သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းရေးဝင်မစွက်ဖို့ မြန်မာအစိုးရ သတိပေး


မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကမ္ဘာခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုတွေ ပိုပြီး တိုးများလာပေမဲ့ မြန်မာအစိုးရကတော့ ဒါဟာ မြန်မာပြည်တွင်းရေးကို ဝင်စွက်ဖက်တာဆိုပြီး ငြင်းပယ်နေတုန်းပါပဲ။ မြန်မာ နိုင်ငံပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းအားဖြင့် ဒေသတွင်း လုံခြုံရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုပြီး မနေ့က စင်ကာပူမှာ လုပ်တဲ့ အာရှဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာ ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြောသွား ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပါတယ်။

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ ကိစ္စဟာ မြန်မာပြည်တွင်း ဥပဒေရေးရာ ကိစ္စ ဖြစ်ပြီး၊ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုဖို့က လွဲလို့ ဘာမှအခြား ရွေးခြယ်စရာမရှိဘူးလို့ မြန်မာ စစ် အစိုးရ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က ပြောဆိုသွားတာပါ။ မနေ့က စင်ကာပူနိုင်ငံမှာ တတိယနေ့ အဖြစ် လုပ်တဲ့ ရှန်ဂရီလာ အာရှဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအတွင်း အခြားခေါင်းဆောင်တွေရဲ့ မြန်မာ့ အရေး ဝေဖန်ချက် အပေါ် ဗိုလ်ချုပ်အေးမြင့်က တုံ့ပြန်သွားခဲ့တာပါ။

"တိုင်းပြည်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာတွေ မလုပ်သင့်ပါဘူး။ ဒီလို လုပ်ခြင်း အားဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်နိုင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ နေအိမ်ခြံဝင်း အတွင်း ခိုးဝင်လာသူ ရှိတယ် ဆိုတာကို အာဏာပိုင်တွေကို အကြောင်း ကြားဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားစွဲဆိုတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်အေးမြင့်က အစည်းအဝေး တက်လာတဲ့ နိုင်ငံတကာ ကာကွယ်ရေး ထိပ်တန်း အရာရှိတွေကို ရှင်းလင်းသွားပါတယ်။

ရှန်ဂရီလာ အာရှဒေသလုံခြုံရေးအစည်းအဝေးအတွင်း အခု လတ်တလောဒေသအတွင်း ဂယက်ထနေတဲ့ မြောက် ကိုရီးယား နျူကလီယားကိစ္စပြီးရင် မြန်မာ့အရေးကိစ္စဟာ တတ်လာတဲ့ခေါင်းဆောင်တွေရဲ့စိုးရိမ်စရာ အခြေအနေတခု ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှနိုင်ငံ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာဝန်ကြီး Ann Taylor ကလည်း မြန်မာပြည်သူတွေဟာ အထီးကျန်မှုနဲ့ပဋိပက္ခတွေရဲ့ ဒဏ်ကို ရာစုနှစ်ဝက်နီးပါး ခံစားခဲ့ကြရတယ်လို့ ပြောဆိုပါတယ်။ ဒါကြောင့် အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အချိန်ရောက်နေပြီလို့ စစ်အစိုးရကို သတိပေးခဲ့ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ တဦးတည်းအထီးကျန်နေတာမဟုတ်ပါဘူး။ တကမ္ဘာလုံးက ပြည်သူတွေဟာ သူမနဲ့အတူ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိနေပါတယ်။ ဒါကြောင့် စစ်အစိုးရကို ပြောချင်ပါတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဖို့ အချိန်ကျနေပြီး ဆိုတာပါ။"

အမေရိကန်ကာကွယ်ရေးဝန်ကြီးရောဘတ်ဂိတ်ကလည်း မြန်မာ့နိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ လိုလားတယ်လို့ အမေရိကန်အစိုးရရဲ့သဘောထားကို ဒီအစည်းအဝေးမှာ စနေနေ့က ထပ်လောင်း ပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ တကယ်တမ်းအပြောင်းအလဲတွေ မြင်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာ မြင်ချင်ပါတယ်။ အတိုက်အခံနဲ့ စစ်အစိုးရအကြား အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်တာ မြင်ချင်ပါတယ်။"

နိုင်ငံတကာခေါင်းဆောင်တွေဟာ အခု ရှန်ဂရီလာ ဒေသလုံခြုံရေးအစည်းအဝေးမတိုင်ခင်ကလည်း ဟနွိုင်းနဲ့ ဖနွမ်းပင်မှာ လုပ်ခဲ့တဲ့ အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သူတို့ စိုးရိမ်မှု တွေ ထုတ်ဖော်ပြောခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဌ တာဝန်လည်းယူထားတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီစစ်ဝိတ်ချာချီ၀ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲဆိုတဲ့ကိစ္စအပေါ် မြန်မာအစိုးရက မပြတ်ဝေဖန်နေပါတယ်။ လာမယ့် ဇွန် ၁။၂ ရက် တောင်ကိုရီယားနိုင်ငံမှာ ကျင်းပမယ့် ဒေသတွင်း အစည်းအဝေး တခု မှာလည်း မြန်မာ့နိုင်ငံအရေးကိစ္စကို ဆွေးနွေးကြမယ်လို့ မနေ့က ထိုင်းရုပ်မြင်သံကြားအပတ်စဉ်မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားတာကြောင့် မြန်မာအစိုးရက ပြည်တွင်းရေးဝင်မစွတ်ပါနဲ့ပြောနေပေမယ့်လည်း၊ နိုင်ငံတကာဖိအားတွေ ကတော့ အထူးသဖြင့် အိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ ဖိအားတွေ အရင်ကထက် ပိုလာတယ်လို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG