သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံ တက်ရောက်ဖို့ UNFC အဖွဲ့ဝင်တချို့ ဖိတ်ကြားခံရ


၂၁ရာစုပင်လုံ
၂၁ရာစုပင်လုံ

NCA ခေါ်အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တချို့ဆီကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ် တက်ရောက်ဖို့အတွက် ဖိတ်ကြားစာတွေ ရောက်ရှိနေပြီဖြစ် ပါတယ်။ ညီလာခံမတိုင်မီက NCA လက်မှတ်ရေးထိုးဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ UNFC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေဟာ လာမယ့်ရက်ပိုင်းမှာ အစည်းအဝေးပြန်လည်ကျင်းပပြီး ဆုံးဖြတ်မယ့် အခြေအနေရှိနေပါတယ်။ ၂၁ရာစုပင်လုံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာမယ့်အခြေအနေနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ကျင်းပဖို့ ၄ရက်သာအလိုမှာ ညီလာခံတက်ရောက်ဖို့အတွက် ဖိတ်ကြားတာတွေ စတင်လာခဲ့ပြီး NCA ခေါ် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ UNFC အဖွဲ့ ဝင်တချို့ကတော့ ဖိတ်ကြားစာလက်ခံရရှိကြောင်း ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPက ဖိတ်ကြားစာကို ဒီကနေ့ မနက်ရရှိကြောင်း အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က အခုလို ပြောပါတယ်။

" ဖိတ်စာက ကျနော်တို့ဆီ အခုပဲရပါတယ်။ ခုနလေးကပဲ ရောက်ပါတယ်။ သူတို့ အထူး ဖိတ်ကြားတယ် ဆိုတဲ့ Title မျိုးနဲ့ဖိတ်ပါတယ်။"

ညီလာခံ တက်မတက်ကိုတော့ လာမယ့် UNFC အစည်းအဝေးမှာ ပူးပေါင်း ဆုံးဖြတ် သွားမယ် လို့လည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။

"ကျနော်တို့ကတော့ တပ်ပေါင်းစုရဲ့အဖွဲ့ဝင်ဖြစ်တယ်ပေါ့ UNFC တပ်ပေါင်းစုရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပြီးတော့ ကျနော်တို့ဆုံးဖြတ်မယ်။ UNFC အစည်းအဝေးကလည်း မနက်ဖြန်မှာ ခေါ်ဖို့ရှိပါတယ်။ ဆိုတော့ အဲ့ဒီ့အစည်းအဝေးရဲ့ သဘောထားပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်မှာဖြစ်ပါတယ်။"

UNFC အဖွဲ့ဝင်ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ LDU ကတော့ ညီလာခံဖွင့်ပွဲနဲ့ ညစာစားပွဲ တက်ရောက်ဖို့ ဖိတ်ကြားစာကို ရရှိကြောင်း အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးဆော်လမွန်က ပြောပါတယ်။

" ၂၄ရက်နေ့ ဒုတိယအကြိမ်ပင်လုံညီလာခံ လုပ်မှာပေါ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ်။ ညနေပိုင်းမှာ ညစာစားပွဲရှိတယ်တဲ့။ အဓိကကတော့ ကျနော်တို့ အစည်းအဝေးရှိတယ်။ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချမယ်။"

မွန်ပြည်သစ်ပါတီ NMSP ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။ UNFC အဖွဲ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်ပြီး လောလောဆယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ဝအမျိုးသားအဖွဲ့ချုပ် WNO တို့ နုတ်ထွက်စာ တင်ထားတာဖြစ်ပါတယ်။ လောလောဆည်မှာ ကျန်အဖွဲ့ ၅ဖွဲ့က NCA လမ်းကြောင်း အတိုင်းသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ UNFC အဖွဲ့ဝင်တွေအနေနဲ့ NCAလမ်းကြောင်းအတိုင်း သွားမယ်ဆိုတဲ့ ကတိကဝတ်ကို လက်မှတ်ရေးထိုးရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဘက်က တင်ပြတာကို KNPP ဗဟိုကော်မတီက လက်မှတ်မထိုးဖို့ ဆုံးဖြတ် ထားကြောင်းလည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

UNFC ရဲ့ ဒုဥက္ကဌ နိုင်ဟံသာကတော့ ညီလာခံမှာ လေ့လာသူ ဒါမှ မဟုတ် အထူးဧည့်သည် အဖြစ် ဖိတ်ကြားပြီး ဆွေးနွေးခွင့်မရှိရင် တက်ရောက်မှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

NCA လမ်းကြောင်း ပြင်ပကနေ အစိုးရနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ UWSA ခေါ် ဝတပ်ဖွဲ့ ဦးဆောင်တဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့ကတော့ သူတို့၇ဖွဲ့ပါဝင်တဲ့ ကော်မတီအနေနဲ့ ဖိတ်ကြားရင် ၂၁ရာစုပင်လုံကို တက်ရောက်ဖို့ အသင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

TNLA ခေါ် ပလောင်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့ အဖွဲ့ကို သီးသန့် ဖိတ်ကြားတာ မရှိသေးကြောင်း အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

" ကျနော်တို့ဆီမှာတော့ မရှိသေးဘူး။ ဒီဝဘက်တော့ ရောက်မလား။ မရောက်မလားတော့ မသိဘူး။"

UWSA ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလ ၂၄ရက်နေ့ကနေ ၂၈ရက်နေ့အထိကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ကိုယ်စားလှယ်စုစုပေါင်း ၉၀၀လောက်ဖိတ်ကြားထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG