သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းနောက်ဆက်တွဲ အခြေအနေတွေကို အမေရိကန် အောက်လွှတ်တော်တွင် ကြားနာပွဲ ကျင်းပရှင်းလင်း


နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် မြန်မာပြည်သူ ၇၈၀၀၀ကျော် အသက်ဆုံးရှုံးနေရတဲ့အချိန်မှာ မြန်မာစစ်အစိုးရဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို ကယ်ဆယ်ဖို့ထက် သူတို့ ဦးစီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲတွေနဲ့ပဲ အလုပ်များနေတယ်လို့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက အင်္ဂါနေ့မှာပြုလုပ်တဲ့ အမေရိကန် အောက်လွှတ်တော် မြန်မာ့ဆိုင်ကလုံး အရေးကြားနာပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေအပေါ် စစ်အစိုးရရဲ့အရေးမစိုက်တာတွေ နဲ့ ဆိုင်ကလုံးနာဂစ်ကြောင့် လူမှုရေး၊ စီးပွားရေး အခြေအနေတွေ ပိုပြီး ဆိုးရွားလာတဲ့အချိန်မှာ ပြည်သူလူထုဟာ စိတ်ပျက်လာဖို့ရှိတာတွေကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ပိုပြီး မတည်မငြိမ်ဖြစ်လာနိုင်တာကို ကျွန်တော်တို့ ကြိုတင် မြင်တွေ့နေရပါတယ်။”လို့ ပြောသွားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ထဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

နိုင်ငံခြား အထောက်အပံ့တွေနဲ့ ကယ်ဆယ်ရေးလုပ်သားအဖွဲ့တွေကို စစ်အစိုးရက အချိန်မှီ လက်မခံတာတွေကြောင့် မုန်တိုင်းက လွတ်မြောက်လာသူ ဒုက္ခသည်တွေဟာ ဒုတိယအချိန် အသက်ဆုံးရှုံးဖို့ အန္တရာယ်တွေ ထပ်မံကျရောက် လာခဲ့ရင် စစ်အစိုးရမှာပဲ တာဝန်ရှိတယ်လို့ အမေရိကန် အဆင့်မြင့် သံတမန်တစ်ဦးက လွှတ်တော် ကြားနာပွဲမှာ ပြောဆိုပါတယ်။

မုန်တိုင်းနောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ ရောဂါဘယကူးစက်မှုနဲ့ အစာရေစာငတ်ပြတ်ချို့တဲ့မှုတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် ကယ်ဆယ်ရေးအကူအညီတွေကို ဖြန့်ဖြူးဖို့ မြန်မာစစ်အစိုးရက မစီမံနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းရေးမှူး စကော့ မာရှယ် က လွှတ်တော်အမတ်တွေကို အသိပေးခဲ့ပါတယ်။

“အခြေအနေတွေဟာ ပိုပြီး ဆိုးရွားလာနေပါတယ်။”

လေဘေးဒုက္ခသည်တွေကို အသက်အန္တရယ်အတွက် စိုးရိမ်ရမယ့်အခြေအနေ ရောက်အောင် တွန်းပို့တယ်လို့ မစ္စတာ မာရှယ်က အပြစ်တင်ပြီး စစ်အစိုးရရဲ့ နာဂစ်ဆိုင်ကလုံးနဲ့ ပတ်သက်ပြီး တုန့်ပြန်ပြုမှုတာတွေဟာ သိပ်ကို ဆိုးရွားတယ်လို့ ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၇သန်းခွဲ အကူအညီတွေ ဆိုင်ကလုံးဒုက္ခသည်တွေကို ကူညီဖို့ ပေးထားပြီး၊ ကုလသမဂ္ဂ အစီအစဉ်တွေနဲ့ ယုံကြည်စိတ်ချရတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီကို အမေရိကန် ဒေါ်လာ ၁၆သန်းကျော်ဟာရောက်ရှိသွားပါပြီဖြစ်ပါတယ်လို့ အရှေ့တောင်အာရှရဲ့ အမေရိကန်ဆိုင်ရာ သံအမတ်ဖြစ်တဲ့ စကော့မာရှယ်က အမေရိကန်အောက်လွှတ်တော် ကြားနာပွဲမှာ ပြောခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG