သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဥပဒေအကြံပေး ဦးကိုနီ ဈာပန လူထောင်ချီတတ်ရောက်


ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ သေနတ်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်တာခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရှေ့နေ တဦဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေဦးကိုနီရဲ့ ဈာပနကို ဒီကနေ့ ရေဝေးသုဿန်က မွတ်စလင်သချိုၤင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ရှေ့နေဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ရန်ကုန်လေဆိပ်ကို မနေ့က ပြန်ရောက်စဉ် သေနတ်သမားတဦးရဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတာပါ။ ဦးကိုနီရဲ့ ဈာပနအခမ်းအနားကို NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ အပါအဝင် ပြည်တွင်းအဖွဲ့အစည်းအသီးသီးက အထင်ကရပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ရေဝေးသုဿန်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ရှေ့နေဦးကိုနီရဲ့ ဈာပနအခမ်းအနားမြင်ကွင်း နဲ့ ပတ်သက်ပြီး ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ကိုရန်နိုင်ကဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။

ကိုစည်သူ။ ။ဟုတ်ကဲ့ပါ ဒီကနေ့က ရေးဝေးမှာရှိတဲ့ စွန္နီမွတ်စလင်သချိုၤင်းမှာ ဦးကိုနီကို မြေမြုပ်သင်္ဂြ ိုဟ်တဲ့ အခမ်းအနားလုပ်တာပါခင်ဗျ။ အသုဘ ရှု့ဖို့လာတဲ့လူတွေ တော်တော်များပါတယ်ခင်ဗျ။ ထောင်နဲ့ချီပြီးတော့ သချိ ၤုင်းနေရာ ပတ်ဝန်းကျင်တွေမှာ လူတွေ ပြည့်နေလောက်အထိကို လာပြီးတော့ အသုဘ ရှု့ဖို့၊ အသုဘ လိုက်ပါပို့ဆောင်ကြပါတယ်ခင်ဗျ။ သူတို့က အသုဘ ရှု့ဖို့နေရာလေးတခု စီစဉ်ထားပြီးတော့ လူတွေကို တတန်းခြင်းစီ ဝင်ပြီးတော့ အသုဘ ရှု့ဖို့စီစဉ်ထားပါတယ်ခင်ဗျ။ နောက်ဆုံးလူတွေက မနိုင်တဲ့အခါမှာတာ့ တော်တော်လေးများများနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်တဲ့အထိ လူတွေတော်တော်များတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ပြီးတော့ ရေဝေးမှာ ရှိတဲ့ ရေဝေးဘလီမှာပဲ သူတို့ ဆုတောင်း အခန်းအနားလေးလုပ်ပြီးတော့ အဲဒီနားမှာပဲ မြေမြုပ်ဖို့ စီစဉ်ထားတဲ့ နေရာမှာ ဦးကိုနီရဲ့ ရုပ်အလောင်း ကို မြေမြုပ်သင်္ဂြ ိုဟ် ပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ဘယ်အချိန်လောက်က မြေမြုပ်သင်္ဂြ ိုဟ်လိုက်သလဲခင်ဗျ

ကိုစည်သူ။ ။၄ နာရီခွဲဝန်းကျင်လောက်မှာ ဖြစ်ပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ လူတွေက ဘယ်လောက်လောက် ခန့်မှန်းရသလဲ။

ကိုစည်သူ။ ။လူတွေက တော်တော်များတယ်ခင်ဗျ ထောင်နဲ့ ချီပြီး ကျနော်တို့ ခန့်မှန်းမိသလောက်တော့ လူဦးရေ ၄ ထောင်၊ ၅ ထောင် အထက်လောက်မှာ ရှိလောက်တယ်ခင်ဗျ။ လူတွေက တော်တော်များတယ၊ ဒီရေဝေး စွန္နီမွတ်စလင်သုဿန် အဲဒီနေရာကြီး တခုလုံး ပြည့်သွားလောက်တဲ့အထိ လူတွေ တိုးမပေါက်ပါဘူး။

ကိုရန်နိုင်။ ။ဒီနေ့ လာတဲ့အထဲမှာ အထင်ကရပုဂ္ဂိုလ်တွေ ထဲက ဘယ်သူတွေကို တွေ့သေးသလဲ။

ကိုစည်သူ။ ။ကျနော်တို့ တွေ့မိသလောက်တော့ ဒီနေ့လာတဲ့အထဲမှာ NLD ပါတီနာယက သူရဦးတင်ဦး ကိုတွေ့တယ် နောက်ပြီးတော့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ထဲက အတွင်းရေးမှူးအဖွဲ့ထဲက ဦးဉာဏ်ဝင်းတို့ တခြားခေါင်းဆောင်တွေ တွေ့တယ်။ နောက်ပြီးတော့ ရန်ကုန်တိုင်း တိုင်းမှူးတယောက်လာတယ်၊ ရန်ကုန်တိုင်းအစိုးရက တာဝန်ရှိတဲ့သူ တချို့တွေ့တယ်၊ အမေရိကန်သံအမတ်ကြီး Scot Marciel လာတယ်၊ ဗြိတိသျှ သံအမတ်ကြီးလာတယ်၊ နောက်တခြားနိုင်ငံ သံအမတ်ကြီးတချို့ကိုလည်းတွေ့တယ်ခင်ဗျ။ ပြီးတော့ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌနဲ့ ဒု ဥက္ကဌကိုလည်း တွေ့တယ်ခင်ဗျ။ ကိုမင်းကိုနိုင်တို့၊ ဦးကိုကိုကြီးတို့ ၈၈ ပွင့်လင်းက တချို့ကိုလည်း တွေ့ပါတယ်ခင်ဗျ။ နောက်ပြီးတော့ CSO အဖွဲ့အစည်းကလူတွေကိုလည်း တွေ့ပါတယ်၊ နောက်ပြီးတော့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတချို့ကိုလည်း တွေ့ရပါတယ်။

ကိုရန်နိုင်။ ။လုံခြုံရေး အခြေအနေကရော ဘယ်လိုတွေ့ရသလဲ

ကိုစည်သူ။ ။ လုံခြုံရေး အခြေအနေကတော့ ကျနော်တို့ တွေ့မိသလောက် ရဲတပ်ဖွဲ့က လုံခြုံရေး ယူထားတာ ရှိတယ်။ နောက်ပြီးတော့ သူတို့ မွတ်ဆလင်အသိုင်းအဝိုင်းက လူတွေလည်း လုံခြုံရေးအနေနဲ့ ပါဝင်ပြီးတော့ လုပ်ပေးနေတာတွေရှိတယ်။ နောက် NLD ကလူတွေလည်း လုံခြုံရေးအနေနဲ့ သူတို့ ကူညီပေးနေတာတွေရှိပါတယ်ခင်ဗျ ၊ တော်တော်များများ လုံခြုံရေးကို အလေးထားပြီးတော့ လုပ်ထားတာ တွေ့ရပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။အဲဒီတော့ ဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ထဲမှာရော လူတွေက ဘယ်လောက်အထိ ဒါကိုသိကြလဲ၊ လူတွေက ရဲ့အခြေအနေရော ဘယ်လိုရှိသလဲ။

ကိုစည်သူ။ ။ကျနော်တို့ သိသလောက်ကတော့ မနေ့ညက Online တွေကနေ ချက်ချင်းသိကြတဲ့လူတွေကတော့ တော်တော်လေးကို တုန်လှုပ်ခြောက်ခြားတဲ့ အခြေအနေမျိုးတွေတွေ့ရတယ်။ လမ်းပေါ်မှာလည်း လမ်းလျှောက်နေရင်းနဲ့ အဲဒီအကြောင်းအရာတွေကို ပြောနေတာတွေ ကျနော်တို့ ကြားရတယ်ခင်ဗျ။ ဒီမနက်ထိကိုပဲ လမ်းပေါ်မှာ တချို့သွားလာနေတဲ့လူတွေ တော်တော်များများ စကားပြောနေတာက ဒီ ဦးကိုနီနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများကိုပဲ ပြောနေတဲ့ အသံကို ကြားရတယ်ခင်ဗျ။ ဆိုတော့ ရန်ကုန် မြို့က လူတွေကတော့ ဒီကိစ္စက တော်တော်လေးကို သူတို့အတွက် ထိတ်လန့်စရာ၊ တော်တော်လေး အံသြစရာကိစ္စတခုအဖြစ် နည်းနည်းလေး လူတွေကြားမှာ ပြောနေတဲ့ ကိစ္စတခုအဖြစ် နေပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ထူးထူးခြားခြား ဘာများပြောစရာရှိသေးသလဲ

ကိုစည်သူ။ ။ ဒီနေ့ အခမ်းအနားမှာ ထူးခြားတာ ဆိုတာထက် လူတွေအများကြီးလာတယ်၊ ဒီလူတွေအများကြီးကို တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိ ဝီရိယနဲ့ တော်တော်လေး ထိန်းသိမ်းနေတာ ကျနော်တို့ တွေ့ရတယ် နောက်လူတွေကလည်း တော်တော်လေး ပူးပေါင်းပါဝင်ပြီးတော့ စနစ်တကျလေးဖြစ်အောင်တော့ သူတို့ ကူညီကြပါတယ်။ နောက်ဆုံး လူတွေအရမ်းများတော့ မြေမြုပ်ဖို့အတွက် အခေါင်းကို သယ်တဲ့အခါ မူလစီစဉ်ထားတဲ့အစီအစဉ်အတိုင်း သယ်မယ်ဆိုရင် လူတွေအရမ်းများပြီး လူ ၁ နေရာတည်းမှာ စုလိုက်မိမှာကို စိုးရိမ်တဲ့အတွက် တခြားလမ်းကြောင်းတွေကိုသုံးပြီးတော့ အနောက်ဘက်ကနေ ပတ်ပြီးတော့ ကားနဲ့ သယ်ဆောင်ပြီးတော့မှ မြေမြုပ်တဲ့ အစီအစဉ်ကို လုပ်ရတဲ့ အခြေအနေမျိုးတော့ ရှိတယ်ခင်ဗျ။"

ရှေ့နေဦးကိုနီရဲ့ ဈာပနအခမ်းအနားမြင်ကွင်း နဲ့ ပတ်သက်ပြီး ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ကိုရန်နိုင်ကဆက်သွယ်မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG