သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသည်းအင်ဇိုင်းများလာခြင်း


အသည်းအင်ဇိုင်းများလာခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ အသည်းရောဂါအဖြစ်များနေတာမို့ အသည်းရောဂါမဖြစ်ခင် အစပျိုးအခြေအနေဖြစ်တဲ့ အသည်းအင်ဇိုင်းတွေ သွေးထဲများလာချိန်မှာ ကြိုတင်ကာကွယ်မှုတွေ လုပ်သင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

အသည်းအင်ဇိုင်းများရခြင်း အကြောင်းရင်းက အသည်းအင်ဇိုင်းတွေပါတဲ့ အသည်းဆဲလ်တွေ စတင်ပျက်စီးလာလို့ပါ။ အသည်းဆဲလ်တွေ ပျက်စီးရခြင်းကလည်း ဓာတုပစ္စည်းပါတဲ့ အစားအစာ အသုံးအဆောင်တွေကြောင့်နဲ့ အရက်သောက်များတာကြောင့် အသည်းအလွန်အကျွံ အလုပ်လုပ်ရလို့ အဓိကဖြစ်ပါတယ်။ ဒါ့အပြင် တချို့တိုင်းရင်းဆေးနဲ့ အနောက်တိုင်းဆေး (အထူးသဖြင့် အကိုက်အခဲပျောက်ဆေး) တွေ သောက်သုံးမှုများတာကြောင့်လဲ အခုလို ဖြစ်တတ်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါရှိနေသူတွေမှာလဲ အသည်းအဆီဖုန်းတာ ဆက်ဖြစ်လာနိုင်တာကြောင့်လဲ အသည်းဆဲလ်တွေစပျက်ပြီး အသည်းအင်ဇိုင်းသွေးထဲ များလာတတ်ပါတယ်။ အဝလွန်သူတွေမှာလဲ အခုလို ဖြစ်နိုင်ပါတယ်။ ဒီလို အသည်းဆဲလ်တွေ စပျက်ဖို့ အန္တရာယ်များသူတွေမှာ အသည်းရောဂါလက္ခဏာတွေ စမပြသေးသော်လဲ အသည်းလုပ်ငန်းဆိုင်ရာ ကြိုတင်သွေးစစ်ကြည့်ခြင်းဖြင့် အသည်းအင်ဇိုင်း များမများ ကြိုသိနိုင်ပါတယ်။

အခုလို အသည်းအင်ဇိုင်းတွေ သွေးထဲများလာခဲ့ရင် နောက်ပိုင်းမှာ အသည်းယောင်တာကနေ အသည်းခြောက်တာ၊ အသည်းကျှွတ်တာနဲ့ အသည်းကင်ဆာအပါအဝင် ပြင်းထန်တဲ့ အသည်းရောဂါတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။ အခုလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် အသည်းအင်ဇိုင်း တက်နေသူတွေမှာ အရက်သုံးစွဲခြင်းကို လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။ အရက်ချက်ချင်း မဖြတ်နိုင်လျှင် တစ်ပတ်မှာ (၂) ရက် အနည်းဆုံး အရက်မသောက်ဘဲ စနေသင့်ပါတယ်။ သောက်တဲ့ ပမာကိုလည်း တစ်ပတ်မှာ စုစုပေါင်း ပက်ချိန် (၃၅) ပက်ထက်မပိုအောင် စထိန်းသင့်ပါတယ်။ ဒါ့အပြင် အသည်းအင်ဇိုင်းများစေနိုင်တဲ့ တိုင်းရင်ဆေးနဲ့ အနောက်တိုင်းဆေး (အက်စပရင်၊ အိုင်ဗျူဗရိုဖင်၊ အဆီတာ မိုင်နိုဖင် စတဲ့ အကိုက်အခဲပျောက်ဆေး) တချို.ကို အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။ ဓာတုဆိုးဆေးတွေပါတဲ့ အစားအသောက်တွေနဲ့ တာရှည်ခံ အစားအစာတွေကိုလည်း ရှောင်ကျဉ်ပြီး၊ ဆေးလိပ်အခိုးအငွေ့တွေလဲ မခံမိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အိမ်သုတ်ဆေး၊ အစွန်းချွတ်ဆေးနဲ့ သန်ရှင်းရေးမှာသုံးတဲ့ ကြွေဂျေးချွတ်ဆေးတွေမှာလည်း ဓာတုပစ္စည်းတွေပါနေတာမို့ သတိထား ကိုင်တွယ်သင့်ပါတယ်။ အဝလွန်သူတွေအနေနဲ့လည်း ကိုယ်အလေးချိန်ကို လျော့ချဖို့ အဆီနဲ့ကဆီဓာတ်လျော့စားပြီး အသားဓာတ်နဲ့ ဟင်းသီးဟင်းရွက်ပိုစားကာ ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစားလုပ်သင့်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါရှိသူတွေအနေနဲ့တော့ သကြားဓာတ်ကို ပုံမှန်ထက်မကျော်အောင် ထိန်းထားခြင်းဖြင့် အသည်းအဆီမဖုန်းအောင် ကာကွယ်ထားသင့်ပါတယ်။

အသည်းဆဲလ်တွေစပျက်ပြီး သွေးထဲ အသည်းအင်ဇိုင်းများမလာအောင် အထက်ပါ ရှောင်ကျဉ်မှုတွေအပြင် ဆောင်ရန်တွေလဲ ရှိပါတယ်။ ကြာရှည်အထားခံအောင်နဲ့ လှအောင် ဓာတုဆေးနဲ့ စီမံထားတဲ့ အစားအသောက်တွေအစား လတ်ဆတ်တဲ့ အစားအသောက်တွေ ပိုမိုစားသင့်ပါတယ်။ အကြောင်းက ဒီ လတ်ဆတ်တဲ့ အစားအစာတွေထဲမှာ အသည်းမပျက်စီးအောင် အဆိပ်ဖြေပေးတဲ့ Anti-oxidant ဓာတ်တွေ အများကြီးပါနေလို့ပါ။ ဒါကြောင့် ဒီ အသည်းအထောက်အကူပြုဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ အစိမ်းရောင် သီးနှံတွေ၊ ပန်းသီး၊ စပျစ်သီးနဲ့ မုန်လာဥ စတာတွေကို ပိုမိုစားသုံးသင့်ပါတယ်။ အသည်းကို အထောက်ကူပြုတဲ့ နောက် ဓာတ်တစ်မျိုးဖြစ်တဲ့ အိုမီဂါ3 ရှိတဲ့ ငါးကြီးဆီပါ ဆယ်လမွန်၊ ကျူနာ ဆာဒင်းငါးတွေနဲ့ နှမ်းဆီတို့ကိုလဲ ပိုမိုစားသုံးသင့်ပါတယ်။ ဒါ့အပြင် ဗီတာမင် B12 နဲ့ ကိုအင်ဇိုင်းQ တို့ဟာလည်း အသည်းအတွက် အထောက်အကူပြုတဲ့ ဆေးတွေဖြစ်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG