သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီ အသတ်ခံရမှု တည်ငြိမ်မှုပျက်ပြားဖို့လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သမ္မတရုံး သုံးသပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ တနင်္ဂနွေနေ့က ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ အနီးကပ်လုပ်ကြံခဲ့သူကို ကနဦး စစ်ဆေးချက်တွေအရ နိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ ရည်ရွယ်ဆောင်ရွက်တယ်လို့ သုံးသပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးနေသလို ဖြစ်ခဲ့တဲ့ အခြေအနေကြောင့် လုံခြုံရေးအစီအမံတွေကိုလည်း အထူးအလေးထားဆောင်ရွက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ ဒီလုပ်ကြံမှုကြောင့် အထိတ်တလန့် မဖြစ်ဘဲ တည်ငြိမ်းအေးချမ်းစွာနေကြဖို့၊ ဘာသာရေး လူမျိုးရေးသွေးထိုးမှုတွေကို အထူးသတိထားကြဖို့ တိုက်တွန်းသလို လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်လို့ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှု ပျက်အောင်လုပ်ဆောင်မှုတွေကိုဖြစ်စေ ထူးခြားမှုတွေ တေ့ွခဲ့ရင် တာဝန်ရှိသူတွေကို အမြန်ဆုံးဆက်သွယ် အသိပေးဖို့လည်း နိုင်ငံတော်သမ္မတရုံးက မေတ္တာရပ်ခံထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အကြီးတန်းခေါင်းဆောင်မှု အစီအစဉ်ကို တက်ရောက်ခဲ့တဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်ကို ပြန်ရောက်လာတဲ့ ဦးကိုနီကို လေဆိပ်အဝင်ပေါက် အပြင်နားမှာပဲ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်သူ ဦးကြည်လင်းကို ဝိုင်းဝန်းကူညီဖမ်းဆီးပေးခဲ့တဲ့ထဲက တက္ကစီယာဉ်မောင်း ဦးနေဝင်းလည်း ပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့သေဆုံးခဲ့ပါတယ်။ လုပ်ကြံခံရလို့ သေဆုံးခဲ့တဲ့ ဦးကိုနီနဲ့ တရာခံဖမ်းမိနိုင်ရေးကြိုးပမ်းရင်း သေဆုံးခဲ့တဲ့ ဦးနေဝင်းတို့အတွက် များစွာစိတ်မကောင်းဖြစ်ရတယ်လို့လည်း သမ္မတရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးကိုနီရဲ့ ဈာပနကို ရေဝေးသုသာန်က မွတ်ဆလင်သချုႋင်းမှာ တနင်္လာနေ့က ကျင်းပခဲ့တာမှာ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အမေရိကန်သံအမတ် Scot Marciel အပါအဝင် နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ ပြည်တွင်းအဖွဲ့အစည်းအသီးသီးက အထင်ကရပုဂ္ဂိုလ်တွေအပြင် ပြည်သူထောင်သောင်းချီလာရောက် နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG