သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနန်ရောက် ကိုးကန့်တွေကို ဘာကြောင့် လက်နက်စွန့်ခိုင်းသလဲ


ကိုးကန့်တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-KoKang Army)
ကိုးကန့်တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-KoKang Army)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက အာဏာပိုင်တွေက သူတို့နယ်မြေမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို လက်နက်အပ်ကြဖို့ အမိန့်ထုတ်လိုက်တာဟာ စစ်ရေးတင်းမာနေတဲ့ တရုတ်-မြန်မာနယ်စပ် လုံခြုံတည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရုတ်ကြောင့် ပျက်ပြားရတယ်ဆိုတာ အပြောမခံချင်တာကြောင့်ဖြစ်တယ်လို့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ တရုတ်သုတေသီက သုံးသပ်လိုက်ပါတယ်။

ကိုးကန့်တပ်တွေနဲ့ မြန်မာတပ်တို့ကြား စစ်ရေးတင်းမာနေမှုတွေကနေ ပင်လုံညီလာခံ မတိုင်ခင် တရုတ်ဘက်က တွန်းအားကြောင့် ပြေလည်နိုင်ခြေရှိတယ်လို့လည်း ရှု့မြင်ပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက ဒေသခံအာဏာပိုင်တွေက၊ သူတို့နယ်မြေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ထားတာရှိရင် လာရောက်အပ်နှံကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံတွင်းကို လက်နက်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေပြီး၊ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်တွေကို လာရောက်အပ်နှံကြဖို့၊ ယူနန်ပြည်နယ် ဒေသခံ အစိုးရက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက မနေ့ကြာသပတေးနေ့က ဖော်ပြခဲ့တာပါ။ အွန်လိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်နဲ့ ပတ်သက်လို့လည်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုခဲ့ကြောင်း သတင်းကဖော်ပြပါတယ်။

ယူနန်နယ်ထဲက မြန်မာတွေကို လာပြီး ဘာကြောင့်လက်နတ်အပ်ခိုင်းသလဲဆိုတာ အဓိက အကြောင်းအချက် (၂)ခု ရှိနိုင်ပါတယ်လို့တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun က အခုလိုပြောပါတယ်။

“ကိုးကန့်စစ်ပွဲမှာ လောက်ကိုင်မြို့ထဲက လောင်းကစားရုံတွေကို လက်နက်တွေနဲ့ ဝင်သိမ်းခဲ့တာ လက်နက်ကြီးကျည်ကျပြီး တရုတ်နိုင်ငံသား ကျောင်းဆရာတဦး သေဆုံးခဲ့ရသလို စစ်ရေးတင်းမာမှုတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တရုတ်ဘက်က လိုလားသလို တရုတ်-မြန်မာနယ်စပ်မှာဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်စေချင်နေတာဟာ မြန်မာနိုင်ငံထဲမှာ လာမယ့် မေလဆန်းမှာ ကျင်းပတော့မယ့် ပင်လုံညီလာခံ တကယ်လို့ မအောင်မြင်ပဲပျက်ပြားခဲ့ရင် တရုတ်ကြောင့် ဆိုပြီး မြန်မာအစိုးရဘက်က ပြစ်တင်ဝေဖန်တာမျိုး အပြောမခံချင်တာကြောင့်ဖြစ်ပါတယ်။”

ယူနန်ပြည်နယ်ထဲ လာရောက်လက်နက်အပ်နှံသူတွေကို အာဏာပိုင်တွေက ဆုငွေချီးမြှင့်မှာဖြစ်ပြီး၊ ရိုင်ဖယ်တလက်ကို တရုတ်ယွန်ငွေ ၅၀၀၊ ပစ္စတိုသေနတ်တလက်နဲ့ လက်ပစ်ဗုံးတလုံးစီကို ယွန်ငွေ ၂၀၀၊ ကျည်တတောင့်ကို ၂ ယွန် ပေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒီလိုသေနတ်အပ်ခိုင်းတာဟာ ရှင်ကျန်းပြည်နယ်ထဲက ဝီဂါသူပုန်တွေ လက်ထဲ ဒီလက်နက်တွေ ရောက်ကုန်မှာစိုးတယ်ဆိုတဲ့ စိုးရိမ်ချက်တွေကတော့ သိပ်အခြေအမြစ်တော့ မရှိလှပါဘူးလို့လည်း Yun Sun က ဆိုပါတယ်။

“ဒါတွေကို တော်တော်များများက ခန့်မှန်းပြောဆိုနေကြတာ ကျမကြားပါတယ် ဒါပေမဲ့လို့ ဒါကိုးကန့်ကြောင့်တော့ မဟုတ်ပါဘူး ယူနန်နဲ့ပဲ ပတ်သက်ပါတယ်။ တကယ်က ဝီဂါတွေက ယူနန်ကနေတဆင့် တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ပြီး အရှေ့တောင်အာရှဘက်ကို ထွက်ပြေးကြလေ့ ရှိပါတယ်။ ကိုးကန့်တွေဆီက လက်နတ်တွေကို ဝီဂါတွေလက်ထဲပို့ပေးဖို့ဆိုတာက သိပ်ကို အလှမ်းဝေးလွန်းလှပါတယ်။ တကယ်တော့ ယူနန်နယ်ထဲကို ဖြတ်မယ်ဆိုရင် ရက်နဲ့ချီပြီး ခရီးသွားရမှာပါ တရုတ်အာဏာပိုင်တွေ လုံခြုံရေးတင်းကျပ်တယ်။ တရုတ်ပိုင်နက်ထဲမှာ လက်နက်နဲ့ခရီးသွားဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။”

အခုလို မြန်မာစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ပြီး နှစ်ဘက် စစ်ရေးပဋိပက္ခတွေဟာ ပြေလည်နိုင်စရာရှိပါသလား ဆိုတဲ့မေးခွန်းကိုတော့-

“ဖြစ်နိုင်ခြေ ပြေလည်နိုင်ခြေ ရှိပါတယ်။ ၂၀၁၅ လောက်တုန်းကဆိုရင် ကိုးကန့်တပ်ဘက်က တရုတ်နိုင်ငံဘက်က တိုက်တွန်းမှုတွေနဲ့ စစ်ပွဲပြေငြိမ်းခဲ့တာတွေရှိခဲ့ပါတယ်။ ဒါကြောင့် အခုဖြစ်နေတဲ့ ကိုးကန့်တပ်နဲ့ မြန်မာတပ်ကြား စစ်ပြေငြိမ်းပြီးတော့ ဥပမာအားဖြင့် တကယ်လို့ ပင်လုံညီလာခံကို ကိုးကန့်တပ်အနေနဲ့ တက်ခွင့်ရခဲ့မယ်ဆိုရင် NCA အပစ်ရပ်စာချုပ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ညှိနှိုင်းမှုတွေမှာ ပါဝင်ခွင့်ရမယ် နောက် တိုင်းရင်းဒေသတွေမှာ မြန်မာတပ်ဘက်က စစ်ရေးတိုက်ခိုက်နေတာတွေကို ရပ်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။”

မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကို ပိတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ လက်နက်အပ်နှံဖို့ သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ ကိုးကန့်တပ်ဖွ့ဲရဲ့ ဘဏ်စာရင်းကို တရုတ်နိုင်ငံက ပိတ်လိုက်တာဟာ၊ ၂ နိုင်ငံကြား နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ရလဒ်ဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG