သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အိန္ဒိယ နှစ်နိုင်ငံ လက်နက်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်


အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာကျတဲ့ မဟာမိတ် ဆက်ဆံရေးကို ပိုပြီးခိုင်မာစေဖို့ ရည်ရွယ်တဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ ဒီနေ့ နယူးဒေလီမှာ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး အက်စ်.အမ်. ခရစ်ရှ်နာ (S.M. Krishna) နဲ့လည်း ဒီနေ့နှောင်းပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နယူးဒေလီကို ရောက်နေတဲ့ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလပ်စ် (David Gollust) သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အနေနဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်နဲ့ နယူးဒေလီမှာ တွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား မဟာဗျူဟာကျတဲ့ ဆက်ဆံရေး တိုးတက်စေဖို့ ရည်ရွယ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်.အမ်. ခရစ်ရှ်နာနဲ့ ဒီနေ့နှောင်းပိုင်းမှာ တွေ့ဆုံရာမှာတော့ ဝန်ကြီး ကလင်တန်အနေနဲ့ နှစ်နိုင်ငံအကြား တရားဝင် မဟာဗျူဟာကျတဲ့ အခြေအတင် ဆွေးနွေးပွဲ စတင်ဖို့ရှိပြီး သက္ကရာဇ် ၂၀၀၅ ခုက အမေရိကန်နဲ့ အိန္ဒိယ နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို အခြေခံတဲ့ သဘောတူညီမှု အနည်းဆုံး ၂ ခု လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

စာချုပ်တခုကတော့ အိန္ဒိယမှာ အမေရိကန် ကုမ္ပဏီ ၂ ခုက နျူကလီးယားစွမ်းအင် စက်ရုံ ၂ ရုံ တည်ထောင်မယ့် နေရာတွေကို အတည်ပြုမယ့်စာချုပ် ဖြစ်ပါတယ်။ နောက်တခုကတော့ အိန္ဒိယကို အမေရိကန်က ရောင်းချတဲ့ လက်နက်ဆိုင်ရာ နည်းပညာတွေ တတိယနိုင်ငံကို မပြန့်ပွားရလေအောင် ကာကွယ်နိုင်ဖို့ ရည်ရွယ်တဲ့ စာချုပ် ဖြစ်ပါတယ်။ ဒီသဘောတူညီမှုကနေ အမေရိကန်ကို အိန္ဒိယက တိုက်လေယာဉ် ရောင်းချမယ့် သဘောတူညီမှုကိုလည်း လမ်းဖွင့်ပေးရာ ရောက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မှာပဲ ဝန်ကြီး ကလင်တန်အနေနဲ့ အာဏာရ ကွန်ဂရက်စ်ပါတီ ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဒီ (Sonia Gandhi) အပြင် အတိုက်အခံ BJP ပါတီခေါင်းဆောင် အယ်လ် ခရစ်ရှ်နာ အတ်ဒ်ဗာနီ (Lal Krishna Advani) နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

သောကြာနေ့ နှောင်းပိုင်းကတော့ မွမ်ဘိုင်းကို ဆိုက်ရောက်ခဲ့တဲ့ ဝန်ကြီး ကလင်တန်ရဲ့ အိန္ဒိယ ခရီးစဉ်မှာတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လူ ၁၆၆ ဦး သေဆုံးခဲ့ပြီး ပါကစ္စတန်နဲ့ အိန္ဒိယကြား ဆက်ဆံရေး တင်းမာစေခဲ့တဲ့ မွမ်ဘိုင်းမြို့မှာ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် တိုက်ခိုက်မှုတွေအကြောင်း သတိရစရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ ထိုစဉ်က အကြမ်းဖက်သမားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဟိုတယ် ၂ ခုအနက် တခုမှာ ဝန်ကြီး ကလင်တန်က တည်းခိုခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း သေဆုံး ဒဏ်ရာရခဲ့ကြသူတွေအတွက် အမှတ်တရ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ မတွေ့ဆုံမီ ဝန်ကြီး ကလင်တန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာတော့ သူက ပါကစ္စတန် အနေနဲ့ မကြာသေးမီ လများအတွင်း သူ့နယ်မြေမှာ အခြေစိုက် လှုပ်ရှားခဲ့ကြတဲ့ အစွန်းရောက် ဝါဒီတွေကို နှိမ်နင်းရာမှာ ထိထိရောက်ရောက် ကြိုးပမ်းခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၆ လအတွင်း ပါကစ္စတန် အစိုးရနဲ့ လက်တွဲဆောင်ရွက်ရာမှာ အစိုးရတရပ်လုံး ထိုးဖောက်ဝင်ရောက်နေတဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ သန္နိဋ္ဌာန် ခိုင်မာမှုကို အစိုးရက ပြသနိုင်ခဲ့တယ်လို့ ကျမတို့ တွေ့ရှိခဲ့ရပါတယ်။ ဒီလိုလုပ်လိမ့်မယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်။ အစိုးရ၊ စစ်တပ်၊ အရပ်ဘက်နဲ့ ထောက်လှမ်းရေး အဆင့်တိုင်းနဲ့ ကျမတို့ ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ဆိုတာ ကျမအနေနဲ့ ပါကစ္စတန် ပြည်သူတွေကို တိုက်ရိုက် အသိပေး ပြောကြားခဲ့ပြီး ဖြစ်ပါတယ်” လို့ ဝန်ကြီး ကလင်တန်က ပြောသွားတာ ဖြစ်ပါတယ်။

၅ ရက်ကြာ အိန္ဒိယ ခရီးစဉ်အပြီး ဝန်ကြီး ကလင်တန်အနေနဲ့ ထိုင်းနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) နဲ့ တွေ့ဆုံဖို့ရှိပြီး ဖူးခက်မှာ လက်ရှိကျင်းပနေတဲ့ အာဆီယံ ဝန်ကြီးများအဆင့် ညီလာခံအပြင် ARF အာဆီယံ ဒေသန္တရ ညီလာခံကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။ ဒီ့နောက် သောကြာနေ့မှာ ဝါရှင်တန်ကို ပြန်ရောက်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG