မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ဖော် ပြောဆိုချက်အပေါ် တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောထားနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ဒေါ်အေးအေးမာက အစီရင်ခံထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ် ဆွေးနွေးမှုအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖေါ်ဆောင်မှုနဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စဟာ နှေးကွေးလွန်းတယ် ဆိုပြီး ထုတ်ပြန်လိုက်တဲ့အပေါ်မှာ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးပူကျင်းရှင်းထန် ကတော့ အခုလို ပြောသွားပါတယ်။
“နှောင့်နှေးကြံ့ကြာတယ်ဆိုတာလည်း အမှန်တကယ် ဖြစ်ပါတယ်၊ ဒီဥစ္စာကို ဆွေးနွေးဖို့၊ ကျနော်တို့ အမျိုးသား ပြန်လည်ရင်ကြားစေ့ဖို့ လုပ်မယ့်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးအောင်ကြည်ရယ်၊ တိုင်းပြည် ကိုယ်စားပြုပြီးတော့ ဆွေးနွေးဖို့လိုတဲ့ နေရာမှာလည်း ၄ ခါလောက် ဆွေးနွေးပြီးတော့ ဘာရယ်လို့ ကျနော်တို့မသိရပါဘူး၊ တိုးတက်မှုလည်း ကျနော်တို့ မကြားရပါဘူး၊ အဲဒါကြောင့် လုံခြုံရေးကောင်စီရဲ့ ကြေညာချက်က အမှန်တကယ် ဖြစ်တယ်ဆိုတာ ကျနော် ပထမဦးဆုံး ပြောလိုပါတယ်၊ နောက် ဒုတိယ အချက်အနေနဲ့ အဲဒီဥစ္စာမှာ ကြိုးစားဖို့ဆိုပြီးတော့ သူတို့ နောက်ထပ် ဖမ်းမယ့်ဟာတွေ၊ သံဃာတော် လှုပ်ရှားမှုနဲ့ပတ်သက်လို့ အဖမ်းခံတဲ့လူတွေ လွှတ်မယ်ဆိုတဲ့ ဥစ္စာတွေရယ်၊ ပြီးတော့ နောက်ထပ် မဖမ်းတော့ပါဘူး ဆိုပြီးတော့ Gentlemen agreement လုပ်ထားတဲ့ဟာတွေ၊ ဂမ်ဘာရီနဲ့ လုပ်ထားတဲ့ဟာတွေလည်း အခုထက်ထိ အဲဒီသဘောတူညီချက်အတိုင်း နအဖ အနေနဲ့ လုပ်တာကို မတွေ့တော့ အဲဒီမှာကျနော်တို့ အများကြီးပဲ ၀မ်းနည်းပါတယ်။ နောက်တခါ သူတို့ နှစ်ဦးနှစ်ဝ ဆွေးနွေးပြီးတော့မှ ကျနော်တို့အရေးကို ပြန်လည် ဆွေးနွေးဖို့ ဆိုပြီးတော့ ဇန်န၀ါရီလ လာဖို့ ဆိုတာလည်းပဲ ဇန်န၀ါရီလ မဟုတ်တော့ဘဲနဲ့ ဧပြီလအထိ ရွှေ့ဆိုင်းတယ်ဆိုတာ တိုင်ပြည်အရေးဟာ ပိုပြီးတော့ ကြံ့ကြာသွားမယ့် အလားအလာ ရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ကျနော် အများကြီး ၀မ်းနည်းပါတယ်။”
တိုင်းရင်းသား လူမျိုးစုခေါင်းဆောင် ဦးထောင်ခိုထန်း ကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်တာဟာ အကြိမ်ပေါင်း မနည်းဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် ဘာမှ ထူးခြားမှုတွေ မတွေ့ခဲ့ရကြောင်း ပြောဆိုသွားပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လာမယ်ဆိုရင် ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို လာပြီးတော့ ဆောင်ရွက်သင့်ပြီလို့လည်း ပြောဆိုသွားပါတယ်။ ဒီမိုကရေစီ ဖေါ်ဆောင်ရေးဟာ အမှန်တကယ်ကိုပဲ နှေးကွေးနေပါတယ်ဆိုပြီး အခုလို ပြောသွားပါတယ်။
“ဒါ အင်မတန် မှန်ကန်တာပေါ့ဗျာ၊ အင်မတန် နှေးကွေးတာပေါ့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ ဒီမိုကရေစီလမ်းခရီးတို့ အဲဒါကတော့ မှန်ကန်ပါတယ်၊ ဒါပေမယ့် ဒီလိုနှေးကွေးမှု ဘာကြောင့်ဆိုတော့ စစ်အစိုးရ လက်ထဲမှာပဲ ရှိတယ်လေ၊ ဒီမိုကရေစီ အင်အားစုက တွေ့ဆုံဆွေးနွေးဖို့၊ ဒီမိုကရေစီကို ဖေါ်ဆောင်ဖို့ အမျိုးမျိုး တိုက်တွန်းတယ်၊ လက်မခံဘူးလေ၊ ဒါကြောင့်မို့ နှေးကွေးနေတာ၊ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့လည်း ဒီလိုပဲ အဝေးကနေပြီးတော့ ကုလသမဂ္ဂရုံးကနေ ဆုံးဖြတ်ရုံနဲ့ မပြီးဘူးဗျ၊ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာဖို့လိုတယ်၊ တစ်ဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့၊ နအဖ စစ်ကောင်စီနဲ့တွေ့၊ ပြီးတော့ သံဃာတော်တွေနဲ့ တွေ့ မြန်မာပြည် ပြဿနာ ဘယ်လို ဖြေရှင်းရမလဲဆိုတာ သူကိုယ်တိုင်ကိုယ်ကျ မြင်တွေ့မှပဲ အဖြေ ဘယ်လို ထုတ်ရမလဲဆိုတာ သူသိမယ်ထင်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေးဟာ တကယ်လည်း နှေးကွေးတယ်ဆိုတာကတော့ ကြာပြီ၊ အနှစ် ၂၀ လည်း ရှိတော့မယ်၊ ဘာမှ အဖြေ မထွက်သေးဘူး၊ နှေးကွေးမှုဟာ ဘယ်လို ရှင်းရမလဲ၊ မြန်ဆန်အောင် ဘယ်လို လုပ်ရမလဲဆိုတာလည်း အရေးကြီးတယ်ခင်ဗျ။”
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေး ၀န်ကြီးကလည်း မြန်မာနိုင်ငံမှာ ဆန္ဒပြရခြင်း အကြောင်းရင်း တစ်ရပ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှု ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရက ဆောင်ရွက်ခြင်း မရှိတာတွေ၊ ဗြိတိသျှ သံအမတ်ကလည်း ဒီလိုလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ နောက်တခါ ဆန္ဒပြမှုတွေ ဖြစ်လာမယ်လို့လည်း သုံးသပ်သွားပါတယ်။