သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဖို့ လူထုစကားဝိုင်းမှာ ဒေါ်စုတိုက်တွန်း


နိုင်ငံတနိုင်ငံ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးရှိဖို့ လိုအပ်သလို၊ တိုင်းပြည်အတွင်းက နေရာ တနေရာမှာ မငြိမ်းအေးဘူးဆိုရင် တတိုင်းပြည်လုံးအတွက် ဆိုးကျိုးသက်ရောက်မှု ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ရရှိဖို့ အားလုံးဝိုင်းစဉ်းစားပြီး စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြမှ အောင်မြင်နိုင်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြောင်းမြမြို့မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံပြည်သူများ စကားဝိုင်းအကြောင်းနဲ့ ဒီအပေါ် သုံးသပ်ချက်တွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် စကားဝိုင်းတခု ကျင်းပခဲ့တာပါ။ တချိန်က ဧရာဝတီတိုင်းအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိခဲ့ပြီးမှ အခုချိန်မှာ ငြိမ်းချမ်းမှု ရှိတဲ့ ဒေသဖြစ်နေတာကြောင့် မြောင်းမြမြို့ဟာ ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ မြို့ဖြစ်တယ်လို့ ယူဆပြီး ဒီ စကားဝိုင်း ပြုလုပ်ဖို့ ရွေးချယ်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားအစမှာ ပြောပါတယ်။

မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ ဇာတိမြေလည်းဖြစ်တဲ့ ဒီမြောင်းမြမြို့ကို လာရတဲ့ အကြောင်းရင် ၂ ခု ရှိတာမှာ မြောင်းမြတံတားကို ကြည့်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိစ္စကို ပြောဖို့အတွက် လာရောက်ခြင်းဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတနိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီ စကားဝိုင်းရဲ့ အဖွင့်မိန့်ခွန်းထဲမှာ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ၊ ရေရှည် ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ မငြိမ်းချမ်းလို့ မရဘူး။ တခနတော့ ရမယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး မရှိလို့ ရှိရင် ဖွံ့ဖြိုး တိုးတက်မှုတွေဟာ ဆက်လက်ပြီးတော့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တည်တံ့ ခိုင်မြဲနိုင်မှာ မဟုတ်ဘူး။ ဖွံ့ဖြိုး တိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားလို့ မရဘူး။ တခါ ဒီ ငြိမ်းချမ်းရေး ပျက်ဆီးရတဲ့ အကြောင်းရင်းဟာ ပြည်သူ လူထုရဲ့ ဆင်းရဲ မွဲတေမှုကြောင့် ဒီ စီးပွားရေးနဲ့ ပတ်သက်လို့ ဒုက္ခတွေကြောင့်၊ ဒီဟာတွေကို ပြည်သူတွေက မကျေနပ်လို့၊ မခံနိုင်လို့ ငြိမ်းချမ်းရေး ပျက်ဆီးတာတွေလည်း ရှိတယ်။ ဒီတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ ဘယ်လိုမှ မခွဲနိုင်တဲ့ ကိစ္စ ၂ ခုဘဲ။”

လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလို့ ပြည်တွင်းစစ်ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ကင်းကွာနေခဲ့တဲ့ မြန်မာနိုင်ငံဟာ ကနေ့အချိန်ထိလည်း ငြိမ်းချမ်းပြီး သာယာ ဝပြောတဲ့ အရသာကို အပြည့်အ၀ မခံစားရသေးပါဘူး။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေက ပြည်သူတွေဟာ စစ်ရဲ့ အနိဌာရုံတွေကို မျိုးဆက်ပေါင်းများစွာ ကြုံတွေ့ ခံစားနေကြရတာပါ။

ဒါကြောင့်လည်း ကနေ့ လက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသား ဒေသတွေက ပြည်သူတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိဖို့ လိုလားနေကြတာပါ။ တိုင်းပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အားလုံးက ဝိုင်းပြီး ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“ကိုယ့်ရဲ့နိုင်ငံ တနေရာမှာ မငြိမ်းအေးဘူး ဆိုလို့ရှိရင် တတိုင်းပြည်လုံးအတွက် ဒီဟာဟာ အကျိုးသက်ရောက်မှု ရှိပါတယ်၊ ဆိုးကျိုး သက်ရောက်မှု ရှိတာပေါ့နော်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးရဖို့၊ တတိုင်းပြည်လုံးအတွက် ငြိမ်းချမ်းရေး ရဖို့ဆိုတာ အင်မတန်မှ အရေး ကြီးပါတယ်။ အဲဒီတော့ ကျမတို့ ဒီလို ဆွေးနွေးပွဲတွေ လုပ်တဲ့အခါကျလို့ရှိရင် ကျမကနေပြီးတော့ - ကျမတို့နိုင်ငံဟာ ဘာဖြစ်လို့ ငြိမ်းချမ်းရေး မရသေးလဲ ဆိုတာကို တယောက်ချင်း၊ တယောက်ချင်းက လေးလေးနက်နက် စဉ်းစားစေချင်တယ်။ နောက် ငြိမ်းချမ်းရေးရအောင် ဘယ်လို လုပ်ရမလဲ။ တနေရာနဲ့ တနေရာ မတူဘူး။ ပြဿနာတခုနဲ့ တခု မတူဘူး။ လူတယောက်ချင်း၊ တယောက်ချင်းမှ မတူတာ။ လူတယောက်ချင်း၊ တယောက်ချင်း မတူဘူးဆိုတော့ ဒီ ပုဂ္ဂိုလ် တယောက်ချင်း တယောက်ချင်းကို ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်လာအောင်လို့ စွဲဆောင်ရတာ၊ စည်းရုံးရတာ ဆိုတာလဲ ပုံစံက တယောက်နဲ့ တယောက် တူနိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ကျမတို့အားလုံး ဝိုင်းစဉ်းစားပြီးတော့ စုပေါင်း အင်အားနဲ့လုပ်မှ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။”

နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးကတော့ - အရင် မန္တလေးမှာ ကျင်းပခဲ့တဲ့ စကားဝိုင်းမှာ ငြိမ်းချမ်းရေးအပေါ် လူငယ်တွေက စိတ်ဝင်စားမှု မရှိတာကို တွေ့ခဲ့ရတာကြောင့် ဒီကနေ့ စကားဝိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် အများပြည်သူ အားလုံးက စိတ်ဝင်စားပြီး ပါဝင်လာရေးအတွက် ရွယ်ရည် ပြုလုပ်တာလို့ ယူဆကြောင်း ပြောပါတယ်။

“အဓိကကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ သူကတော့ လူတိုင်း၊ လူတိုင်းအနေနဲ့ တက်တက်ကြွကြွ ပါဝင်စေချင်တယ် ဆိုတဲ့ဟာကို ဖော်ပြတာဘဲဗျ။”

ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်အောင် ကူညီ ဆောင်ရွက်ပေးနိုင်မယ့် လက်ထောက်ကောင်းတွေ လိုတယ်လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

နိုင်ငံရေးလေ့လာသူ နောက်တဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကလည်း - အစိုးရက လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူ လူထုကို ရှင်းပြပေးနိုင်မယ်ဆိုရင်တော့ ပိုပြီး ထိရောက်မှု ရှိနိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ဒီစကားဝိုင်းကို တခုလေး အားနည်းချက်တော့ မြင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူက အဖွင့်မှာဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်မဟုတ်လဲ တယောက်ယောက်ကနေပြီးတော့မှ လက်ရှိ အစိုးရက ဆောင်ရွက်နေတဲ့ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ၊ သို့မဟုတ် အခက်ခဲတွေ။ ဘာဘဲဖြစ်ဖြစ်ပေါ့နော်၊ ပြည်သူလူထုကို ပါဝင်စေချင်တယ်ဆိုရင် ပြည်သူ လူထုကလည်း အချက်အလက်တချို့၊ အကြောင်းအရာ တချို့တွေကို သိထားမှ သူက အဆင်ပြေမှာလေ။ တို့အစိုးရက ဘာလုပ်နေလဲ၊ လောလောဆယ် ဘာတွေ ဖြစ်နေလဲ၊ ငြိမ်းချမ်းရေးရဲ့ ဖြစ်ထွန်း တိုးတက်မှုက ဘယ်လို ဖြစ်နေသလဲ၊ ဒါတွေကို နည်းနည်းလေး ၁၀ မိနစ်၊ ၁၅ မိနစ် ဖြစ်စေ၊ ပြောဆို ရှင်းပြတာမျိုး လုပ်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် အဲဒါက မပါတဲ့ အခါကျတော့ သွားပြီးတော့ စကားဝိုင်း ရိုးရိုးလိုဘဲဖြစ်တော့ အားနည်းချက်တွေတော့ ရှိနေတယ်လို့တော့ မြင်တာပေါ့။”

ဒီကနေ့ ကျင်းပတဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါဝင်ဆွေးနွေးသူ ၈ ဦး ရှိတာမှာ အကြောင်းအရာ အစုံကို ဆွေးနွေး သွားခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးမှာ အားနည်းချက် ရှိနေတာတွေ၊ အထူးသဖြင့် အင်္ဂလိပ်စာပိုင်းမှာ မြန်မာကျောင်းသားတွေ အားနည်းချက် ရှိနေတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍစုံကို ဆွေးနွေး သွားခဲ့ကြပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၅) ကြိမ်မြောက် လူငယ်စကားဝိုင်း ဖြစ်ပါတယ်။ အစောပိုင်းက နေပြည်တော်၊ ကယားပြည်နယ်၊ လွှိုင်ကော်မြို့၊ ရှမ်းပြည်နယ် ပင်လုံမြို့၊ မန္တလေးတိုင်းအတွင်းက ဝမ်းတွင်းမြို့တို့မှာ ကျင်းပခဲ့ပြီး အခု ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကျင်းပတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG