သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ပိုင် Reunion ကျွန်း အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွား


ပြင်သစ်နိုင်ငံ Reunion ကျွန်းမှာ အစ္စလာမ်အစွန်းရောက်တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိသူတဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းစဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သံသယရှိသူနဲ့ မိခင်ဖြစ်သူတို့ကိုတော့ နောက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပြီး၊ သူတို့ ၂ ဦး နေထိုင်ရာ တိုက်ခန်းတွဲကို ရှာဖွေရာမှာ လက်နက်အများအပြားနဲ့ မီးလောင်ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

အသက်အန္တရာယ် စိုးရိမ်စရာမရှိဘဲ ဒဏ်ရာအနည်းအကျဉ်းသာ ရခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ဆေးရုံကိုပို့ဆောင် ကုသပေးခဲ့တာပါ။ အကြမ်းဖက်ဝါဒကို ဂုဏ်တက်အောင်လုပ်ဖို့ ကြိုးပမ်းမှုနဲ့ သံသယရှိသူကို အလိုရှိနေတာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ကြေညာချက်မှာ ပြောဆိုခဲ့ပေမဲ့၊ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။ ဖမ်းဆီးခံရသူဟာ အစ္စလာမ်အစွန်းရောက်တွေနဲ့ ဆက်နွယ်မှုရှိကြောင်း သံသယရှိတဲ့အတွက် အမှုကို အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး အရာရှိတေက ကိုင်တွယ်နေပါတယ်။ ပါရီမြို့တော်မှာ ရဲတပ်ဖွဲ့ဝင်တဦး ပစ်ခတ်သတ်ဖြတ် ခံခဲ့ရပြီး သီတင်းတပတ် အကြာမှာပဲ၊ အိန္ဒိယသမုဒ္ဒရာတွင်းက ပြင်သစ်နိုင်ငံပိုင် Reunion ကျွန်းမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာပါ။

ပါရီမြို့က တိုက်ခိုက်မှုကိုတော့ IS စစ်သွေးကြွအဖွဲ့က သူတို့လက်ချက်အဖြစ် ကြေညာထားပါတယ်။ အစ္စလာမ်အစွန်းရောက် သေနတ်သမားတွေက မဂ္ဂဇင်းတိုက်တခုကို တိုက်ခိုက်ပြီး လူတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ၂၀၁၅ ဇန္နဝါရီလကတည်းကစပြီး၊ အကြမ်းဖက်ဝါဒီတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ တပ်လှန့်ထားတာပါ။ နောက်ပိုင်းမှာလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံခဲ့ရပြီး၊ ၂၀၁၅ နိုဝင်ဘာလက ပါရီမြို့မှာ လူ ၁၃၀ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပါအဝင် ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ လူ ၂၃၀ ကျော် သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG