သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကြောင့် ပါကစ္စတန်မှာ စစ်တပ်နဲ့ အရပ်သားအစိုးရ ကင်းကွာလာ


အမေရိကန်အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပါကစ္စတန်နိုင်ငံအပေါ်
ဖိအားပေးမှုတွေ ပိုလုပ်လာတဲ့အတွက် ပါကစ္စတန်နိုင်ငံ အစိုးရနဲ့ စစ်တပ်အကြား
ဆက်ဆံရေးတင်းမာမှု ဖြစ်လာနေတယ်လို့ အကဲခတ်သမားတွေ၊ အမေရိကန် အရာရှိ
ကြီးတွေက ဆိုပါတယ်။ အမေရိကန်တို့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှုကို
ဘယ်အတိုင်းအတာအထိ အတည်ပြုရမှာလဲ၊ ထောက်ကူရမှာလဲ ဆိုတာနဲ့ပတ်သက်ပြီး
ဗွီအိုအေသတင်းထောက် ဂယ်ရီ သောမတ်စ် (Gary Thomas) သတင်းပေးပို့ထားတာ
ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ သြဇာအာဏာကြီးမားလှတဲ့ စစ်တပ်နဲ့ ပူပူနွေးနွေး အရပ်သားအစိုးရ
တို့ရဲ့ ချစ်ကြည်မှုဟာ သက်တမ်းမကြာလှဘဲ အိုးစားကွဲကြတော့မယ့် အခြေအနေ ရှိနေ
ပါတယ်။ အကြမ်းဖက်သမားတို့ ခိုအောင်းရာလို့ ယူဆရတဲ့နေရာတွေကို အမေရိကန်တို့
က ထင်သလို ဝင်တိုက်နေတဲ့ကိစ္စဟာ စစ်တပ်နဲ့ အရပ်သားအစိုးရတို့အကြား
ကွဲသထက် ကွဲသွားစေလိမ့်မယ်လို့ အကဲခတ်သမားတွေက ထောက်ပြနေကြပါတယ်။

လယ်ရီ ဂွတ်ဒ်ဆန်း (Larry Goodson) ဟာ အမေရိကန်ကြည်းတပ် စစ်ဦးစီးကောလိပ်
က ပါမောက္ခတဦး ဖြစ်ပါတယ်။

"ဒါဟာ အက်ကွဲမှုတရပ်ကို တကယ်ပဲဖြစ်စေပါတယ်။ ဒီအက်ကွဲမှုဟာ ကျယ်ပြန့်သထက်
ကျယ်ပြန့်၊ နက်ရှိုင်းသထက် နက်ရှိုင်းလာပြီး မူဝါဒဆိုင်ရာ မဟာဗျူဟာ ချမှတ်ရေးမှာ
တကယ့်အက်ကွဲကြောင်းကြီးတခု ဖြစ်လာနိုင်ပါတယ်။"

ပါကစ္စတန်ပြည်သူ အများစုကတော့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်
(Pervez Musharraf) ဟာ အမေရိကန်နဲ့ နီးကပ်လွန်းခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ၉ နှစ်အတွင်း ပထမဆုံး အရပ်သားသမ္မတဖြစ်လာတဲ့ လက်ရှိသမ္မတ
အာဇစ် အာလီ ဇာဒါရီ (Asif Ali Zardari) ဟာလည်း အလားတူ မူရှာရက်ဖ်လမ်းစဉ်
လိုက်နေပြီလို့ နက်နက်ရှိုင်းရှိုင်း သံသယဝင်နေကြပါတယ်။

ဒီလိုသံသယတွေ ရှိနေချိန်မှာ ပြည်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကလည်း စိုးရိမ်
ရေမှတ်ကို ရောက်ရှိနေတော့ ပါကစ္စတန် စစ်အုပ်ချုပ်ရေးလက်အောက် ပြန်ရောက်မယ့်
အလားအလာ လျှင်မြန်စေလိမ့်မယ်လို့ လယ်ရီ ဂွတ်ဒ်ဆန်းက ဆိုပါတယ်။ ပါကစ္စတန်
ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှလက်အောက် လွတ်လပ်ရေးရပြီးကတည်းက စစ်တပ်နဲ့
အရပ်သား တလှည့်စီအုပ်စိုးလာတဲ့ နိုင်ငံတခုပါ။

"စစ်အုပ်ချုပ်ရေးနဲ့ အရပ်သားအုပ်ချုပ်ရေးကြား အချိန်ပြည့်ရွေ့လျားမှုဟာ ပိုပြီး
လျှင်လျှင်မြန်မြန် ဖြစ်လာပါတယ်။ အရပ်သား နိုင်ငံရေးသမားတွေ မပြတ်မသားနဲ့
အပြန်အလှန် ငြင်းခုံအော်ဟစ်နေတဲ့ကိစ္စမှာ စစ်တပ်အနေနဲ့ အကြာကြီး ကြားလူအဖြစ်
ရပ်တည်နေနိုင်လိမ့်မယ် မဟုတ်ဘူးလို့ ကျနော်တော့ထင်ပါတယ်။"

သမ္မတ ဇာဒါရီကတော့ လူမျိုးစုဒေသတွေမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သမားတွေ
ကို ချေမှုန်းတဲ့နေရာမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါ
တယ်။ ဒါပေမယ့် ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးဟာ ပါကစ္စတန်မှာ နိုင်ငံရေးအရ
လူကြိုက်မများလှပါဘူး။

တချိန်တည်းမှာပဲ မစ္စတာဇာဒါရီဟာ လူမျိုးစုဒေသက စစ်သွေးကြွအုပ်စုတွေနဲ့လည်း
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အားထုတ်နေပြန်ပါတယ်။ ဒါကိုတော့ အမေရိကန်က
လုံးဝမကြိုက်ပါဘူး။ မစ္စတာဇာဒါရီ မကြာခင် အမေရိကားကို ရောက်လာတုန်းက
စီအိုင်အေ အကြီးအကဲ မိုက်ကယ်ဟေဒန် (Michael Hayden) နဲ့ တိတ်တဆိတ်တွေ့ပြီး
ဒီအကြမ်းဖက်ဝါဒကိစ္စကို ဆွေးနွေးခဲ့ပါသေးတယ်။

ပြဿနာတခုက ပါကစ္စတန်နိုင်ငံမှာ Inter-Services Intelligence (ISI) လို့ခေါ်တဲ့
ထောက်လှမ်းရေးအဖွဲ့ပါပဲ။ ISI ဟာ ၁၉၉၀ ပြည့်လွန်တုန်းက အာဖဂန်မှာ တာလီဘန်
တို့ကို ဖန်တီးခဲ့တဲ့ အဓိကဌာနတခု ဖြစ်ခဲ့လေတော့ အဲဒီအထဲက ယုတ်စွအဆုံး တချို့
ဟာ လက်ရှိ အစ္စလာမ်စစ်သွေးကြွတွေနဲ့ မပြတ်နိုင်သေးဘူးလို့ အမေရိကန်
ထောက်လှမ်းရေးအသိုင်းအဝိုင်းက အတော်လေးယုံကြည်ထားပါတယ်။

ဒီအချိန်မှာ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ရှ်ဖတ် ခယာနီ (Ashfaq
Kayani) ကတော့ နိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ ပြောကြားနေပါတယ်။ ဒီလိုစကားမျိုး
ဟာ ပါကစ္စတန်မှာ မကြာခဏ ကြားခဲ့ဖူးပြီး အမြဲတမ်း ကျိုးပျက်ခဲ့တဲ့ ကတိစကားမျိုးသာ
ဖြစ်ပါတယ်။ ISI ထောက်လှမ်းရေး အကြီးအကဲတယောက်ကိုလည်း မကြာခင်ကဘဲ
ဗိုလ်ချုပ်ကြီး ခယာနီက အစားထိုးခန့်အပ်ခဲ့ပါတယ်။

သို့ပေမယ့် အမေရိကန် အရာရှိတွေကတော့ ဒီလိုလူစားထိုးလိုက်တိုင်း ဒီထောက်လှမ်း
ရေးတွေဟာ စစ်သွေးကြွတွေကို ခပ်ပြတ်ပြတ် ကိုင်တွယ်ပါ့မလား ဆိုတာကိုတော့
သံသယရှိနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG