မြန်မာနိုင်ငံသား လွတ်လပ်မှုကျဆင်း Freedom House သုံးသပ်

Freedom House Report 2015

မြန်မာနိုင်ငံမှာ လူမျိုးရေးခွဲခြားပြီး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတဲ့ အခြေအနေတွေဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ခြိမ်းခြောက်နေတယ်လို့ Freedom House လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် သတင်းလွတ်လပ်ခွင့် ကန့်သတ်ချက် ပိုပြီး ကြီးမားလာတာကြောင့် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံသားလွတ်လပ်ခွင့် အဆင့်အတန်းဟာ အဆင့် ၅ ကနေ ၆ အထိ ကျဆင်းသွားတယ်လို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် Freedom House အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ ဖော်ပြချက်တွေကို စိတ်မဝင်စားကြောင်း မြန်မာအစိုးရဘက်က တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

တကမ္ဘာလုံးကို လွှမ်းခြုံကြည့်ရင် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတွေဟာ ကျဆင်းသွားတယ်လို့ အမေရိကန်အခြေစိုက် Freedom House လို့ခေါ်တဲ့ ကမ္ဘာတဝှမ်းနိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ စံနှုန်းတွေဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အန္တရာယ်တွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

နှစ်စဉ်ထုတ်ပြန်နေတဲ့ အစီရင်ခံစာအရ အကြမ်းဖက်အုပ်စုတွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေနဲ့ ရက်စက်တဲ့နည်းတွေကြောင့် ၂၀၁၄ ခုနှစ်ဟာ အဆိုးရွာဆုံးနှစ် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံနဲ့ ဒေသ ၁၅ ခုက ပြီးခဲ့တဲ့နှစ်အတွင်း အခြေအနေတွေကို လေ့လာပြုစုထားတဲ့ Freedom House ရဲ့ အစီရင်ခံစာမှာတော့ လွတ်လပ်ခွင့် အမြင့်ဆုံးအဖြစ် အဆင့် ၁ ကနေ အနိမ့်ဆုံး ၇ အထိ သတ်မှတ်ထားပါတယ်။ အဲဒီထဲမှာ အဆိုးရွားဆုံးအဆင့်မှာ ရှိနေတဲ့ နိုင်ငံကတော့ ဆီးရီးယား ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း မနှစ်က သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ထောင်ချတာတွေ အပါအဝင် မီဒီယာအပေါ် ကန့်သတ်မှုတွေကြောင့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် အဆင့် ၅ ကနေ အဆင့် ၆ အထိ ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခုလို ကျဆင်းသွားတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ Freedom House ပြောခွင့်ရ Billy Ford က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တိုးတက်မှုတွေ ရှိခဲ့ပြီးတဲ့နောက် နိုင်ငံသား အခွင့်အရေးနဲ့ နိုင်ငံရေး လွတ်လပ်မှု အဆင့်တွေဟာ ရပ်တန့်နေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ နေရာမှာလည်း အခြေအနေတွေဟာ နောက်ပြန်ဆုတ်နေတာပါ။ အထူးသဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အစီရင်ခံစာမှာ ထောက်ပြထားတာက ၂၀၁၂ မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းတာ၊ ၂၀၁၄ မှာ သတင်းမီဒီယာ ဥပဒေပြဌာန်းတာ၊ သတင်းယူတဲ့နေရာမှာ လွတ်လပ်ခွင့်ပေးတာတွေရှိပေမဲ့ တချိန်တည်းမှာပဲ အမျိုးသားလုံခြုံရေးနဲ့ ဘာသာရေး ရိုသေလေးစားမှုအကြောင်းပြပြီး အရေးယူဖမ်းဆီးတာတွေ၊ နောက် ဥပဒေအကြောင်းပြပြီး ယူနတီနဲ့ ဒီဗွီဘီသတင်းထောက်တွေ ဖမ်းဆီးထောင်ချတာ၊ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေဟာ မီဒီယာလွတ်လပ်ခွင့်ကို နောက်ပြန်ဆုတ်သွားစေပါတယ်။

Freedom House အစီရင်ခံစာမှာ အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေကို မြန်မာအစိုးရအနေနဲ့ စိတ်မဝင်စားကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွတ်က ဗွီအိုအေကို ပြောပါတယ်။

“Freedom House တို့ ဘာတို့ဆိုတာက တိုင်းတာတာက လွတ်လပ်မှုတခုတည်းနဲ့ တိုင်းတာတာကိုး။ ရရှိနေတဲ့ သတင်းတွေထဲက အရည်အသွေးတို့ ကျင့်ဝတ်တို့နဲ့ တိုင်းတာတာမျိုး မဟုတ်တဲ့အတွက်ကြောင့် ကျနော် စိတ်မဝင်စားပါဘူး။ ကျနော်စိတ်ဝင်စားတာက ကျနော်တို့ရဲ့ ပြည်သူတွေ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ကျင့်သုံးနိုင်ဖို့အတွက် ဘယ်လောက် တန်ဖိုးရှိတဲ့ သတင်းတွေ၊ ဘယ်လောက် ကျင့်ဝတ်နဲ့ညီတဲ့ သတင်းတွေ ရနေတာကို ရနေသလဲဆိုတာပဲ ကျနော် စိတ်ဝင်စားပါတယ်။”

အခုလို မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်အပေါ် Freedom House အဖွဲ့က တုံ့ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ တိုးတက်နေတယ်ဆိုရင်လည်း တိုးတက်တဲ့အကြောင်း၊ ဆုတ်ယုတ်မှုတွေရှိရင်လည်း ဆုတ်ယုတ်နေတဲ့အကြောင်း အစီရင်ခံစာက အချက်အလက် မှန်မှန်ကန်ကန် ထောက်ပြထားတာ ဖြစ်တယ်လို့ Billy Ford က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ သတင်းအချက်အလက်တွေကို ပြန်ပြီး သုံးသပ်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ လူမျိုးရေးခွဲခြားတာတွေ၊ လူအများစုဖြစ်တဲ့ မြန်မာတွေ အထူးအခွင့်အရေးပေးတာတွေ၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတာတွေဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတခုလုံးကို ခြိမ်းခြောက်နေတာပါ။ ပြန်ကြားရေးဝန်ကြီးအနေနဲ့ အစီရင်ခံစာမှာပါတဲ့ အချက်တွေကို သဘောမတူဘူးဆိုတာ ကျနော်တို့အတွက် မထူးဆန်းပါဘူး။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ သတင်းအချက်အလက် မှန်ကန်တိကျအောင် လေ့လာစုဆောင်းခဲ့တာပါ။”

မြန်မာနိုင်ငံမှာ မနှစ်ကစပြီး သတင်းလွတ်လပ်ခွင့် ကျဆင်းသွားတဲ့ အကြောင်းအရင်းကိုလည်း The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက အခုလို ပြောပါတယ်။

“သူတို့ Freedom House တို့ ဘာတို့ရဲ့ သဘောကတော့ မီဒီယာတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကြည့်ပြီးတော့ အကဲဖြတ်တာကိုး။ တခြားဟာတွေလည်း ရှိပါတယ်။ အဲတော့ ပြီးခဲ့တဲ့နှစ်မှာ သတင်းမီဒီယာတွေနဲ့ မီဒီယာသမားတွေကို တရားစွဲဆိုခံရတဲ့ကိစ္စတွေ၊ ထောင်ချခံရတဲ့ကိစ္စတွေ ဒီကိစ္စတွေ ဖြစ်သွားတာပေါ့။ နောက်တပိုင်းကလည်း ကျနော်တို့ ဒီမီဒီယာလောကထဲမှာ ဥပဒေ ၅ မျိုးလောက် ဖြစ်နေတာကိုး။ ဒီ ၅ မျိုးကလည်း တနည်းမဟုတ် တနည်း သွယ်ဝိုက်ပြီးတော့ မီဒီယာလွတ်လပ်ခွင့်ကို သွယ်ဝိုက် ခြိမ်းခြောက်သလို ဖြစ်နေတယ်။ တဘက်မှာလည်း ဒီသတင်းသမားတွေ ထောင်ကျတဲ့ကိစ္စတွေ အရေးယူခံရတဲ့ကိစ္စတွေ ဖြစ်နေတဲ့အခါကျတော့ ကျသွားတာကတော့ မဆန်းပါဘူး။”

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေဟာလည်း အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေသလို၊ ကိုးကွယ်တဲ့ဘာသာ ကူးပြောင်းတာ၊ ဘာသာခြားနဲ့ လက်ထပ်တာတွေကို ကန့်သတ်မယ့် ဥပဒေတွေ ရေးဆွဲ အဆိုပြု ထားတာတွေဟာလည်း မူဆလင် ဆန့်ကျင်ရေး အစွန်းရောက်ဝါဒကို တရားဝင်အောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Freedom House အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။