သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ မြန်မာ့အရေးကြေညာချက် တရုတ်-ရုရှား ဘာ့ကြောင့်ကန့်ကွက်


ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး (နယူးယောက်)
ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး (နယူးယောက်)

UN ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကြေညာ ချက် ထုတ်ဖို့အရေး ရုရှားနဲ့ တရုတ်နိုင်ငံက ကန့်ကွက်လိုက်တာဟာ ပြည်တွင်းရေး ကို ပြည်တွင်းမှာပဲ ဖြေရှင်းသင့်တယ်ဆိုတဲ့ တစိုက်မတ်မတ်ရပ်တည်ခဲ့တဲ့ သူတို့မူအတိုင်း မြန်မာ အရပ်သားအစိုးရ လက်ထက်မှာလည်း ဆက်ရပ်တည်တဲ့ သဘော ဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေကပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စွပ်စွဲပြောဆို ချက်တွေအပေါ် ငြင်းဆန်တဲ့ တုန့်ပြန်မှုအစား စုံစမ်းစစ်ဆေးခွင့်ပြုခြင်းအားဖြင့် သက်သေပြ ဖို့လိုတယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက အကြံပြုပါတယ်။ အသေးစိတ်ကို မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အခြေအနေတွေအပေါ် မနေ့သောကြာနေ့က ပြုလုပ်ကျင်းပတဲ့ အဖွဲ့ဝင်(၁၅)နိုင်ငံပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲ အတွင်းမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာအကြီးအကဲ Jeffrey Feltman က အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပေမဲ့လို့ မြန်မာနိုင်ငံအရေး ကြေညာချက်တရပ် ထုတ်ပြန်နိုင်ဖို့ အတွက် ရုရှားနဲ့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တဲ့အတွက် အားလုံးရဲ့တခဲနက် သဘောတူညီမှုမရခဲ့ဘူးလို့ လုံခြုံရေးကောင်စီ အလှည့်ကျသဘာပတိ ကုလဆိုင်ရာဗြိတိသျှသံအမတ်ကြီး Mattew Rycroft ကအစည်းအဝေးအပြီး သတင်းထောက်တွေကပြောခဲ့တာပါ။

အခုလို တရုတ်-ရုရှားနိုင်ငံဘက်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲအတွင်း ရပ်တည်လိုက်တဲ့ မူဟာ အရင်စစ်အစိုးရလက်ထက်ကတည်းက သူတို့ရပ်တည်ခဲ့တဲ့မူအတိုင်း တိုင်းပြည်တပြည်ဟာ သူ့ပြည်တွင်းရေးကိုပြည်တွင်းမှာပဲ ဖြေရှင်းသင့်တယ်ဆိုတဲ့ မူအတိုင်း ဆက်လက်ရပ်တည်တဲ့သဘောဖြစ်တယ်လို့ တရုတ်-မြန်မာ့အရေးလေ့လာနေတဲ့ နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇော်က ပြောပါတယ်။

“ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တရုတ်တို့ ရုရှားတို့ကလည်း သူတို့ တော်တော် အပြောအဆို ခံနေရတာဖြစ်တယ်။ တရုတ်ကတော့ လူ့အခွင့် အရေးနဲ့ ပတ်သက်လို့ အမေရိကန်က ပြောတာပဲဖြစ်ဖြစ် အနောက်တိုင်းက ပြောတာပဲဖြစ်ဖြစ် သူတို့ပြည်တွင်းရေးကိစ္စ သူတို့ဖာသာပဲ ဖြေရှင်း တာပဲ ဖြစ်တော့၊ ကုလသမဂ္ဂက ဒီ လူ့အခွင့်အရေးတွေ ဘာတွေနဲ့ ပြောလာရင် တရုတ်က သူ့နိုင်ငံပြောလည်း လက်မခံဘူး၊ သူများနိုင်ငံ ပြောလည်း ဒီလိုပဲ သူလက်မခံပါဘူး။ ဗမာပြည်အနေနဲ့က နဝတ နအဖ ခေတ်မှာပဲဖြစ်ဖြစ် အခုအချိန်မှာပဲ ဖြစ်ဖြစ် တရုတ်ကတော့ ဆက်ဆံရေး ကောင်းအောင် သူကတောက်လျှောက် ကြိုးစားမှာပဲလေ။ အခု ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တချို့ သူတို့ပြည်တွင်းမှာတော့ အနောက်နိုင်ငံဘက် ယိမ်းတယ် ဘာတယ် ပြောပေမယ့်တရုတ်အစိုးရကတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံတာပါပဲ။ တရုတ်ကပြောတဲ့ စကားထဲမှာ တခုတော့ ရှိတယ်။ သူများပြည်တွင်းရေးကို ဝင်မစွက်ရေး ဆိုတာ၊ ဗမာပြည်ပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အဲဒီအစိုးရဟာ အဲဒီ ပြည်သူတွေကပဲ တာဝန်ရှိတယ်ပေ့ါလေ။ သူတို့အနေနဲ့ ဘာမှ ဝင်ရောက်စွက်ဖက်ပြီး ပြောကြားစရာ မလိုဘူးလို့ သူတို့ တွက်ထားပုံ ရပါတယ်။ ဒါကြောင့်မို့ နဝတခေတ် နအဖခေတ်ဖြစ်ဖြစ် အခု ဒေါ်စုခေတ်ဖြစ်ဖြစ် ထောက်ခံနေတာသာ ဖြစ်တယ် ”

အခုလို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ရုရှားနဲ့ တရုတ်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့တာနဲ့ပတ်သက်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သူ့အမြင်အခုလိုပြောပါတယ်။

“ မနေ့တုန်းက ရုရှားနဲ့ တရုတ်ကနေ ကန့်ကွက်ခဲ့တာကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တကယ့်ကို အရေးတကြီး လုပ်ဆောင်ဖို့အတွက် ပြင်ဆင်ခဲ့တာ ကြာပါပြီ၊ အမြဲတမ်း အမြဲတမ်း တရုတ် သို့မဟုတ် ရုရှား၊ အခုဆို ၂နိုင်ငံ ပေါင်းပြီးတော့ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ အရင်တုန်းကလည်း သူတို့ မြန်မာပြည်အစိုးရကို ကာကွယ်ပေးသလို အခုအချိန်မှာလည်း ဒီကိစ္စကိုဆွေးနွေး ဖို့အတွက် သူတို့ ဒီဟာကို ငြင်းဆိုခဲ့တာတွေ့ရပါတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဘယ်အစိုးရပဲ ပြောင်းပြောင်း တက်လာသမျှ အစိုးရနဲ့ ဆက်ဆံမှုတွေ မထိခိုက်စေချင်ဘူးဆိုတဲ့ အယူအဆကို အများဆုံးတွေ့ပါတယ် ”

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးရလောက်တဲ့အထိ ရခိုင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပါတယ်ဆိုတဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ငြင်းဆန်နေမယ့်အစား လိုအပ်တဲ့ စုံစမ်းစစ်ဆေးခွင့် ကိုပေးပြီး ခွင့်ပြုသင့်တယ်လို့ လည်း လူ့အခွင့်အရေးလှုပ်ရှားသူဦးအောင်မျိုးမင်းက အကြံပြုတိုက်တွန်းပါတယ်။

“ ကျနော်တို့ အစဉ်အဆက် အကြံပေးခဲ့တာရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ စွပ်စွဲသံကြားရင် လူ့အခွင့်အရေးချိုးဖောက် မှုဟာ ဟုတ်လား မဟုတ်ဘူးလား ပြန်လည် သက်သေပြဖို့ လိုပါတယ်။ မဟုတ်ပါဘူး ငြင်းနေမယ့်အစား လွတ်လပ်စွာ သွားရောက် စုံစမ်းခွင့်တွေ၊ တွေ့သင့်သူတွေကို တွေ့ပြီးတော့ သုံးသပ်မှုတွေ လုပ်ဆောင်သင့်တယ်။ မှားယွင်းတဲ့ စွပ်စွဲချက်ဆိုရင်လည်း ဒါပျောက်သွား မှာပါ။ စွပ်စွဲမှုတွေကို ငြင်းဆန်မယ့် တုန့်ပြန်မှုအစား ဒါတွေကို လာရောက်ကြည့်ရှု နိုင်ပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ်လုံသော လုပ်ငန်းစဉ်တွေနဲ့ တွေ့ဆုံခွင့်တွေ စစ်ဆေးခွင့်တွေ ပေးဖို့အတွက် တိုက်တွန်းလိုပါတယ် ”

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ EU ဥရောပသမဂ္ဂဘက်ကလည်း မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးရေး အဖွဲ့စေလွှတ်စုံစမ်းဖို့ ကုလသမဂ္ဂကို ပြီးခဲ့တဲ့ကြာသပတေးနေ့ကပဲ တောင်းဆိုခဲ့ပါသေးတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ကနေ မြန်မာနိုင်ငံအရေးထုတ်ပြန်မယ့် မူကြမ်းထဲမှာ မြန်မာနိုင်ငံတွင်း တိုင်းရင်းဒေသတွေမှာ လတ်တလောထပ်မံဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေက စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ အရေးကြီးကြောင်းလည်း ဖော်ပြပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG