သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီကို ပစ်ခတ်လုပ်ကြံသူ ထောင်ထွက်ရာဇဝတ်သားဟု ထုတ်ပြန်


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (U Ko Ni facebook)
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (U Ko Ni facebook)

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုသေနတ်နဲ့ ပစ်ခဲ့သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျား ကျေးရွာမှာ နေထိုင် သူတဦးဖြစ်တယ်ဆိုတာကို စစ်ကိုင်းတိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။ တရားခံမိသားစုဝင်တွေဟာ အဲဒီရွာမှာနေထိုင်နေ ပြီး တရားခံဟာ လွန်ခဲ့တဲ့ ၆လလောက်ကစပြီးအဲရွာကထွက်သွားလို့ မိသားစုတွေအနေနဲ့က သူဘယ်မှာလဲဆိုတာမသိဘူးလို့ ထွက်ဆိုထားပါတယ်။တရားခံဟာ ဘုရားခိုးမှုနဲ့ နှစ်ရှည်ထောင်ကျခဲ့သူ ဖြစ်ပါတယ်။ တရားခံဆီကနေတွေ့ရှိခဲ့တဲ့ မှတ်ပုံတင်အရ မန္တလေးလိပ်စာဖော်ပြထားပေမယ့် မန္တလေးမှာ နေထိုင်သူမဟုတ် သလို မန္တလေးသားလည်းမဟုတ်ကြောင်း၊ မန္တလေးတိုင်းရဲမှုးက အတည်ပြုပေးထားပါတယ်။ နောက်ဆုံးရသတင်းကို ဗွီအိုအေ မြန်မာပိုင်းက မေခကဆက်သွယ်မေးမြန်းထားပါတယ်။

အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ ရှေ့နေ့ကွန်ယက်ရဲ့ ဦးဆောင်သူတဦးလည်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ မနေ့ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ တရားခံကို အခင်းဖြစ်နေရာမှာ အဌားယာဉ်မောင်းတက်စီဒရိုင်ဘာတွေနဲ့ ပြည်သူတွေဝိုင်းဖမ်းပေးလို့ လက်ရဖမ်းဆီးနိုင်ခဲ့ပါ တယ်။ နောက်ဆုံးသိရချက်ကတော့ တရားခံဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျား ကျေးရွာမှာ နေထိုင် သူတဦးဖြစ် ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အခုလိုအတည်ပြုလိုက်တာဖြစ်ပါတယ်။

“မှန်တယ် လွန်ခဲ့တဲ့ ၆လလောက်ကလည်း နေခဲ့တယ်။ အခုတော့ သူမနေတော့ဘူး။ သူ့အမေကြီးနေတယ်လို့တော့ ကြားသိရတယ်၊ မန္တလေးမှာ နေတယ်ဆိုပြီးတော့ မန္တလေးမှာတော့ သူတို့ သဲသဲကွဲကွဲရှာလို့မရသေးဘူး ၂၀၀၃ ခုနှစ်က ဘုရားခိုးမှုနဲ့ သူအဖမ်းခံရဖူးတယ်။ သူ့ကို ခိုးမှုဆိုတော့ ၂၇ နှစ် ကျတယ်လို့ ကြားသိရတယ်။ အဲဒါကို ၁၁ နှစ်လောက်နေပြီးတော့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လာတယ်လို့သိရတယ်။”

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကအတည်ပြုပေမယ့် မေးမြန်းစုံစမ်းနေဆဲဖြစ်တာမို့ တခြားဘာအကြောင်းအရာကိုမှ ထပ်မံအတည်ပြုပေးလို့မရကြောင်း၊ တရားခံဟာအမြဲတမ်းနေသူမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂နှစ် ထောင်ကထွက်လာမှသာပြန်လည် ရောက်ရှိလာသူဖြစ်ကြောင်း ပြောပါတယ်။

မနေ့က ဖမ်းဆီးရမိချိန် တရားခံဆီကနေတွေ့ရှိခဲ့တဲ့မှတ်ပုံတင်အရ တရားခံနာမည်ဟာ ဦးကြည်လင်းဖြစ်တယ်လို့ ရဲမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။မှတ်ပုံတင်ပါမှာ မန္တလေးလိပ်စာကိုဖော်ပြထားတာကြောင့် မန္တလေးတိုင်းဒေသ ကြီးဘက်က မှတ်ပုံတင်ပါလိပ်စာကနေတဆင့် လိုက်လံ စစ်ဆေးခဲ့ပေမယ့် တရားခံဟာ မှတ်ပုံတင်ပါလိပ်စာမှာနေသူမဟုတ်သလို မန္တလေးသား လည်း မဟုတ်ကြောင်း ဒီကနေ့နေ့လည်ပိုင်းက မန္တလေးတိုင်းရဲမှုး ဦးဟန်ထွန်း ကမီဒီယာတွေကိုတွေ့ဆုံကာအတည်ပြုခဲ့ပါတယ်။

“သူဟာ ဒီရပ်ကွက်မှာနေထိုင်ခဲ့သူမဟုတ်ဘူးဆိုတာကို ကျနော်တို့ သိရှိခဲ့ရပါတယ်။ အဲဒီမှာ ကျနော်တို့က ထပ်မံစုံစမ်းချက်အရ အဲဒီမှာ နေထိုင်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀- ၃၀ ကတည်းက နေထိုင်တဲ့ ဒေသခံတွေ၊ နေခဲ့တဲ့ လူတွေရဲ့ ပြောချက်အရ ဒီလူကို အဲဒီရပ်ကွက်ထဲမှာ မြင်ဖူးတယ်လို့၊ တွေ့ဖူးတယ်လို့ ပြောတာမရှိပါဘူး။ မှတ်ပုံတင်ကို ကြည့်တဲ့အခါမှာ မှတ်ပုံတင်စတင်လုပ်စဉ်ကာလတုန်းက ကျနော်တို့ နှစ်ကာလအပိုင်းအခြားနဲ့ ပြောမယ်ဆိုရင် ၁၉၉၉- ၂၀၀၀ ခုနှစ်တုန်းက လုပ်တဲ့ မှတ်ပုံတင်အမျိုးအစားဖြစ်ပြီး အဲဒီကာလမှာ လုပ်သွားတယ်လို့ ယူဆတယ်။ ကျနော်တို့ ပြောနိုင်တာ တချက်ကတော့ ဒီလူက မန္တလေးသားမဟုတ်ပါဘူး။”

တရာခံကို စစ်မေးနေတဲ့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဘက်က စစ်မေးမှုနဲ့ပတ်သတ်လို့ ဘာမှမထုတ်ပြန်သေးပါ ဘူး။ နိုင်ငံတော်ပြုပြင် ပြောင်းလဲရေး လုပ်နေချိန် ဖွဲ့စည်းပုံ အခြေခံဥပေဒအပိုင်းမှာ ထိရောက်တဲ့ အကြံပေးချက်တွေလုပ်ခဲ့တဲ့ ရှေ့နေကြီး ဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့ အခုလို လုပ်ကြံ သတ်ဖြတ် ရတာလဲဆိုတဲ့အဖြေဟာအခုချိန်ထိ တရားခံက မပြော သေးပါဘူး။

နိုင်ငံတော်သမ္မတရုံးကနေ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာတော့ ကနဦးစစ်ဆေးချက်အရ နိုင်ငံတော်အတွင်းတည် ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ဒီလုပ်ကြံမှုအပေါ် သုံးသပ်ထားပါတယ်။

တပ်မတော်ဘက်ကလည်း ဥပဒေအကြံပေး ဦးကိုနီ သေဆုံးမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဖမ်းဆီးရမိရေး အတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ကပစ်ခတ်မှုကြောင့် ဦးကိုနီအပြင် တရားခံကို ကူညီဖမ်းပေးခဲ့တဲ့ တက်စီဒရိုင်ဘာ ကိုနေဝင်းပါ သေဆုံးခဲ့ရပါတယ်။ ဒီကနေ့ မှာတော့ ဦးကိုနီကို ရေဝေးမှာ ဂူသွင်း သင်္ဂြ ိုဟ် ပါတယ်။ ကိုနေဝင်းကိုတော့ မနက်ဖြန်မှ တိုင်းအစိုးရအစီအစဉ်နဲ့ သင်္ဂြ ိုဟ် မှာပါ။ ဒီကနေ့နေ့လည်ပိုင်းမှာတော့ ရန်ကုန်စစ်တိုင်းမှုး ဗိုလ်ချုပ် မျိုးဇော်သိန်းက ဦးကိုနီအိမ်နဲ့ ကိုနေဝင်းအိမ်တို့ကို သွားရောက်နှစ်သိမ့် ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျား ကျေးရွာက ဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တို့က အတည်ပြုလိုက်ပါတယ်။ ရှေ့နေကြီး ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့သူဟာ ယင်းမာပင်မြို့နယ် စိုင်လျားရွာ ဇာတိ အသက် ၅၃ နှစ် အရွယ် ဦးကြည်လင်း ဖြစ်ပါတယ်။ ဦးကြည်လင်းရဲ့ လက်ချက်ကြောင့် ရှေ့နေကြီး ဦးကိုနီ၊ နောက် သူ့ကို ဖမ်းဖို့ ကြိုးစားတဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ သေဆုံးခဲ့ရတာပါ။ သေနတ်သမား ဦးကြည်လင်းရဲ့ ဇာတိရွာ စိုင်လျားကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ယင်းမာပင် ရဲမှူးကြီး ဦးမြင့်သိန်းကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

မေး။ ။ ဦကြည်လင်းက ရဲမှူးကြီးတို့မြို့နယ်က လို့ ကျမတို့ သိထားပါတယ် အဲဒါ သူ့အကြောင်းလေး သိချင်လို့ပါ။

ဖြေ။ ။သူ့ဇာတိပါ၊ နောက်ပိုင်းကျတော့ သူမနေတာ ကြာသွားပြီ။

မေး။ ။အခုရဲမှူးကြီးတို့ သွားပြီး စစ်တယ်လို့ပြောပါတယ် သူ့ရွာကို ဆိုတော့ ဘာတွေများတွေ့ပါသလဲရှင့်။

ဖြေ။ ။မတွေ့ပါဘူး လက်နက်ခဲယမ်းတို့၊ ဥပဒေမဲ့ ပစ္စည်းတို့ ၊ အဲဒီ ရန်ကုန်မှာ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သေနတ်တွေ ဘာတွေ ထပ်များတွေ့မလားလို့ သွားကြည့်တာပါ။

မေး။ ။သူ့မိသားစုရော ရှိပါသလားရှင့် အဲဒီရွာမှာ

ဖြေ။ ။ရှိပါတယ် သူ့မိသားစု ၄-၅ ယောက်လောက် ရှိတယ်၊ တောင်ယာ လုပ်ကိုင်စားသောက်ကြတာ။

မေး။ ။သူတို့ကရော သူနဲ့ ပတ်သက်ပြီးတော့ ဘာများ ရဲမှူးကြီးတို့ကို သတင်းပေးနိုင်ပါသလဲ။

ဖြေ။ ။အခုက ဖမ်းထားပြီးပြီလေ။

မေး။ ။ဟုတ်ကဲ့ ဒီလူက ဘာလုပ်သလဲ ၊ သူဘာကြောင့်လုပ်တယ်ဆိုတာ ၊ ဦးကိုနီကို သတ်ရတဲ့အကြောင်းအရင်း ဒီလို တစွန်းတစမျိုး သိခဲ့ရတာ ရှိပါသလား ရဲမှူးကြီး။

ဖြေ။ ။မရှိဘူး၊ သူက အိမ်နဲ့ မတည့်ဘူး။ အိမ်မှာက သူက ပိုက်ဆံတောင်းလို့ ၁ သောင်းတောင်းလိုက်၊ ၂ သောင်းတောင်းလိုက် နဲ့ နောက် ၃ သောင်းတောင်းလိုက် အဲလို ခဏခဏ ပိုက်ဆံတောင်းလို့ သူတို့ စကားများတယ်၊ အိမ်ပြန်လာရင်လည်း သူနဲ့စကားမပြောဘူး ရန်ဖြစ်တယ်။ အဲလို အိမ်နဲ့ကို အရောမဝင်တာ သူက။ နောက်ပြီးတော့ သူ့မိသားစုက လယ်ယာလုပ်ငန်းခွင်ထဲမှာပဲ နေတာများတယ်။

မေး။ ။သူက စိုင်လျားမှာနေနေတာလားရှင့် လက်ရှိလေ။

ဖြေ။ ။မနေဘူးခင်ဗျ သူနှစ်တော်တော်များများပျောက်သွားပြီလို့ပြောတယ်။

မေး။ ။ဆိုတော့ အခုလောလောဆယ် သူက ပြန်လာတယ်ဆိုပြီး ကျမတို့ ဖတ်နေရပါတယ် ဟုတ်ပါသလား ရဲမှူးကြီး

ဖြေ။ ။လွန်ခဲ့တဲ့ ၄-၅ လက ပျောက်သွားတယ်လို့ပြောတယ်။

မေး။ ။ဆိုတော့ သူ့မိသားစုနဲ့ ပတ်သက်ပြီးတော့ရော ဒီဟာနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးရေး ဘာဆက်လုပ်နေပါသလဲ။

ဖြေ။ ။မရှိပါဘူး သူတို့က တောင်ယာ ထဲမှာ တနေကုန်ပဲ နေတာဆိုတော့လေ။ မေးတာ မြန်းတာတော့ ရှိတာပေါ့နော် ။ တနေကုန် တောင်ယာမှာ အဲလိုပဲ လုပ်ကြတယ်ဆိုတော့လေ သူတို့က လယ်ပိုင်ယာပိုင်တွေ ရှိတယ်လေ။

မေး။ ။မိသားစုကရော ဘယ်လို မိသားစုလဲ ရဲမှူးကြီး။

ဖြေ။ ။လယ်ယာတွေပိုင်တယ် ဧက ၃-၄၀ လောက်ပိုင်တယ် အိမ်တွေလည်း အဲဒီဝန်းထဲမှာ ဆောက်ထားတယ် ၂ လုံး ၃ လုံး ၊ သာမန်ပါပဲ တောင်ယာလုပ်ကိုင်စားသောက်ကြတယ်။

မေး။ ။ ရဲမှူးကြီး သူ့အမျိုးသမီးတို့ဘာတို့ရော အဲဒီမှာ နေတာပါလားရှင့်။

ဖြေ။ ။မရှိပါဘူး သူက ဒီမှာလာနေရင် ၁ ယောက်တည်းနေတာ။

မေး။ ။အဲဒီတော့ ဒီမြို့နယ်ထဲမှာ နေတော့ရော သူ့မူခင်းမှတ်တမ်းတွေဘာတွေရော ရဲမှူးတို့မှာ ရှိပါသလား။

ဖြေ။ ။မရှိဘူးခင်ဗျ ကျနော်တို့လည်း အဲလိုမျိုးရှိမလားဆိုပြီးရှာကြည့်တယ်။ ဒီကနေ တနေကုန်ရှာတယ် မရှိဘူးခင်ဗျ။ ဘာမှ သူ့မူခင်းမှတ်တမ်းမရှိဘူး။

မေး။ ။ ရဲမှူးကျေးဇူးတင်ပါတယ်ရှင့်။

သေနတ်သမား ဦးကြည်လင်းရဲ့ ဇာတိရွာ စိုင်လျားကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ယင်းမာပင် ရဲမှူးကြီး ဦးမြင့်သိန်းကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG