သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး စိုးရိမ်လို့ ရခိုင်ဒေသခံတွေ မောင်တောနဲ့ ဘူးသီးတောင်မြို့မှာ လာရောက်ခိုလှုံ


ဘူးသီးတောင်မြို့ ခေတ္တကယ်ဆယ်ရေးစခန်းကို လာရောက် ခိုလှုံနေကြသူ ဒုက္ခသည်များ။ ( ၂၀၁၆ခုနှစ်)
ဘူးသီးတောင်မြို့ ခေတ္တကယ်ဆယ်ရေးစခန်းကို လာရောက် ခိုလှုံနေကြသူ ဒုက္ခသည်များ။ ( ၂၀၁၆ခုနှစ်)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်တာတွေ ပြန်လည်မြင့်တက်လာတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့ကို ထပ်မံတိမ်းရှောင်လာနေပါတယ်။ တိမ်းရှောင်လာသူတွေဟာ အဓိက ဘူးသီးတောင်မြို့ကို သွားရောက်နေသလို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မလာရောက်နိုင်တာတွေ ရှိနေကြောင်းလည်း သုံးသပ်ကြပါတယ်။ လက်ရှိ ဘူးသီးတောင်၊ မောင်တောဒေသက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၂ရက်နေ့က စတင်ပြီး မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်တာတွေ အရှိန်မြင့် တက်လာခဲ့တဲ့နောက် ပဋိပက္ခဖြစ်ပွားရာဒေသက တိုင်းရင်းသားတွေဟာ ဒီရက်ပိုင်းအတွင်း ဘူးသီးတောင်နဲ့ မောင်တောမြို့ပေါ်တွေကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

လတ်တလော ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာသူတွေရဲ့အခြေအနေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဘူးသီးတောင်မြို့က ဦးသန်းနိုင်က အခုလို ပြောပါတယ်။

" ဒုက္ခသည်က ကျနော်တို့ဆီမှာ တစ်ရာကျော်တယ်။ တရာကျော်ရှိတယ် ကျနော်တို့ဆီမှာ။ အရင်တခေါက် ကျနော်တို့ ၁၀လပိုင်း ၁၃ရက်နေ့က လာတဲ့လက်ကျန်လည်းရှိတယ်။ အခုထပ်ပြီး တိုးလာတယ် ၃၀ကျော်ရှိတယ်။ အခုက ၇၀ကျော်လောက် အခုထပ်တိုးလာတယ်ခင်ဗျ။ အဓိက ကတော့ အခုနှစ်ဘက်ဖြစ်နေတဲ့ စစ်ကြောင့် ထွက်ပြေးလာရတယ်။ သူတို့က အဲ့ဒီ့နယ်မြေမှာ သေနတ်သံတွေက ဆက်တိုက်ကြားနေရတယ်။ သူတို့စားဝတ်နေရေးကလည်း ခက်ခဲကြတယ်။ သူတို့က တရက်ရှာမှ တရက်စားရတဲ့သူတွေဖြစ်တယ်။ စားဝတ်နေရေးက အခက်အခဲဖြစ်နေလို့ ဒီဘူးသီးတောင်စခန်းကို လာကြတာဖြစ်တယ်။ "

ရောက်ရှိလာတဲ့ တိမ်းရှောင်လာသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းရွာနဲ့ အနီးအနား ရွာတွေက ဖြစ်ပြီး လောလောဆည် ဘူးသီးတောင်မြို့က သုဓမ္မာရုံဘုန်းကြီးကျောင်းမှာ နေရာချထားပါတယ်။

မောင်တောမြို့က အခြေအနေကိုတော့ မောင်တောမြို့က အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက အခုလို ပြောပါတယ်။

" ဒုက္ခသည်တွေက ဟိုတနေ့က ဘူးသီးတောင်ဘက်မှာ အဲ့ဘက်က ဘုန်းကြီးကျောင်းမှာ ရှိနေကြပါတယ်။ ကျနော်တို့ မောင်တောဘက်မှာတော့ ၁၁ဦးလောက်ရှိပါတယ်။ မောင်တောမြို့မှာလည်း စိုးရိမ်မှုတွေရှိတယ်ထင်ပါတယ်။ အဲ့တာကြောင့် တခါတည်း ဘူးသီးတောင်ဘက်ကို ထွက်သွားကြတာ များပါတယ်။

ကောလဟာလတွေက များတယ်။ အမျိုးမျိုးပေါ့ ခနနေ ရဲစခန်းကို ဝင်တော့မလိုလို။ ဘင်္ဂလီတွေကပဲ ဆန္ဒဖော်ထုတ်တော့မလိုလို အဲ့လို ဝါဒဖြန့်မှုတွေ များတဲ့အတွက် လူတွေက အမြဲတမ်းစိုးရိမ်ထိတ်လန့်နေကြတာတွေရှိတယ်။ စိုးရိမ်စရာကတော့ အဲ့လောက်ကြီး စိုးရိမ်စရာအနေအထားတာ့ မရှိပါဘူး။ အခုလောလောဆယ်ကတော့ ၁၂ရက်နေ့ ဖြစ်သွားပြီး နောက်ပိုင်းမှာ ဒီဘက်နဲ့ လမ်းပမ်း ဆက်သွယ်ရေးက ပြတ်တောက်သွားတဲ့ သဘောရှိတယ်။ ကားတွေကတော့ အသွားအလာမရှိသလောက်ပါပဲ။ အဲ့ဒီ့တော့ ဒေသခံတွေက လာချင်ပေမဲ့ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရပါတယ်။"

ဒီလအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သူတွေအကြား တိုက်ခိုက်တာတွေ ပြင်းထန်လာချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရာနဲ့ ချီတဲ့အစ္စလာမ်ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာတော့ နယ်စပ်တလျောက်မှာ လုံခြုံရေးတင်းကျပ်ထားတာကြောင့် ဖြတ်သန်းဖို့ ခက်ခဲမှာဖြစ်ကြောင်း ဦးခင်မောင်သန်းက သုံးသပ်ပါတယ်။

"အကြမ်းဖက်အဖွဲ့တွေက ကျနော်တို့ မောင်တောမြို့နယ်မှာ ရှိနေကြတော့ သူတို့ကို စစ်ဆင်ရေးကာလမှာ အပေါက်တွေကို ပိတ်ထားတာရှိတယ်။ အဲ့တော့ ဘယ်ကနေ ထွက်ပြေးမှာလဲ သူတို့။ ဟိုဘက်က ဝင်လာတဲ့တလျောက်မှာ အဲ့ဘက်က BGF တို့ ဘာတို့ အကုန်စောင့်နေကြတာဆိုတော့ အဲ့ဘက်ကို ဘယ်လိုပြေးကြမလဲ သူတို့။"

ကြာသပတေးနေ့ကတော့ မောင်းတောမြို့ မောက်ပိုင်း မြင်းလွတ်ရွာမှာ ဆရာ၊ဆရာမတွေနေထိုင်ရာအဆောင်တခု မီးရှို့ဖျက်ဆီးခံရကြောင်းနဲ့ ဒီကနေ့မနက်မှာတော့ ကြိမ်ချောင်းနဲ့ လောင်းတုံလမ်း ရေကျော်တံတားမှာ ဗုံးတလုံးထောင်ထားတာကို ရှင်းလင်းခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံတကာသတင်းမီဒီယာတချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူ ၅၀၀လောက်ထိ တိမ်းရှောင်လာကြောင်း ဖော်ပြတာတွေ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှုးတွေကို စုံစမ်းမေးမြန်းရာမှာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တာမရှိကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူ ၇၀ကျော်ကို မြန်မာ့တပ်မတော်က ပစ်ခတ်သတ်ဖြတ်တယ်ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကိုလည်း သတင်းထုတ်ပြန်ရေးကော်မတီက ငြင်းဆိုထားပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသတွင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို စစ်ဆေးရာမှာ ဘင်္ဂလားဒေရှ်နိုင်ငံက လာရောက်သူတွေနဲ့ ဗလီဆရာတွေက ဦးဆောင်ခဲ့ကြောင်း ထွက်ဆိုတယ်လို့ လည်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းတွေကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ စုံစမ်းရေးအဖွဲ့တွေကို မောင်တောဒေသကို သွားခွင့်ပြုဖို့အတွက် မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG