သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီ လုပ်ကြံခံရမှုအပေါ် NLD နာယကဦးတင်ဦး ရှုတ်ချပြစ်တင်


တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရတဲ့ဖြစ်ရပ်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနာယက သူရဦးတင်ဦး က အပြင်းအထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

“ဒီလို လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး အန်ကယ်တို့က ရှုတ်ချတာပေါ့ခင်ဗျ၊ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ ပက်ပက်စက်စက် ရှုတ်ချတယ်။”

ရှေ့နေကြီးဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်တခုကနေ တနင်္ဂနွေနေ့က ပြန်ရောက်ပြီး အချိန်ပိုင်းအတွင်းမှာပဲ ရန်ကုန်လေဆိပ် မှာ သေနတ်သမားတဦးက အနီးကပ် ပစ်ခတ် လုပ်ကြတဲ့အတွက် သေဆုံးသွားရတာပါ။ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ သူ့ရဲ့ နာရေးအခမ်းအနားကို ဒီကနေ့ညနေပိုင်းက ရေဝေးသုဿန်၊ အစ္စလာမ်သချိုၤင်းမှာလုပ်ခဲ့ပြီး လူ ထောင်ပေါင်းများစွာ တက်ရောက်ပါတယ်။

ဦးကိုနီကို ပစ်ခတ်လုပ်ကြံခဲ့သူကိုတော့ အခင်းဖြစ်တဲ့အချိန်က အနီးနားမှာရှိနေတဲ့ အငှားယာဉ်မောင်းသူတွေရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေပါတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ အသေးစိတ် အချက်အလက်တွေကို သိပ်မသိရသေးဘဲ လုပ်ကြံသူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုက ရှုပ်ရှုပ်ထွေးထွေး ရှိနေဆဲပါ။ လုပ်ကြံသူကို ဝိုင်းဖမ်းပေးတဲ့ အငှား ယာဉ်မောင်းသူတွေထဲက ဦးနေဝင်းဟာလည်း သေနတ်သမား ထပ်ပစ်တာကနေ ရတဲ့ဒဏ်ရာကြောင့် မနေ့ကပဲ ဆေးရုံမှာ ကွယ် လွန်သွားတာပါ။ ဒီဖြစ်ရပ်ကို နိုင်ငံရေးအရ လုပ်ကြံမှုတခုအဖြစ် လူအများအပြားက သတ်မှတ်ကြပြီး ပြစ်တင် ရှုတ်ချကြပါတယ်။

ဥပဒေအကြံပေးတဦး ဆုံးရှုံးရတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရတဲ့အကြောင်းနဲ့ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မကြာသေးခင်အချိန်ပိုင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG