သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA ဦးဆောင်ပြီး တိုင်းရင်းသားဆွေးနွေးရေး ကိုယ်စားလှယ်ဖွဲ့ဖို့ ဆွေးနွေး


NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးကို UWSP/UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ခမ်းမြို့၌ ကျင်းပနေစဉ်- မေလ ၂၀၁၅ ခုနှစ်
NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးကို UWSP/UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ခမ်းမြို့၌ ကျင်းပနေစဉ်- မေလ ၂၀၁၅ ခုနှစ်

မြန်မာအစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး နိုင်ဖို့တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေ စုပေါင်းပြီး UWSA(ခေါ်) ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ကနေဦးဆောင်မှု နဲ့ နိုင်ငံရေးဆွေးနွေးရေး အဖွဲ့သစ်ကို ဖွဲ့စည်းဖို့ကြိုးပမ်းနေကြပါတယ်။ လက်ရှိ NCAစာချုပ်ဟာ အပစ်ရပ်စဲရေးနဲ့ နိုင်ငံရေး အရတွေ့ဆုံဆွေးနွေးရေးမှာ ရပ်တန့်နေတဲ့ အနေအထားကြောင့် နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့သစ်ကိုဖွဲ့ထားတယ်လို့ တိုင်းရင်းသား လက်နက်အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့ထဲမှာလဲ UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေလဲ ပါဝင်နေပေမယ့် အဖွဲ့သစ်ဖွဲ့စည်းရေးကိစ္စကိုမသိရှိသေးဘူးလို့ UNFC အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ VOA ထိုင်း အခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရနဲ့ နိုင်ငံရေးအရဆွေးနွေးဖို့အတွက် UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ကနေ ဦးဆောင်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေ စုပေါင်းပြီးနိုင်ငံရေးဆွေးနွေးရေးအဖွဲ့သစ်ကိုထပ်မံ ဖွဲ့စည်းသွားဖို့ကြိုးပမ်းနေ ကြတာပါ။

အဖွဲ့ရဲ့အမည်ကိုတော့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့လို့ခေါ်တွင်ပြီး တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့UWSA ဌာနချုပ် ပန်ဆန်း မှာ အစည်းအဝေး လုပ်ဆောင်နေ ဆဲ ဖြစ်လို့အသေးစိတ် အခြေအနေကိုမသိရှိသေးဘူးလို့ TNLA တအောင်း ပလောင်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က ပြောပါတယ်။

“ဖွဲ့စည်းမယ်လို့တော့ သဘောတူညီထားတယ်၊ ဘယ်နေ့ဖွဲ့မလဲ ဘယ်နှစ်ဦး ပါဝင်မလဲ ဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။”

မြန်မာအစိုးရနဲ့နိုင်ငံရေးဆွေးနွေးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့နဲ့ နိုင်ငံရေးဆွေးနွေးရေး အဖွဲ့ကို မတ်လ အတွင်း ဖွဲ့စည်းသွားမယ်လို့ UWSA အရာရှိတဦးက အတည်ပြုပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဖေဖေါ်ဝါရီ(၂၁)ရက်နေ့မှာစတင်ကျင်းပခဲ့တဲ့ UWSA ဌာနချုပ် ပန်ဆန်းအစည်းအဝေးမှာ UWSA ဝပြည်သွေးစည်း ညီ ညွတ်ရေးအဖွဲ့ KIOကချင်လွတ်လပ်ရေး အဖွဲ့ ၊SSPPမြောက်ပိုင်း ရှမ်းပြည်တပ်မတော်၊TNLA တအာန်းပလောင်တပ်ဖွဲ့ ၊ မိုင်းလားတပ်ဖွဲ့ (NDAA)၊ ရခိုင်တပ်မတော်(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)တို့ တက်ရောက်ခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို ဆက်လက်မလုပ်ဆောင်တော့ဘဲ ငြိမ်းချမ်းရေးစာချုပ် သစ်ကို ဖော်ဆောင်မယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့နဲ့ နိုင်ငံရေးဆွေးနွေးရေး အဖွဲ့သစ်ကိုဖွဲ့စည်းနိုင်ရေးအတွက် အခြေအနေ အကြောင်းကြောင့် ပန်ဆန်းအစည်းအဝေးကို မတက်ရောက်နိုင်တဲ့ မွန်ပြည်သစ်ပါတီနဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီကိုလည်း ဖိတ်ခေါ်ထားပါတယ်။

ပန်ဆန်းအစည်းအဝေးဆုံးဖြတ်ချက်အရနိုင်ငံရေးဆွေးနွေးရေးအဖွဲ့သစ်ဖွဲ့စည်းသွားမယ့်အပေါ် UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအနေနဲ့ အခြေအနေမှန်ကို မသိရှိသေးဘူးလို့ ဒုဥက္ကဌနိုင်ဟံသာက ပြော ပါတယ်။

“ဒီကိစ္စလည်း ကျနော်တို့ အဲဒီအစည်းအဝေးမှာ သွားတက်တဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေပေါ့ ။ UNFC အနေနဲ့ မဟုတ်ဘူး KIO နဲ့ SSPP ကိုယ်စားလှယ်တွေသွားတက်တယ်။ သူတို့ပြန်မရောက် သေးဘူး ခင်ဗျ။ ပြန်မရောက်သေးတော့ အခြေအနေမှန် ကို ကျနော်တို့ မသိနိုင်သေးဘူး။ ကြေညာချက်ထွက် တဲ့ နည်းနည်းပါးပါးလောက်ပဲ သိတယ်။ အခြေအနေအစုံကို ကျနော်တို့ မသိသေးတော့ ကျနော်တို့ ဘာမှ အဆုံးအဖြတ် မပေးနိုင်သေးဘူး။”

UNFC အနေနဲ့လက်ရှိ NCA စာချုပ်ဖြည့်စွက် ပြင်ဆင်ပြီးရင်လက်မှတ်ရေးထိုးဖို့စီစဉ်ထားရာကနေ အခုဆိုအခြေအနေတမျိုး ပြောင်းလာတဲ့အနေအထားလို့နိုင်ဟံသာကပြောပါတယ်။

“ကျနော်တို့ကတော့ မူလက NCA လိုင်းကို တချို့ဖြည့်စွက်ပြီးတော့မှ လက်မှတ်ထိုးဖို့ ပြင်ဆင်ထားတဲ့ အနေအထား၊ UNFC ရဲ့ ပြင်ဆင်ထားမှု ကြိုးပမ်းမှုတွေပေါ့နော် ၊ အခုကတော့ တမျိုးပြောင်းမယ်ဆိုတဲ့ ဟိုဘက်က ကြိုးပမ်းမှုတွေက အခြေအနေဘယ်လိုလဲဆိုတာ မပြောတတ်သေးတော့ ကျနော်တို့လည်း ဘာမှ အဖြေမပေးနိုင်သေးဘူး ခင်ဗျ။”

TNLA တအောင်းပလောင်တပ်ဖွဲ့အနေနဲ့ကတော့ လက်ရှိNCAစာချုပ်ဟာ ထိရောက်မှု မရှိတော့တာကြောင့် တိုင်းရင်းသား တွေရဲ့နိုင်ငံရေး ဘုံသဘောထားကိုရယူပြီး အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးရင်ပိုမိုလွယ်ကူမယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“အခုဟာကတော့ NCA က ရပ်တန့်နေတယ်။ ၈ ဖွဲ့နဲ့ပဲ အလုပ်လုပ်သွားတယ် ကျန်တဲ့ အဖွဲ့တွေနဲ့က ထူးခြားမှုမရှိလာဘူး၊ တိုးတက်မှုမရှိလာဘူး။ တိုင်းရင်းသား အဖွဲ့တွေရဲ့ နိုင်ငံရေး ဘုံသဘောထားနဲ့ အစိုးရ အဖွဲ့ ပြောတဲ့အချိန်ပိုပြီးတော့ မြန်ဆန်နိုင်တယ်၊ လွယ်ကူမယ် ထိရောက်မှုရှိမယ် လို့ ကျနော်တို့ အဲလိုမြင်တယ်။”

နိုင်ငံရေးဆွေးနွေးရေးအဖွဲ့သစ်ဖွဲ့စည်းသွားမယ့် အပေါ် SSPP/SSA မြောက်ပိုင်းရှမ်းပြည်တပ်မတော် အနေနဲ့ သဘောထား မှတ်ချက် ပေးဖို့မရှိဘူးလို့ ပြန်ကြားရေးတာဝန်ခံ စိုင်းဘုန်းဟန်ကပြောပါတယ်။

“UNFC ဥက္ကဌ တာဝန်ယူထားတဲ့ KIO လည်းပါပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ မှတ်ချက်ပြောစရာ သိပ်မရှိပါဘူးခင်ဗျ။”

နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့လျှင်ကိုယ်စားလှယ်သုံးဦး မှ ငါးဦးအထိ ပါဝင်နိုင် သလို နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရေး ပိတ်ဆို့နေတာကို ကျော်ဖြတ်ဖို့ နိုင်ငံရေး ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊ ထိုးစစ်ကို ဘယ်လိုရပ်စဲကြမ လဲ ဒါတွေကို အဓိက ဆွေးနွေးနိုင်ဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ကို ဖွဲ့တယ်လို့ TNLA အတွင်းရေးမှူး ဗိုလ်မှူးကြီးတာ့ဘုန်းကျော်က မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။

NCAလက်မှတ်မထိုးနိုင်သေးတဲ့ UNFCနိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့DPN နဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင် အဖွဲ့တို့ဟာ လာမယ့် မတ်လ(၃)ရက်နေ့မှာတွေ့ဆုံဆွေးနွေးသွားဖို့လဲ ရှိနေပါတယ်။

UNFC အနေနဲ့ကတော့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အချက်(၉)ချက်ကို အစိုးရထံအဆိုပြုထားပြီး ဒီအချက်တွေကို ညှိနှိုင်း ဆွေးနွေးသွားရမှာဖြစ်ပါတယ်။

တကယ်လို့ UWSAခေါ်ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ကနေ ဦးဆောင်ပြီးတော့ နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့သစ်ကို ထပ်မံ ဖွဲ့စည်းမယ်ဆိုရင် UNFCရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားနိုင်မလားဆိုတဲ့အပေါ် တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG