သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဦးကိုနီအမှု ကွင်းဆက်တရားခံများ မမိမှာ NLD နာယက စိုးရိမ်


ဦးကိုနီ ဈာပန။ ဇန်နဝါရီ ၃၀၊ ၂၀၁၇။
ဦးကိုနီ ဈာပန။ ဇန်နဝါရီ ၃၀၊ ၂၀၁၇။

လုပ်ကြံခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အမှုအတွက် ဆက်စပ်တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်က တောင်းဆိုလိုက်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ဦးကိုနီကိုလုပ်ကြံကြတဲ့ နောက်ကွယ်က ဆက်စပ်တရားခံတွေ လွတ်မြောက် သွားမှာကို စိုးရိမ်မိတယ်လို့ NLD ပါတီနာယက ဦးတင်ဦးကလည်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံရတဲ့ ဦးကိုနီအတွက် ဝမ်းနည်းဂုဏ်ပြုတဲ့ အခမ်းအနားတခုကို မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်က ဖေဖော်ဝါရီ ၁၉ ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ဆက်စပ်တရားခံ တွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တောင်းဆိုကြောင်း အဲဒီကွန်ယက်မှာ ဦးဆောင်ပါဝင်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ဦးကိုနီအမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်သူက ဘာကြောင့် သတ်ခိုင်းတာလဲ၊ ဘယ်သူက သိန်းထောင်ချီ ပိုက်ဆံတွေကို ထုတ်ပေးတာလဲ၊ နောက်တချက်က ဒီကိစ္စဟာ တပ်မတော်အဆင့်မြင့် အရာရှိကြီးဟောင်း တဦး ပါဝင်နေတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်မှာစိုးတဲ့အတွက် အမြန်ဆုံးဖော်ထုတ်ပေးဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သတင်းထုတ်ပြန်မှုလည်း အားနည်းနေသလို အရေးယူဆောင်ရွက်မှုအပိုင်းမှာလည်း နှေးကွေးတယ်လို့ ယူဆတဲ့အတွက် ဒါကို မြန်ဆန်စေချင်လို့ပါ။ နောက်ဒါက အကြမ်းဖက်မှုဖြစ်တယ်၊ ၂၀၁၄ က ပြဌာန်းထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်၊ အဲဒီအတိုင်းဖော်ထုတ်မယ်ဆိုရင် ငွေကြေးထောက်ပံ့တဲ့သူတွေပါ အကုန်လုံးကို တစမကျန်ဆွဲထုတ်ရမှာ။ ”

ဒီကနေ့ အခမ်းအနားကို NLD ပါတီ ဥပဒေအကြံပြုအဖွဲ့ ဦးဆောင်သူလည်းဖြစ် NLD ပါတီနာယကလည်းဖြစ်တဲ့ ဦးတင်ဦး တက်ရောက်ခဲ့ပြီး အချိန်တွေ ကြာလာတာနဲ့အမျှ ဦးကိုနီကိုလုပ်ကြံတဲ့ နောက်ကွယ်က ဆက်စပ်တရားခံတွေ လွတ်မြောက်သွားမှာကို စိုးရိမ်မိတာကြောင့် ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ NLD ပါတီက လိုလားကြောင်း ဦးတင်ဦးက ပြောပါတယ်။

“ဒီကိစ္စက ရှင်းပါတယ်၊ ဒါဟာနိုင်ငံတကာ လေဆိပ်ကြီးထဲမှာ လက်ရဖမ်းမိပြီး ဖြစ်သော်လည်း ၊ ထုတ်ဖော်ချက်တွေ ကျနော်တို့ ကွင်းဆက်ရတဲ့ဟာကို ထိထိရောက်ရောက်မရနိုင်တာတွေနဲ့ နောက်ပြီးတော့ ရတဲ့တယောက် ပြောတဲ့အချက်အလက်ပေါ်မူတည်ပြီးတော့ ပြောရင်း ကျန်တဲ့ပုဂ္ဂိုလ်တွေထဲက လွှတ်မြောက်သွားတာတွေ ၊ ဆက်လက်ရှာဖွေလို့မရသေးဘူးဆိုတာတွေ အဲဒီအပေါ်မှာ အမှုက ကြာသွားရင် ဒီလေးနက်မှုဟာ လျော့သွားမယ့်ဟာမျိုး ၊ အားနည်းချက်ဖြစ်သွားမှာ မဖြစ်ထိုက်ဘူးဆိုတာမျိုးအပေါ်မှာမှုတည်ပြီးတော့ ဝိုင်းဝန်းပြီးတော့ ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ဖမ်းဆီးရမိအောင်ဆောင်ရွက်ရမယ့် ကိစ္စမှာ လေးလေးနက်နက်နဲ့ ဒါကို မြန်မြန်ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့အတွက်ကိုတော့ တိုက်တွန်းကြတယ်။”

ဒီအမှုကို အင်းစိန်ထောင်တွင်းမှာ အထူးခုံရုံးဖွဲ့ စစ်ဆေးဖို့လိုတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

“ဒီအမှုကို စစ်ဆေးမယ်ဆိုရင်တော့ ဂဠုန်ဦးစော အမှုကို စစ်ဆေးသလို၊ လမ်းမှာ ဖြတ်ပြီးတော့ လုတာမျိုးမဖြစ်ရအောင် ၊ ပေါက်ထွက်တာမျိုးတွေမဖြစ်ရအောင် အင်းစိန်ထောင်ထဲမှာရှိတဲ့ အဆောင်တခုခုမှာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က တရားသူကြီးတွေ ပါတဲ့ ခုံအဖွဲ့ထိုင်ပြီးတော့ အမြန်ဆုံးစစ်ဆေးပေးဖို့ ကျနော်တို့ လိုလားတာဖြစ်ပါတယ်။”

ဒီနေ့ အခမ်းအနားကို ရှေ့နေအသင်းအဖွဲ့တွေက ရှေ့နေတွေရော ဦးကိုနီရဲ့ မိသားစုဝင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG