သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA မူလ လမ်းကြောင်းအတိုင်း UNFC ဆက်ရပ်တည်မည်


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် NCA အရ အစိုးရနဲ့ နိုင်ငံရေး ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူလိုက်ကြပါပြီ။ ဧပြီလ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အထိ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးမှာ အဲဒီလို သဘောတူလိုက်ကြတာပါ။ ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ UNFC ကနေ နှုတ်ထွက်မှာမဟုတ်ဘူးလို့လဲ အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

UNFC အနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်သွားမလားဆိုတဲ့ အပေါ် မေးခွန်းတွေထွက်ထားချိန်မှာ အဲဒီအတိုင်း ဆက်သွားမယ်ဆိုတာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးမှာ သဘော တူလိုက်တဲ့အကြောင်း UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက ချင်းမိုင်မြို့မှာ သတင်းထောက်တွေကိုပြောပါတယ်။

“UNFC ရဲ့တလျောက်လုံးဆွေးနွေးလာတဲ့ NCA လမ်းကြောင်း အတိုင်းဆက်လျောက် သွားဖို့ တော်တော်တော့ နားလည်မှုတော့ရပါတယ်။ ဆက်လက်ဆွေးနွေးသွားဖို့ ဆိုတာကတော့ ရှမ်းတို့၊ ကချင်တို့ ကလည်း ဒီလမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေး သွားဖို့ဆိုတာကို သူတို့လက်ခံတယ်။”

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကြား ဆွေးနွေးခဲ့တဲ့ အချက် ၉ ချက်နဲ့ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ချင်းဆီက သဘောထားတွေကိုရယူပြီး UNFC ဗဟို အလုပ် အမှုဆောင်ကော်မတီကို တင်ပြခဲ့ပါတယ်။ အဲဒီမှာ အချက် ၉ ချက်ထဲက အားလုံးပါဝင်နိုင်ရေးမူနဲ့ ပတ်သက်လို့ ပြင်ဆင်တာတွေ ရှိခဲ့တယ်လို့ နိုင်ဟံသာကပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်အင်းအားစု အားလုံးပါဝင်ရေးမှာ တချို့အဖွဲ့က သူတို့မပါနိုင်သေးတဲ့ အနေအထားမျိုးတွေ သူတို့ ပြောလာတော့ တို့ကလည်း အားလုံးပါဝင်ရေး လို့ ပြောလို့မရတော့ဘူး အဲဒီတော့ အခုက ဘယ်လိုပြောင်းလဲလာသလဲဆိုတော့ ဒီ ၂ ဘက် ဥပမာ အပစ်ရပ်ပြီးရင်ပေါ့နော် ဒါကတော့ သူတို့အားလုံးပါဝင်နိုင်ရေးကိုဆက်ပြီးတော့ ကြိုးပမ်းသွားမယ်ဆိုတဲ့ ကိစ္စ အဲဒီလိုတွေ နည်းနည်းပြောင်းလဲလာတဲ့ ကိစ္စလည်း ရှိတယ်လေ။”

အခု UNFC အစည်းအဝေးမှာ ထူးခြားမှုလို့ပြောနိုင်တဲ့ အချက်တခုကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်(SSPP/SSA)တို့ဟာ UNFCအဖွဲ့ဝင်တွေအဖြစ် NCAလမ်းကြောင်းအတိုင်း ဆက်သွား မယ်ဆိုတဲ့ သဘောထားမှတ်ချက် ပေးခဲ့ကြတဲ့အချက်ပါ။ ဒီအဖွဲ့နှစ်ဖွဲ့ UNFC ကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေက အစောပိုင်းမှာ ထွက်ထား တာပါ။ ဒီအခြေအနေကို မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ် ဗိုလ်ချုပ်စိုင်းထူးက ရှမ်းဘာသာနဲ့ အခုလို ပြောပါတယ်။

“အပြင်ကနေကြည့်ရင်တော့ စိတ်ပူရတယ်လို့ပြောရင်ပြောမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့တော့ UNFC အပြိုကွဲမခံဘူး၊ UNFC နဲ့ ပတ်သက်ပြီး ၀ ကလဲ ဘာမှမပြောဘူး။ ဒါ့ကြောင့် ၀ အနေနဲ့ တွဲလုပ်နိုင်တာတွေ၊ ကျနော်တို့ တင်ပြထားတဲ့ အချက် ၉ ချက် အစိုးရနဲ့ သဘောတူနိုင်အောင် ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်။”

NCA လမ်းကြောင်းအတိုင်းလိုက်မယ်လို့ UNFC က ဆုံးဖြတ်တဲ့အပေါ် ကြိုဆိုတယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS တောင်ပိုင်းတပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။ ဒါ့အပြင် NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPNနဲ့ NCA အပစ်ရပ်အဖွဲ့ ၈ ဖွဲ့ က လုပ်ငန်းဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ CT တို့ ဧပြီလ ဒုတိယအပတ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ဆုံဆွေးနွေးကြဖို့လဲရှိပါတယ်။

အဲဒီမှာ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေကိုတော့ CT အဖွဲ့ဝင် တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငိန်းက အခုလိုပြောပါတယ်။

“ဖယ်ဒရယ် တည်ဆောက်တဲ့နေရာမှာ ကျနော်တို့အခြေခံရမယ့် အခြေခံများ အဲလိုဟာမျိုးတွေပေါ့နော် အဲဒီကိစ္စတချက်ရယ် နောက်တချက်က ကျနေ်ာတို့ ပူးတွဲလုပ်ထားတဲ့ ပင်လုံလက်စွဲဆိုတဲ့ စာအုပ်လည်းရှိတယ်။ အဲဒီကိစ္စတွေလည်း ဆွေးနွေးမယ်လို့ သိရတယ်။ နောက်တချက်ကလည်း အခုအထိ နိုင်ငံရေးအခြေအနေအရ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာရော ကျနေ်ာတို့ ဘယ်လိုပူးပေါင်းပြီးတော့ ဆောင်ရွက်သွားနိုင်မလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့ အကြမ်းဖျဉ်းလောက်တော့ သိရပါတယ်။”

နှစ်ဖွဲ့ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စနဲ့ မဟာဗျူဟာလုပ်ငန်းစဉ်ပိုင်းကို အဓိက ဆွေးနွေးညှိနှိုင်းသွားကြဖို့ရှိတယ်လို့ လဲ ဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

‘ဝ’ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဦးဆောင်ပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ် က ကျင်းပခဲ့တဲ့ ပန်ခမ်း ညီလာခံအပြီးမှာ UWSA ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ ၊ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ၊ SSPP မြောက်ပိုင်း ရှမ်းပြည်တပ်မတော်၊ TNLA တအာန်း ပလောင်တပ်ဖွဲ့ ၊ မိုင်းလားတပ်ဖွဲ့ (NDAA)၊ ရခိုင်တပ်မတော် (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ဟာ NCA ကိုလက်မခံဘဲ ငြိမ်းချမ်းရေး လမ်းကြောင်းသစ် တခုကို ဖော်ဆောင် သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာပါ။

အခုကျင်းပခဲ့တဲ့ UNFC အစည်းအဝေးကိုတော့ KIO၊ SSPP/SSA၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG