သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် သုံးမြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာ


မတ်လ (၄) ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာတဲ့ မန်တုံ နမ္မတူ၊ နမ့်ဆန် သုံးမြို့နယ်မှာ စိုးမိုးထားတဲ့ TNLA တပ်ဖွဲ့ဝင်များ (Photo: PSLF/TNLA Info/ယခင်မှတ်တမ်းဓာတ်ပုံ)
မတ်လ (၄) ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာတဲ့ မန်တုံ နမ္မတူ၊ နမ့်ဆန် သုံးမြို့နယ်မှာ စိုးမိုးထားတဲ့ TNLA တပ်ဖွဲ့ဝင်များ (Photo: PSLF/TNLA Info/ယခင်မှတ်တမ်းဓာတ်ပုံ)

ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ နမ့်ဆန်-သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်လာတဲ့ အခုကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၆၀ ကျော်လာပါပြီ။ ဒီလို စစ်အုပ်ချုပ်ရေးကျင့်သုံးနေတဲ့ဒေသတွေမှာ အခြေအနေ ဘယ်လိုရှိနေပါလဲ။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို နန်းလောင်ဝ်က စုစည်းတင်ပြပေးထားပါတယ်။

စစ်ကောင်စီက တနင်္လာနေ့မှာ ဒီမြို့နယ် ၃ ခုကိုစစ်အုပ်ချုပ်ရေးကြေညာခဲ့တာဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအပြင် တရားစီရင်တာမှာလည်း စစ်ခုံရုံးနဲ့ပဲ စစ်ဆေးမယ်လို့ဖော်ပြထားပါတယ်။ အခု ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်သုံးခုအပါအဝင် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း စစ်အုပ် ချုပ်ရေးကြေညာထားတဲ့မြို့နယ်ပေါင်းဟာ ၆၀ ကျော်ရှိလာပြီ လို့ Data for Myanmar က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၈ မြို့နယ်၊ ၂၀၂၃ ခုနှစ်မှာ ၄၈ မြို့နယ်နဲ့ ဒီနှစ် ၂၀၂၄ လက်ရှိ မတ် ၄ ရက်နေ့ထိ မြို့နယ် (၅) မြို့နယ်ဖြစ်ပြီး အခုဆို မြို့နယ် ပေါင်း ၆၀ ကျော်ရှိလာတာပါ။

မိုးမိတ်မြို့မှာ သီတင်းသုံးနေတဲ့ ဆရာတော်တပါးကတော့ လက်ရှိမိုးမိတ်မြို့ဟာ စစ်တလင်းလိုဖြစ်နေပြီး စစ်ကောင်စီက ပြန်လည်သိမ်းယူထားတဲ့ ဒီမြို့မှာ မြို့ခံတွေ စိတ်ချလက်ချနေဖို့ခက်တယ်လို့ မိန့်ပါတယ်။ လက်ရှိမှာလည်း ဒီမြို့ဟာ မြို့ပျက်ကြီး လိုဖြစ်နေတယ်လို့ပြောပါ တယ်။

"စစ်တပ်ကနေ မြို့တွေရွာတွေထဲဝင်ရင် လုံးဝစိတ်ချစရာမရှိဘူး။ အကုန်လုံးထွက်ပြေးနေရတာပဲ။ တော်လှန်ရေး တပ်တွေတုန်းက အဲလောက်မရှိဘူး။ စိုးရိမ်စရာလည်းမရှိဘူး၊ ထွက်ပြေးစရာလည်း မလိုဘူး။ စစ်တပ်ဝင်ပြီဆိုကတည်းက ပြည်သူတွေဒုက္ခရောက်ကြတာပဲ။ သူတို့ကမထင်ရင်မထင်သလိုတွေ၊ အိမ်တွေထဲမှာလည်း သူတို့ကမထင်ရင်မထင်သလိုလုပ်တာ။ သူတို့ထိန်းချုပ်တယ်ဆိုပြီးလမ်းတွေ ဘာတွေ ပိတ်ထားတယ်။ ရွာသူရွာသားတွေ သွားခွင့်လာခွင့်မပေးဘူး။ ဘာလို့မပေးတာလဲဆိုတာ ဦးဇင်းတို့ကရိပ်မိတယ်။ သူတို့ပစ္စည်းတွေ ဘာတွေ ဖရဲသီးတင်တဲ့ကားတွေနဲ့ သူတို့ကြိုက်တာတွေတင်ယူကြပြီးမှ ရွာလမ်း ဖွင့်ပေးတာ။"

စစ်အုပ်ချုပ်ရေး‌ကြေညာထားတဲ့မြို့နယ်တွေရဲ့ တရားစီရင်ရေးကို သက်ဆိုင်ရာစစ်ဒေသရဲ့ တိုင်းမှူး ဒါမှမဟုတ် တိုင်းမှူးကတဆင့် တာဝန်ပေးထားတဲ့ စစ်နယ်မြေမှူးတွေက စစ်ခုံရုံးဖွဲ့စီရင်ပိုင်ခွင့်ပေးထားပါတယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် ပြစ်မှု ၂၃ ခုကို စစ်ခုံရုံးနဲ့စီရင်မှာဖြစ်ပြီး "အယူခံ ပိုင်ခွင့်၊ ရှေ့နေလိုက်ခွင့်မရှိဘူး" လို့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့က စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တဲ့ မန်တုံ ၊နမ့်ဆန်၊ နမ္မတူ မြို့နယ်တွေဟာ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်ပြီး ဒီနေရာတွေကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းယူထားတာဖြစ်ပါတယ်။ အခု ဒီဒေသကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကနေ ဒီမြို့နယ်ကိုကိုင်တွယ်မယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကိုပါ စစ်အုပ်ချုပ်ရေးထည့်သွင်းလိုက်တာနဲ့ပတ်သက်လို့ သူ့အမြင်ကို အခုလိုပြောပါတယ်။

"စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာ သူအာဏာစက် ဆက်ရှိနေသေးတယ်ဆိုတာကို သူတို့က ဖော်ပြချင်တဲ့သဘော ပါဝင်ပါလိမ့်မယ်။ နောက်သဘောထားတခုကတော့ ဒီဒေသတွေဟာ ရှမ်းမြောက်ဒေသပေမယ့် TNLAဒေသပေါ့။ အဲဒါကြောင့် ဒီဒေသတွေကို အခြေအနေ အခွင့်အခါသင့်တဲ့အခါ ပြန်လည်တိုက်ခိုက်ဖို့အတွက် စစ်ရေးဦးတည်ချက်ရှိတယ်လို့ ဖော်ပြလိုက်တဲ့သဘောလို့ ယူဆ ပါတယ်။ အဲဒီဒေသတွေကို သူတို့တိုက်ပါလိမ့်မယ်။ ဆွေးနွေးပွဲမှာ တည်ဆောက်ထားတဲ့ငြိမ်းချမ်းရေးဆိုတာလည်း ဘာမှမရေရာပါဘူး။ ကျနော်ထင်တာ ဒီကိစ္စပြဿနာဖြစ်လာပါလိမ့်မယ်။"

လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၆၀ ကျော်မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၈.၂ သန်းကျော် နေထိုင်နေတယ်လို့ Data for Myanmar ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ ၁၉၈ မြို့နယ်ပဲတည်ငြိမ်ပြီး ၁၃၂ မြို့နယ်က လုံခြုံရေးရယူဖို့လိုအပ်နေတဲ့ အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာတင်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG