တရုတ်နိုင်ငံသားတဦးသတ်ဖြတ်ခံရမှု စုံစမ်းရန် တရုတ်ဖိအားပေး

  • မသင်းသီရိ

In this undated photo released by Free Burma Ranger, Myanmar soldiers walk through a village in Karen state, Myanmar. Myanmar's army has moved reinforcements into ethnic minority areas for the probable renewal of an offensive whose past human rights viola

တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ယူနယ်နယ်ထဲမှာ ဒေသခံလယ်သမားတဦးကိုတရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်လာတဲ့ မြန်မာစစ်သား ၂ ဦးက သတ်ဖြတ်ခဲ့တဲ့ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီပြဿနာက ပြီး ခဲ့တဲ့ ဇန်နဝါရီ ၁၂ မှာ ဖြစ်ခဲ့ပေမဲ့ တရုတ်အာဏာပိုင်ဘက်က အခြေအနေတွေကို အသေအချာစုံစမ်းပြီးမှ အခုလို အရေးယူဖို့ တောင်းဆိုလာတာဖြစ်ပြီး မြန်မာနိုင်ငံဘက်က မတည်ငြိမ်မှုတွေဟာ ဒေသတွင်း နယ်စပ်တွေထိ လူ့အခွင့်ရေးချိုးဖောက်မှု ရှိလာတာကို သတိပေး ဟန့်တားလာတာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

အခု အခင်းဖြစ်ခဲ့တဲ့ ယူနန်နယ်ဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတာဖြစ်ပြီး မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ ကချင်ပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က မြန်မာနယ်စပ်ဘက်မှာ အခြေစိုက်တဲ့ အစိုးရစစ်တပ်က မြန်မာစစ်သား ၂ ဦးဟာ ယူနန်ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ယူနန်နယ်ထဲက တရုတ်နိုင်ငံသား လယ်သမား အသက် ၅၃ နှစ်အရွယ်ရှိတဲ့ “ lahpai Zau Lawn “ ကို ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို ဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီသတင်းကို တရုတ်နိုင်ငံထုတ် သတင်းစာတွေမှာလည်း ဖော်ပြရေးသားကြပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကချင် သတင်းဌာနက ဒီပြဿနာကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ကာယကံရှင် မိသားစုနဲ့ရော ဒေသခံတွေအပြင် သက်ဆိုင်ရာ တရုတ် အာဏာပိုင်တွေကို စုံစမ်းမေးမြန်းပြီးမှ ဖော်ပြရေးသားခဲ့တာဖြစ်တယ်လို့ ကချင် သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းက ရှင်းပြပါတယ်။

“ကျနော်တို့ သတင်းထောက်တွေ ယူနန်နယ်ထဲမှာရှိတယ်။ ပြီးရင် အဲဒီရွာသားတွေနဲ့ တိုက်ရိုက်စကားပြောခဲ့ပါတယ်။ နောက်ပြီး အသတ်ခံရတဲ့ Zau Lawn ရဲ့ မိသားစုတွေနဲ့လည်း ကျနော် စကားပြောဖြစ်ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးတဲ့သူတွေနဲ့လည်း ကြျနော် စကားပြောပါတယ်။ ဒီအချက်တွေအားလုံး၊ နောက်ပြီး ဓာတ်ပုံသက်သေတွေလည်း ကျနော်တို့ ရခဲ့တယ်။ ဒီသက်သေတွေအားလုံးကို အခြေခံပြီးတော့မှ သက်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ ဆက်သွယ်ပါတယ်။ ဒီကိစ္စကို အတည်ပြုနိုင်ဖို့အတွက်ပေါ့- အားလုံး ခိုင်လုံပြီဆိုမှ ဒီသတင်းကို ကျနော်ထုတ်ပြန်ခဲ့တယ်”

အဲဒီတရုတ်နယ်စပ်ဟာ မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင် တိုင်းရင်သားအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေနဲ့ ထိစပ်နေတဲ့ နေရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ဘက်က ရိက္ခာ ရှာလိုတာမျိုးကအစ ဒီတရုတ်နယ်စပ်ထဲကို ဝင်လာတာမျိုးတွေ ရှိနေပြီး ဒီပြဿနာ မတိုင်ခင် တရုတ်နယ်စပ်ဒေသခံတွေ မြန်မာစစ်တပ်ရဲ့ တခြား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကြုံနေရတာရှိတယ်လို့လည်း ပြောပါတယ်။ အခု တရုတ်နိုင်ငံသား Zau Lawnအသတ်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်းမှာတော့ ဒေသခံတွေရဲ့ ဖိအားပေးမှုနဲ့အတူ တရုတ်အာဏာပိုင်တွေက အသေအချာ စုံစမ်းစစ်ဆေးပြီးမှ အခုလို မြန်မာအစိုးရကို အရေးယူပေးဖို့တောင်းဆိုလာတာလို့လည်း ကိုနော်ဒင်းက ပြောပါတယ်။

“စောစောပိုင်းကတော့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ပဲ ညှိပြီးမှ လျော်ကြေးပေးပြီး ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်။ သို့သော်လည်းပဲ နယ်စပ်က တရုတ်ပြည်သူတွေအနေနဲ့ ဒါကို လက်မခံဘူး။ ဒီကိစ္စကို အစိုးရက ဖြေရှင်းပေးဖို့အတွက် သူတို့က ယူနန်အစိုးရကနေတဆင့်ပဲ တရုတ်ဗဟိုအစိုးရကို တောင်းဆိုတဲ့အပိုင်းတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ ဂျွန်နောက်ပိုင်းမှာ ကချင်ပြည်နယ်မှာလည်း အဲလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒေသခံ အပြစ်မဲ့ပြည်သူ အများအပြားကို သူတို့ သတ်ဖြတ်တယ်။ ပြီးတော့ ရွာကို မီးရှို့တယ်။ ဒီလိုမျိုး အမြဲတမ်းလုပ်နေကြတဲ့ တပ်မတော်ရဲ့လုပ်ရပ်ဟာ အခု နယ်စပ်မှာလည်း ဒီပြဿနာတွေက သက်သေဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။”

ကချင် သတင်းအယ်ဒီတာ ကိုနော်ဒင်းပြောပြခဲ့တာပါ၊ အခု မြန်မာအစိုးရ စစ်တပ်ဘက်က လူ့အခွင့်ရေးချိူးဖောက်မှုတွေကို တရုတ် အာဏာပိုင်တွေက သတိပေးဟန့်တားတာမျိုးကြောင့် အခုလို အရေးယူဖို့ တရုတ်ဘက်က တောင်းဆိုလာတာ ဖြစ်မယ်လို့လည်း ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်ပါတယ်။

ပြည်တွင်းသတင်းအယ်ဒီတာတဦးရဲ့ သုံးသပ်ချက်ပါရှင်။ မြန်မာစစ်တပ်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့တွေကြား ပြီးခဲ့တဲ့နှစ်၊ ဇွန်လလောက်က စလို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်ဘက် ပစ်တဲ့ လက်နက်ကြီးတွေဟာ တရုတ်နယ်စပ်ထဲကို ကျတတ်တာမို့ အခုလိုပဲ တရုတ်အာဏာပိုင်ဘက်က သတိပေးရတာမျိုးလည်းရှိသလို ကချင်ဒေသခံတွေဟာလည်း တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ထဲကို ဝင်ပြေးခိုလှုံရတာလည်း ရှိနေတာပါ။