သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ) ဖျက်သိမ်းရေး လူမှုအဖွဲ့အစည်းတွေကြိုးပမ်း


66 D ကာတွန်းပြပွဲ ( Credit to Maung Saung Kha)
66 D ကာတွန်းပြပွဲ ( Credit to Maung Saung Kha)

အရပ်သားအစိုးရလက်ထက်မှာ အင်တာနက်အွန်လိုင်း လူမှုကွန်ရက်တွေ ပေါ်ရေးသားမှုတွေ အပေါ် ဆက်သွယ်ရေးဥပဒေ (၆၆-ဃ) ပုဒ်မနဲ့ တရားစွဲဆိုမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ၆၆ဃနဲ့ တရားစွဲတဲ့ အမှုပေါင်း ၇၀နီးပါး အထိ ရှိသွားပြီဖြစ်ပါတယ်။

နိုင်ငံတွင်းဒီမိုကရေစီစနစ် ဖော်ဆောင်နေချိန် လွတ်လပ်စွာရေးသားခွင့်နဲ့ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်ကို ဥပဒေကြောင်းအရ ပိတ်ပင်သလိုဖြစ်လာနေတဲ့ အတွက် (၆၆)ဃ ကို လုံးဝဖျက်သိမ်းပစ်ဖို့ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက လွှတ်တော်ကို တောင်းဆိုလိုက်ကြပါတယ်။ မဆုမွန်တင်ပြ ထားပါတယ်။

ယခင်အစိုးရလက်ထက်က ၆၆ဃ နဲ့ တရားစွဲဆိုခံရမှု ( ၇) မှု ရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၅)ဦးပဲရှိခဲ့ပါတယ် အခု NLD အစိုးရသစ်လက်ထက်မှာတော့ ( ၆၆) ဃ နဲ့ တရားရုံးတင် စွဲဆိုမှုပေါင်း စုစုပေါင်း (၆၇) မှု အထိ ရှိသွားပြီဖြစ်တယ်လို့ ဆက်သွယ်ရေးဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမှုအဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

အခုလိုဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုမှုတွေ အရပ်သားအစိုးရလက်ထက်မှာ အရမ်းကို များလာတာဟာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကိုခြိမ်းခြောက်လာတဲ့ အန္တရာယ်ဖြစ်လာနေတဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုအနေနဲ့ တောင်းဆို လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

မေလ ၂၉ရက်နေ့ တနင်္လာနေ့မှာလည်း ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ၆၆ ဃ ဖျက်သိမ်းရေး လူထုလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပခဲ့ပါတယ်။ ဘာကြောင့် ၆၆ ဃ ကို လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုရပါသလဲဆိုတာကိုတော့ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့ အဖွဲ့ဝင်မောင်ဆောင်းခက ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပါတယ်။

“ဆက်သွယ်ရေးဥပဒေ ထဲမှာ ပုဒ်မ ၆၆ ဃက မဖြစ်မနေပယ်ဖျက်ဖို့လိုအပ်တယ်ဆိုပြီး ကျနော်တို့က ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လွှတ်တေ်ာအနေနဲ့ ဒီဥပဒေကြောင့် နစ်နာခဲ့ရတဲ့သူတွေ ရဲ့ အတွေ့အကြုံတွေကို ပြန်လည်စူစမ်းလေ့လာတာမျိုး လုံးဝမရှိဘူး။ သူတို့ဘာသာသူတို့ Review ပဲလုပ်နေတဲ့ပုံစံဖြစ်တယ် အဲဒါက အရမ်းအန္တရာယ်များတယ်ပေါ့နော် နောက်ပြီးတော့ ဥပဒေတခုဖြစ်ရေးဟာ လွှတ်တော်ကိုယ်စားလှယ်တွေပဲလုပ်လို့မရဘူး။ ဒီပြင်ပက တတ်သိပညာရှင်တွေပါရမယ်၊ ဒီဥပဒေကို သေသေချာချာ Review လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအကြံအဉာဏ်တွေတောင်းခံမူလိုတယ်ပေါ့နော်။”

ဒီလိုလွှတ်တော်တွင်း ဥပဒေပြင်ဆင်ရေး ဒါမှမဟုတ် လုံးဝဖျက်သိမ်းရေး တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ လူထု သဘောထားကို နားထောင်၊ ပညာရှင်တွေရဲ့အကြံပြုချက်တွေကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဒီကနေ့ ၆၆ ဃ ဖျက်သိမ်းရေးကာတွန်းပြပွဲမှာ အမှာစကားပြောခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်ကလည်း ၆၆ ဃ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြောပါတယ်။

“၆၆ ဃ ကတကယ်တမ်းပြောရမယ်ဆိုရင် လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်ကို သွားပြီးတော့ ထိပါးတဲ့ ဥပဒေတခု ဖြစ်နေတယ်။ နောက်ပြီးတော့ ဥပဒေရဲ့ ရေးဆွဲထားတဲ့ပုံစံမှာလည်း တိကျမှု ခိုင်လုံမှုမရှိတဲ့အခါကျတော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေမှာ အဲလိုမျိုး အပြန်အလှန်တရားစွဲတဲ့ပုံစံမျိုး တွေဖြစ်ပြီးတော့ အခုက အမှုတွေကအရမ်းများ တဲ့အနေအထား မျိုးဖြစ်သွားမှာပေါ့နော်။”

Act အခုလို ၆၆ ဃ နဲ့ အရေးယူမှု တရားစွဲဆိုမှုတွေ များလာတာဟာ အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ များလာနေတာဖြစ်ပါတယ်။ ဒါကြောင့် အရပ်သားအစိုးရလက်ထက် လွှတ်တော်မှာ ၆၆(ဃ) ဥပဒေပြင်ဆင်ပြဌာန်းပေးဖို့ လွှတ်တော်ပိုင်းက အလေးအနက်ထား စဉ်းစားသင့်တယ်လို့လည်း အကြံပြုပါတယ်။

“တကယ်လို့များ ဖျက်သိမ်းဖို့ယူဆတယ်ဆိုရင် အဓိကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးတဲ့အခါမှာ ကိုယ်ကိုတိုင်လွှတ်တော်ကိုယ်စားလှယ်တွေကို ဘာကြောင့်ဖျက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကို တိတိကျကျခိုင်ခိုင်မာမာ အဲဒီလိုမျိုးပေး နိုင်ဖို့တော့ လိုတာပေါ့နော်။ အခုတော့ ကျနော်ထင်ပါတယ် သိပ်မကြာခင်မှာပဲ လာပါလိမ့်မယ်။ အဲလိုလာတဲ့အခါမှာ လူထုရဲ့ Public Consultation ပေါ့နော် ပြည်သူလူထုရဲ့ အကြံဉာဏ်တွေတောင်းခံတဲ့ကိစ္စတွေ နောက်ပြီးတော့ တကယ့် ဒီဟာနဲ့ ပတ်သက်ပြီးတော့ လေ့လာနေတဲ့သူတွေရဲ့ အကြံဉာဏ်တွေကို တောင်းခံတာတွေကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ပြီးတော့ ပြင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

၆၆ ဃ ဟာ အင်တာနက်အွန်လိုင်းရေးသားမှုတွေနဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေရှိလာရင် တရားလို တိုင်တန်းသူရှိရုံနဲ့ တရားခံအဖြစ် စွပ်စွဲခံရသူတွေကို အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်တဲ့ ဥပဒေဖြစ်တဲ့အပြင် တရားရုံးမှာ အာမခံလျောက်ထားတဲ့အခါမှာလည်း အာမခံရတဲ့သူရှိသလို အာမခံမရတဲ့သူ ရှိနေတဲ့မူအမျိုးမျိုးရှိနေတာဟာ ၆၆ ဃ ရဲ့ နည်းဥပဒေ အဓိက အားနည်းချက်တခုဖြစ်တယ် ဆ ိုတာကိုလည်း ထောက်ပြနေကြတာပါ။

နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အပါအဝင် လွတ်လပ်စွာ အမြင်သဘောထားကွဲပြားနိုင်ခွင့်အပေါ် ဥပဒေကြောင်းအရ တရားဝင်ပိတ်ပင်တားဆီးသလိုဖြစ်နေတဲ့ ၆၆ ဃ ဆက်သွယ်ရေးဥပဒေပုဒ်မ အမြန်ဆုံးပြင်ဆင်ပေးရေး ပြည်သူအများမဲဆန္ဒနဲ့ရွေးချယ်တင်မြှောက်ထားတဲ့ဲ့ လူလုကိုယ်စားလှယ်တွေရဲ့ လွှတ်တော်မှာ ၆၆(ဃ) ဥပဒေပြင်ဆင်ပြဌာန်းပေးဖို့ လွှတ်တော်ပိုင်းက အလေးအနက်ထားဆောင်ရွက်ပေး ကြဖို့နဲ့ လွှတ်တော်တွင်း ပြင်ဆင်မှုတွေဖြစ်လာအောင် လူထုအားနဲ့ ၆၆ ဃ ဖျက်သိမ်းရေးလှုပ်ရှားမှုတွေ ဆက်ပြီး အင်တိုက် အားတိုက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၆၆-ဃ လူထုလှုပ်ရှားမှု ဦးဆောင်သူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG