အာဖရိကတိုက်ကို လေယာဉ်ဖြတ်မောင်းတဲ့ ဆယ်ကျော်သက်များ

U Dream Global Group and the plane they built (Cape to Cairo Project 2019) (Photo Credit- U Dream Global Facebook)

U-Dream Global အဖွဲ့ကြီးက ဆယ်ကျော်သက်ကျောင်းသားလေးတွေက တောင်အာဖရိကတိုက် တောင်ဘက်စွန်းကနေ မြောက်ဘက် အစွန်းကို ကိုယ်ဆောက်တဲ့လေယာဉ်နဲ့ ကိုယ်တိုင်မောင်းပြီး ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့အကြောင်း ပြောပြပေးမှာပါ။

Your browser doesn’t support HTML5

အာဖရိကတိုက်ကို လေယာဉ်ဖြတ်မောင်းတဲ့ ဆယ်ကျော်သက်များ

ဒီတပတ်တော့ လေယာဉ်မှုးဖြစ်ချင်သူတွေ အင်ဂျင်နီယာလုပ်ချင်သူတွေ အားကျစေမယ့် U-Dream Global အဖွဲ့ကြီးရဲ့ Cape to Cairo အစီစဉ် အကြောင်းပြောပြပေးပါ့မယ်။ ဒီအဖွဲ့ထဲက ဆယ်ကျော်သက်ကျောင်းသားလေးတွေက တောင်အာဖရိကတိုက် တောင်ဘက်စွန်းကနေ မြောက်ဘက် အစွန်းကို ကိုယ်ဆောက်တဲ့လေယာဉ်နဲ့ ကိုယ်တိုင်မောင်းပြီး ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့အကြောင်းပါ။

တောင်အာဖရိကနိုင်ငံမှာ U-Dream Global လို့ခေါ်တဲ့ NGO အဖွဲ့လေး တဖွဲ့ရှိပါတယ်။ ဒီအဖွဲ့ကို ထူထောင်သူက အသက် ၁၇ နှစ် အရွယ် Megan Werner ပါ။ သူ့ရဲ့ အဖွဲ့မှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၂၀ ပါပါတယ်။ သုတို့ဟာ အာဖရိကတိုက် တောင်ပိုင်းက သူတို့ နေထိုင်ရာ တောင်အာဖရိကနိုင်ငံ Cape Town ကနေ အာဖရိကတိုက် မြောက်ပိုင်းက အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော် အထိ အသွားအပြန် လေယာဉ်ပျံသန်းမယ့် Cape to Cairo အစီစဉ်ကိုဆွဲခဲ့ပါတယ်။ ဒီလို အာဖရိကတိုက်ကို ဖြတ်ပြီး ပျံသန်းဖို့ အကြံ ဘယ်လိုရလာတာပါလဲ။

“ကျမက ဇီဝဗေဒ စာဆိုရင်ကျက်ဖို့ဆို သိပ်ပျင်းတာ။ ဘာလုပ်ရင် ကောင်းမလဲလို့ လိုက်စဉ်းစားရင်း -စဉ်းစားရင်းကပဲ- ဟုတ်ပြီ အာဖရိကတိုက်ပေါ် ဖြတ်ပြီး လေယာဉ်နဲ့ ပျံရင်ကောင်းမလားပေါ့နော်။”

ဒီအတွေးကို သူက လက်တွေ့အကောင်ထည်ဖေါ်ဖို့ ကြိုးစားခဲ့တာပါ။ သူ့ရဲ့ U-Dream Global အဖွဲ့ထဲဝင်ချင်သူတွေ ဝင်နိုင်ပြီလို့ ကြေညာ လိုက်တော့ လျှောက်လွှာလာတင်သူက တထောင်ကျော်ရှိနေပြီး အဲဒီထဲကမှ သူက အဖွဲ့သား ၂၀ ကို ရွေးခဲ့တာပါ။

အခုလို လေယာဉ်ပျံမောင်း ဖို့ ကြံစည်နေပေမယ့် Megan မှာ ကားလိုင်စင်တောင် မရှိသေးပါဘူး။ အခုတော့ သူအပါအဝင် သူ့အဖွဲ့သား ၆ ယောက်မှာ လေယာဉ်မောင်း လိုင်စင် ရပါပြီ။ သူတို့ဟာ သူတို့ ဆောက်ထားတဲ့ ငွေရောင် Sling 4 လေယာဉ်လေးကို အလှည့်နဲ့ မောင်းမှာ ဖြစ်ပါတယ်။ ဒီ လေယာဉ်မောင်း လိုင်စင်ရဖို့ လွယ်တော့မလွယ်လှပါဘူး။ သူတို့ဟာ ဘွဲ့တခု ယူဖို့ ကြိုးစားသလို ကြိုးစားခဲ့ရတာပါ။ Megan အတွက်ဆို ကျောင်းနှစ်လည်- စာမေးပွဲက အောက်တိုဘာမှာ ဖြေရတော့မှာ ဖြစ်သလို လေယာဉ်မောင်းဖို့ ပြင်ဆင်တာတွေနဲ့ အတော်ကြိုးစားရတယ်လို့ ပြောပါတယ်။

အခုတော့ ဇွန်လလယ်မှာပဲ ဒီခရီးစဉ်ကို စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ Cape Town ကနေ Cairo အထိ ပျံတဲ့အခါမှာ လမ်းမှာ ဝင်နားမယ့် နိုင်ငံက ၁၁ နိုင်ငံပါ။ အခုလို ဆယ်ကျော်သက်တွေရဲ့ လေကြောင်းခရီးစဉ် အတွက် မဖြစ်နိုင်ဘူးလို့ တွက်နေကြပေမယ့် လက်တွေ့မှာ ဖြစ်လာခဲ့တာမို့ တခြား သူလိုလူငယ်တွေ အားကျ စေချင်တယ်လို့လည်း Megan ကပြောပါတယ်။

“တကယ်လို့ ကိုယ်တိုင်က ဆယ်ကျော်သက်တယောက်လည်းဖြစ်မယ်၊ လေယာဉ်ပျံတစင်း ကိုလည်း ဆောက်ခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလို့ရတယ်။ ကဲ ငါဟာ ဆယ်ကျော်သက်ဘဝမှာပဲ လေယာဉ်တစင်းလည်း ဆောက်ပြီးပြီ၊ ကဲ နောက်ဘာလုပ်နိုင်သေးလဲ ပေါ့နော်။ ဒါတင်မကသေးဘူး၊ ဆယ်ကျော်သက်တွေက အာဖရိကတိုက်ကို ဖြတ်ပြီး ပျံပြနိုင်တယ် ဆိုတာက သူများထက်ထူးနေတာမို့ တကယ်ပဲ အားကျစရာပါ။”

သူ့အဖွဲ့သား အယောက် ၂၀ ဟာ တောင်အာဖရိကနိုင်ငံထုတ် Sling 4 အမျိုးအစား လေယာဉ် အစိတ်အပိုင်းတွေကို ဝယ်ပြီး ကိုယ်တိုင် တပ်ဆင်ကြတာပါ။ လေယာဉ် အစိတ်အပိုင်းငယ်ပေါင်းက ထောင်နဲ့ချီရှိပါတယ်။ ဒီ ဆယ်ကျော်သက်ကလေးတွေဟာ သီတင်း ၃ ပတ်အတွင်းမှာပဲ လေယာဉ်တစင်းကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ လေယာဉ်အင်ဂျင်နဲ့ လေကြောင်းဆိုင်ရာ စက်ကရိယာတွေကို ကျွမ်းကျင်သူတွေက ကြီးကြပ်တပ်ဆင်ပေးကြပေမယ့် လေယာဉ်တစင်း ဖြစ်လာအောင် ကတော့ သူတို့လေးတွေပဲ လုပ်ခဲ့တာပါ။

အခုလို လေယာဉ် တည်ဆောက်တဲ့ထဲမှာ Munsiville မြို့နယ်က အသက် ၁၅ နှစ်အရွယ် Agnes Keamogetswe Semeela လည်း ပါပါတယ်။ ပထမတော့ သူတို့ဒီလို အာဖရိကတိုက်ကို ဖြတ်ပျံဖို့ လေယာဉ်ပျံ တည်ဆောက်မယ် ဆိုတာကို လူကြီးတွေက မယုံကြပါဘူးတဲ့။ အခုတော့ သူ့အတွက် သိပ်ဂုဏ်ယူနေကြပြီလို့ ပြောပါတယ်။ ဒါ့အပြင် လေယာဉ်ကိုယ်ထည် တပ်ဆင်ရာမှာရော လေယာဉ် တည်တည်ငြိမ်ငြိမ် မောင်းနိုင်ဖို့၊ အတောင်ပံတွေ တပ်ဆင်ဖို့ပါ တာဝန်ယူ ကူညီခဲ့တဲ့ Semeela က သူတို့ လေယာဉ်အတွက် သူ့မှာ ယုံကြည်မှု အပြည့်ရှိတယ်လို့ ပြောပါတယ်။

“ကျမတို့ရဲ့အဖွဲ့က အကောင်းတကာ့ အကောင်းဆုံး လုပ်ကြတယ်ဆိုတာ ကျမသိပါတယ်။ ဒါ့ကြောင့်လည်း ဒီလေယာဉ်ကလေး ကိုင်ရိုအထိ အသွားအပြန် ကောင်းကောင်းမောင်းနိုင်မယ် ဆိုတာ ကျမယုံတယ်။”

သူတို့ဟာ သူတို့ရဲ့ လေယာဉ်ကို တောင်အာဖရိကနိုင်ငံ Johannesburg ကနေ Cape Town အထိ အစမ်းပျံသန်းကြည့်ခဲ့တာ ဖြစ်ပြီး ကောင်းကောင်း ပျံသန်းနိုင် တာတွေ့ခဲ့ရပါတယ်။

လေယာဉ်မောင်းမယ့် ၆ ယောက်ထဲက တယောက်ဖြစ်တဲ့ Lesego Ngoashen ကတော့ သူတို့ရဲ့ အောင်မြင်မှုအတွက် သိပ်ကို ပျော်နေတာပါ။

“ဒီလေယာဉ်လေးက ကျမတို့ဆောက်တာလေ။ ကျမတို့ရဲ့ ခလေးလေးပါ။ အခုတော့ လေယာဉ်လုပ်ငန်းမှာ လူကြီးတွေပဲ လုပ်နိုင်တယ်လို့ ပြောလို့မရတော့ပါဘူး။ ကျမတို့ လူငယ်တွေလည်း ဒီလို ပရောဂျက်တွေမှာ ဝင်လုပ်နိုင်ပြီလေ။ ဒီလို လုပ်နိုင်တာကြောင့်ပဲ လေယာဉ်လုပ်ငန်း မှာ တကယ် ဝင်လုပ်လာချင်သူတွေ အများကြီး ရှိလာတော့မယ်လို့ ကျမထင်တယ်။”

လေယာဉ်ဆောက်တာကနေ ကိုယ်တိုင်မောင်းရတဲ့ အတွက် သူကိုယ်တိုင်လည်း အရင်ကထက်ပိုပြီး လေယာဉ်လုပ်ငန်းကို စိတ်ဝင်စား လာတယ်လို့ ပြောပါတယ်။

U-Dream Global ကို တည်ထောင်တဲ့ Megan ရဲ မိဘ ၂ ဦးစလုံးက လေယာဉ်လုပ်ငန်းမှာ အလုပ်လုပ်ကြတာပါ။ သူ့ဖခင် Des Werner က ပုဂ္ဂလိက လေယာဉ်တွေကို မောင်းတဲ့ လေယာဉ်မှုးတယောက် ဖြစ်ပါတယ်။ Sling 4 လေယာဉ်ကို ဆင်ဖို့ ပုံမှန်အတိုင်းဆို အလုပ်သမား တယောက် နာရီ ၃၀၀၀ လောက် လုပ်ဖို့ လိုတာ ဖြစ်ပြီး ဒီဆယ်ကျော်သက်ကလေးတွေက သီတင်း ၃ ပတ်အတွင်း တပ်ဆင်ခဲ့တယ်လို့ ပြောပါတယ်။

သူက သူ့သမီး မီဂန် မောင်းမယ့် လေယာဉ်ကို စောင့်ကြည့်ဖို့ နောက်လေယာဉ် တစင်းနဲ့ လိုက်ပြီး ပျံသန်းမယ်လို့ ပြောပါတယ်။

“အာဖရိကတိုက်ကို ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အထိ ဖြတ်ပြီး လေယာဉ်မောင်းမယ့်သူက ကျနော့်သမီး ဖြစ်နေလို့ စိတ်လှုပ်ရှား ရတာထက် ဒီလိုပံျမယ်ဆိုတဲ့ အစီအစဉ်ကိုက မယုံနိုင်စရာပါ။ ဒါ့ကြောင့် သမီး အိုကေရဲ့လားလို့ ကျနော်ကိုယ်တိုင် လိုက်ပြီး ကြည့်မှာပါ။ ကျနော်က သူ့ထက်ပိုပြီး အတွေ့အကြုံရှိတော့ သူတို့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချနိုင်အောင် လိုက်ပြီး အကူညီပေးမှာပါ။”

အာဖရိကတိုက်ကို ဖြတ်ပျံမယ့် ကျောင်းသားလေယာဉ်ကို စောင့်ရှောက်မယ့် လေယာဉ်ပေါ်မှာ မီဂန့်ရဲ့ ဖခင်နဲ့ အတူ လိုက်ပျံသန်းမယ့်သူ နောက်တယောက်ကတော့ U-Dream Global Project ရဲ့ ဒါရိုက်တာလည်းဖြစ် ကျောင်းသားတွေရဲ့ နည်းပြလည်း ဖြစ်တဲ့ လေယာဉ်မှုး Werner Froneman ဖြစ်ပါတယ်။ တနေရာထဲမှာ အချိန်အကြာကြီးထိုင်နေရတဲ့ လေယာဉ်မောင်းသူတွေဟာ ပင်ပန်းနွမ်းနယ်ပြီး အာရုံမစိုက်နိုင်ပဲ ဖြစ်လာလေ့ရှိတာကြောင့် အထူးသတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

“အထူးသဖြင့် ပင်ပန်းပြီး အာရုံမစိုက်နိုင်ပဲ ဖြစ်လေ့ရှိတာကြောင့် ကျောင်းသားတွေ ဒီလိုမဖြစ်အောင် ကျနော်တို့စီစဉ်ပေးဖို့ လိုပါတယ်။ ဒါမှ သူတို့လေးတွေ အမြဲတက်ကြွ လန်းဆန်းနေပြီး ဆုံးဖြတ်ချက်တွေလည်း မှန်မှန်ကန်ကန် ချနိုင်မှာပါ။ ဒါဟာ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းကို ပိုလာစေမှာပါ။”

U-Dream Global အဖွဲ့ဟာ Cape Town ကနေ ကိုင်ရို - ကိုင်ရိုကနေ Cape Town အသွားအပြန် မိုင် ၇၅၀၀ လောက် လေယာဉ်မောင်းနှင်မှာ ဖြစ်ပါတယ်။ သူတို့ လေယာဉ်ခရီးစဉ် အတွင်း လေထဲ ပျံသန်းနေတုန်းလည်း သူတို့လို ဆယ်ကျော်သက်တွေ အားကျစေဖို့ အစီစဉ်တွေလည်း ချနေကြတာပါ။

သူတို့ရဲ့ လေယာဉ်ဟာ ၆ နာရီခွဲလောက် တောက်လျှောက် ပျံသန်းနိုင်ပါတယ်။ သူတို့ ပထမဆုံး ရပ်နားမယ့် နေရာကတော့ နမီးဘီးယား ကမ်းရိုးတန်း မြို့ကလေးဖြစ်တဲ့ Luderitz ပါ။ အီဂျစ်ကို မရောက်ခင် ဇင်ဘာဘွေ၊ မာလာဝီ၊ တန်ဇီးနီးယား၊ ကင်ညာ၊ အက်သီယိုပီးယား နဲ့ Eritrea နိုင်ငံတွေကို ဝင်မှာ ဖြစ်ပါတယ်။ အပြန်လမ်းမှာတော့ ယူဂန်ဒါ၊ ရဝမ်ဒါ၊ ဇမ်ဘီယာနဲ့ Botswana နိုင်ငံတွေကို ဝင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။