သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်များ နေထိုင်ရေးအခက်အခဲကြီးမားလာ


ကချင်ဒုက္ခသည်များ (Citizen Journalist)
ကချင်ဒုက္ခသည်များ (Citizen Journalist)

တရုတ်နိုင်ငံက လက်မခံဘဲ မောင်းနှင်ထုတ်ခံရတဲ့ ကချင်စစ်ရှောင်ဒုက္ခသည် ၂၀၀၀လောက်ဟာ အခုအခါမှာ မဂါယန်အနီးက စခန်းတခုမှာ ခိုလှုံနေကြပြီး ရာသီဥတုပြင်းထန်တာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ရသလို စားနပ်ရိက္ခာလည်း ပြတ်လပ်မယ်အခြေအနေရှိနေကြောင်း ဒုက္ခသည်အရေးကူညီသူတဦးက ပြောပါတယ်။ ဒါအပြင် စစ်ရှောင်စခန်းက ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးဟာလည်း ရပ်ဆိုင်းနေကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဇန်နဝါရီလအတွင်းက တရုတ်ပြည်ဘက်ကိုတိမ်းရှောင်ခဲ့တဲ့ ကချင်စစ်ရှောင်ဒုက္ခသည် IDP တွေဟာ တရုတ်အာဏာပိုင်တွေက လက်မခံခဲ့တဲ့နောက် အခုအခါမှာ မဂါယန်နဲ့ ပါဂျောင်အကြားက ရှအစ်ယန် စခန်းမှာ ခိုလှုံနေကြပါတယ်။

လက်ရှိ စစ်ရှောင်ပြည်သူတွေရဲ့အခြေအနေကို သူတို့ကို ကူညီပေးနေတဲ့စုပေါင်းအဖွဲ့က ပြောခွင့်ရသူ ကိုဂွန်ရှာအောင်က အခုလို ပြောပါတယ်။

“အများစုက ရှအစ်ယန်လို့ခေါ်တဲ့နေရာကို ရောက်နေကြတာဖြစ်ပါတယ်။ လူဦးရေကတော့ ၁၈၀၀ ဝန်းကျင်လောက်ရောက်နေတာဖြစ်ပါတယ်။အဲဒီမှာ ယာယီတဲတွေထိုးပြီးမှ ခိုလုံနေတာဖြစ်ပါတယ်။”

စစ်ရှောင်ဒုက္ခသည်တချို့ဟာ တရုတ်နိုင်ငံဖက်က မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ရှိရာကို သွားရောက်ခိုလှုံတာရှိသလို တချို့ကတော့ မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ခိုလှုံနေတာလည်းရှိကြောင်း ပြောပါတယ်။

လောလောဆယ် ရှအစ်ပြန်စခန်းမှာရှိတဲ့ ပြည်သူတွေဟာ ပြင်းထန်တဲ့ အအေးဒဏ်ကို ခံစားနေရပြီး စားနပ်ရိက္ခာအတွက်လည်း စိုးရိမ်နေရကြောင်း ပြောပါတယ်။

“ဆောင်းတွင်းကာလဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာဒေသဟာ အင်မတန်မှ အေးတဲ့နေရာဖြစ်ပါတယ်။ အခုအနေအထားမှာကျတော့ ယာယီတဲထိုးပြီးမှ နေနေရတဲ့အနေအထားဆိုတော့ ဒီ IDP တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ ပတ်သက်ရင်တော်တော် စိုးရိမ်စရာလိုတယ်ပေါ့နော်၊ ဖျားတာနာတာများတဲ့အနေအထားမှာ ရှိတယ်၊ တဖက်မှာလည်း သူတို့အတွက် စားနပ်ရိက္ခာတွေကလည်း ပြတ်လက်လာနိုင်တဲ့ အနေအထားရှိတော့ ကျနော်တို့ အဲဒါလည်းစိုးရိမ်တာဖြစ်ပါတယ်။ ကလေးတွေလည်း အတန်းတင် စာမေးပွဲနီးလာတဲ့အခါမှာ ဒီလိုကျောင်းလည်း မဆက်နိုင်တဲ့ အနေအထားဖြစ်နေတော့ အဲဒီအပိုင်းမှာလည်း ကျနော်တို့ စိုးရိမ်နေတဲ့အပိုင်းတွေရှိပါတယ်။”

ပြီးခဲ့တဲ့လကုန်ပိုင်းကတော့ တရုတ်နိုင်ငံဖက်က ကချင်လူမျိုးတွေက စောင်နဲ့ အနွေးထည်တွေ၊ အမိုးအကာတွေ လှုဒါန်းခဲ့ပေမဲ့ လောက်ငမှုမရှိကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ရှအစ်ယန်စခန်းကိုရောက်ရှိနေသူတွေဟာ ဒီဇင်ဘာလလယ်ပိုင်းက ဖြစ်ပွားတဲ့ ဂီဒွန်နဲ့ လိုင်ဖောင်စခန်းအနီးတိုက်ပွဲတွေကြောင့် ဇိုင်းအောင်နဲ့ ခေါင်ရှောင် IDPစခန်းတွေက တိမ်းရှောင်လာသူတွေဖြစ်ပါတယ်။ ဒီစခန်းတွေမှာ လက်နက်ကြီးကျည်တွေကျရောက်တာကြောင့် တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်ခဲ့ပေမဲ့ တရုတ်အစိုးရက အဝင်မခံတာကြောင့် လက်ရှိ ရှအစ်ယန်စခန်းကို ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေအတန်ငယ်ငြိမ်သက်နေသလို အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အကြားမှာ သီးသန့် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာတာတွေ ရှိနေပါတယ်။

အစိုးရဖက်က ကမ်းလှမ်းလာတဲ့အခြေအနေနဲ့ တွေ့ဆုံဆွေးနွေးမယ့် အလားအလာကိုတော့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှုးကြီး နော်ဘူက အခုလို ပြောပါတယ်။

“တွေ့ဆုံဖို့ခေါ်တာမဟုတ်ပါဘူး၊ တွေ့ဆုံလိုရင်တော့ တွေ့ဆုံလို့ရပါတယ် ၊ ဆိုတဲ့ အကြောင်းကြားတဲ့စာဖြစ်ပါတယ်။ KIO ဘက်ကလည်း သီးသန့်တွေ့ဖို့အစီအစဉ်ကတော့ အခုလောလောဆယ်မရှိသေးဘူး။ တကယ်လို့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်တော့ အဲဒီ UNFC အဖွဲ့ဝင်ဖြစ်တဲ့အတွက် UNFCဆွေးနွေးမှုအတိုင်းပဲ သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် DPN ရဲ့လမ်းကြောင်းပေါ့ အဲဒါနဲ့ ပဲ ကျနော်တို့ သွားဖို့ ရှိပါတယ်။ တကယ်လို့များ KIO နဲ့ပဲ သီးသန့်တွေ့လာဖို့ ကိစ္စတွေရှိရင်တော့ ဒါကတွေ့ဖို့ရှိပါတယ်၊ ဒါပေမယ့် အခုလောလောဆယ်ကတော့ တွေ့ဖို့ အစီအစဉ်ကတော့ မရှိပါဘူး။”

KIO အဖွဲ့ဟာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မထိုးသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာ ပါဝင်ပြီး UNFCက ဖွဲ့စည်းထားတဲ့ DPN ခေါ် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့က အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း DPN အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ တွေ့ဆုံနိုင်တာတော့ မရှိပါဘူး။

ဒီလကုန်ပိုင်းမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ်ပြန်လည်ကျင်းပဖို့ ရှိနေပြီး NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ထဲက ဘယ်အဖွဲ့တွေကို ဖိတ်ကြားပြီး ဘယ်အဖွဲ့တွေ တက်ရောက်မယ်ဆိုတာတော့ တိတိကျကျ မသိသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဖက်မှာတော့ တအာင်း-ပလောင်တပ်၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်ကြားမှာတော့ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG