သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံ


ကုလအထူးကိုယ်စားလှယ် လူ့အခွင့်အရေးကော်မရှင် နဲ့တွေ့ဆုံ။ ( ဇန်နဝါရီ ၁၃၊ ၂၀၁၇)
ကုလအထူးကိုယ်စားလှယ် လူ့အခွင့်အရေးကော်မရှင် နဲ့တွေ့ဆုံ။ ( ဇန်နဝါရီ ၁၃၊ ၂၀၁၇)

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာတော့ မြန်မာ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံခဲ့သလို အင်းစိန်ထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ခရီးဆက်ဖို့ ရှိပါတယ်။ ကုလ အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်လေ့လာတဲ့ အချိန်ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေသလို ရခိုင်ပြည်နယ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပေမယ့်လို့ သူရေးမယ့်အစီရင်ခံစာမှာ မြေပြင်အနေအထားကို ပကတိအတိုင်း မှန်မှန်ကန်ကန် ရေးသားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတဲ့အကြောင်း မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေကို ၅ ကြိမ်မြောက် လာရောက်လေ့လာတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံပြီး ကော်မရှင်အဖွဲ့ ရဲ့လုပ်ဆောင်နေတဲ့ အကြောင်းတွေကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်ကိုလည်း သွားရောက်လေ့လာခဲ့သလို ရခိုင်ပြည်နယ်ကိုလည်း ညနေပိုင်းမှာ သွားရောက်ခဲ့တာပါ။

Ms. Yanghee Lee အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ မောင်တော ဘူးသီးတောင်တို့အပါအဝင် စစ်တွေနဲ့ ရသေ့တောင်တို့ကိုလည်း သွားရောက်ဖို့ရှိပါတယ်။ သူ့အနေနဲ့ ရခိုင်ပြည်မြောက်ပိုင်းကို သွားလေ့လာတဲ့အခါမှာ အစိုးရ လုံခြုံရေး အစီအစဉ်နဲ့ သွားရောက်ရမှာ ဖြစ်တာကြောင့် အဲဒီ့မှာ နှစ်ဘက် အသိုင်းအဝိုင်းနဲ့ တွေ့ဆုံတဲ့ အခါမှာ လွတ်လွတ်လပ်လပ်တွေ့ဆုံ မေးမြန်းပြောဆိုခွင့် ရပါ့မလားဆိုတဲ့ ဗွီအိုအေရဲ့ အမေးကိုတော့ Ms.Yanghee Lee က

"ကျမရဲ့ဒီတစ်ခေါက်ခရီးစဉ် လေ့လာ ပြီးစီးတဲ့အချိန်ထိတော့ စောင့်ကြည့်ဖို့လိုပါတယ်လို့ကော်မရှင်နဲ့ တွေ့ဆုံအပြီး သူက ပြောဆိုခဲ့တာပါ။

Ms.Yanghee Lee နဲ့ တွေ့ဆုံစဉ် အတွင်း ရခိုင်ပြည်နယ် ပဋိပက္ခ၊ တိုင်းရင်းသားဒေသတွေက အကြောင်းအရာတွေအပါအဝင် အလုပ်စခန်း အကျဉ်းထောင်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ တင်ပြဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဦးဝင်းမရက ပြောပါတယ်။

" ပထမဆုံးကတော့ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး တဲ့အခါမှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို မေးမြန်းပါတယ်။ သူကတော့ လူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်တဲ့ကော်မရှင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကေ်ာမရှင်အနေနဲ့လည်း ဒါ သီးခြား စုံစမ်းစစ်ဆေးပြီးတော့ အကြံပြုချက်သီးခြားတင်ပြသင့်တယ်လို့ သူက အကြံပြုပါတယ်။ ဒီကချင်တို့ တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ပြသနာလေးတွေကိုလည်း ကျနော်တို့ လူ့အခွင့်အရေးကေ်ာမရှင်က မဆောင်ရွက်ဘူးလား ဆိုတဲ့ မေးခွန်းမျိုး မေးတဲ့ အတွက်ကြောင့် ကျနော်တို့အနေနဲ့ တတ်အားသရွေ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတယ်။ လုပ်နေတဲ့ဆိုတဲ့အကြောင်းလေးတွေကို ကျနော်တို့ ပြောကြားပါတယ်။

နောက်တခုက သူတို့ မွန်ပြည်နယ်မှာ Labor Camp တခုကို သွားပြီးတော့ စစ်ဆေးခဲ့တယ်။ အဲ့ဒီ့မှာ အကျဉ်းသားတွေကို ချိန်းကြိုးနဲ့ ခတ်ထားတာ တွေ့တဲ့ အတွက်ကြောင့် ဒါမျိုးကတော့ မလုပ်သင့်ဘူးဆိုတဲ့အကြောင်း ပြောပါတယ်။ ကျနော်တို့ Labor Camps တွေကို သွားရောက်စစ်ဆေးတာ ရှိမရှိဆိုတာလေးလည်း မေးမြန်းပါတယ်။"

ကုလ အထူးကိုယ်စားလှယ် ဒီတစ်ခေါက် လာရောက်တဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတစ်ချို့မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ရခိုင်ပြည်နယ် ဘက်မှာလည်း လူ့အခွင့်အရေး ချို့းဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပေမယ့်လို့ သူ့အနေနဲ့ မြေပြင်အခြေအနေ အမှန်ကို အစီရင်ခံစာမှာ ရေးသား တင်ပြနိုင်လိမ့်လို့ ယူဆတဲ့အကြောင်း ဦးဝင်းမရက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်အနေနဲ့ကတော့ သူတင်ပြမယ့်ယူဆချက်ကိုတော့ ဘာမှ ပြောဆိုလို့မရဘူး။ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် အစီရင်ခံစာတင်သွင်းသူတယောက်အနေနဲ့ တင်ပြမှာကိုး။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ဒီမှာဖြစ်ပေါ်နေတဲ့ ပကတိ အနေအထားလေးတွေ ကိုတော့ မှန်မှန်ကန်ကန်ဖော်ပြနိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ တဖက်ကနေပြီးတော့ သူ့ရဲ့ရှု့ထောင်သပ်သပ်နဲ့ မြင်သွားတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီမှာ လက်မခံနိုင်တဲ့ အနေအထားမျိုးဖြစ်တဲ့အခါ ဒါ အငြင်းပွားတာမျိုး ဖြစ်ရင် ကျနော်တို့ ဘယ်လိုနည်းနဲ့မှ ထိရောက်နိုင်မှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပြသနာတခုကို ပြေလည်အောင် လုပ်တယ်ဆိုတာ နှစ်ဘက်ညှိနှိုင်းကြရတာပေါ့။ နှစ်ဘက်အမြင်ပေါ့ ဒါတွေကို ညှိနှိုင်းပြီးတော့ လုပ်မှသာလျှင် ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ သူ့ရဲ့ အစီရင်ခံစာတွေမှာတော့ ဒီမှာဖြစ်နေတဲ့ ဒေသအခြေအနေ အမှန်တွေကို တင်ပြနိုင်မယ်လို့ ကျနော်တော့ အဲ့လို မျှော်လင့်ပါတယ်။"

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee ဟာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာပြီးတဲ့နောက် ဒီလ ၁၈ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အဆင့် ရခိုင်ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌဖြစ်တဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့လည်း တွေ့ဆုံဖို့ ရှိတာပါ။ အဲဒီ့မတိုင်ခင်မှာလည်း အရပ်ဖက် လူ့အဖွဲ့အစည်းတွေ မြန်မာစာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ဒီလ ၂၀ ရက်နေ့ကျရင်တော့ သူ့ရဲ့ဒီတစ်ခေါက် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်။ Ms.Yanghee Lee ဟာမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာတွေကို စုံစမ်းစစ်ဆေးပြီးရင်တော့ မတ်လမှာ ကျင်းပယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG