနဲ့ အိမ်ဖြူတော်မှာ တနင်္လာနေ့က တေ့ွဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံပြင်ပမှာ စက်ရုံတွေသွားဖွင့်ပြီး နိုင်ငံတွင်းပြန်သွင်းလာမယ့် ကုန်ပစ္စည်းတွေအပေါ် ကြီးလေးတဲ့ အခွန်တွေကောက်ခံသွားမယ်လို့ Trump ကထပ်ပြီးပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG