သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီပေးဖို့


ပြည်ပသတင်းဌာနတခုဖြစ်တဲ့ နော်ဝေ (Norway) နိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာအသံ (Democratic Voice of Burma) သတင်းဌာနအတွက် သတင်းယူပေးနေတဲ့ ပြည်တွင်းသတင်းထောက် မလှလှဝင်း ကို မြန်မာစစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချမှတ်လိုက်ပါတယ်။ ပြည်တွင်းမှာ တင်ပြခွင့်မရတဲ့ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ပြည်ပသတင်းဌာနတွေကတဆင့် တင်ပြပေးဖို့ ကြိုးစားနေတဲ့ ပြည်တွင်းသတင်းထောက်တွေရဲ့ လုပ်ရပ်တွေကို အစိုးရ ဆန့်ကျင်တဲ့ နိုင်ငံရေးလုပ်ရပ်အဖြစ် မြန်မာစစ်အစိုးရက ယူဆပါတယ်။ ပြည်တွင်းသတင်းထောက်တွေ တွေ့ကြုံရတဲ့ အန္တရာယ်နဲ့ ပြည်ပသတင်းဌာနတွေက ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာကို သိရှိနိုင်ဖို့ DVB သတင်းဌာနလက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်း ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း, က ဆက်သွယ်မေးမြန်း ဆွေးနွေး တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီသတင်းဌာနရဲ့ သတင်းထောက်မလှလှဝင်း အဖမ်းခံရတဲ့သတင်းကို ကြားသိရတော့ ဒီဗွီဘီ (DVB) သတင်းဌာနအနေနဲ့ ပထမဦးဆုံး တုံ့ပြန်မှုက ဘာလဲခင်ဗျ။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့သတင်းထောက်တွေ ဒါမျိုးအဖမ်းခံရမယ်ဆိုတာ ကျနော်ကတော့ ယူဆထားပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က အန္တရာယ်ကြားက လုပ်နေကြရတဲ့အလုပ်တွေ။ ဆိုတော့ ကျနော်တို့ဘက်ကတော့ ဘာပဲ လုပ်နိုင်မလဲဆိုတော့ ဒါမျိုးအဖမ်းခံရတဲ့ သတင်းထောက်တွေကို ကမ္ဘာက သိအောင်လုပ်မယ်၊ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ အမြန်ဆုံး ပြန်ရလာအောင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့အတွက် လွတ်လပ်လာအောင် ကြိုးစားမယ်။ ဒါမျိုးတွေပဲ ကျနော်တို့လုပ်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးခင်မောင်ဝင်း ပြောသလိုဆိုလိုရှိရင် ဒီဗွီဘီရဲ့ ပြည်တွင်းမှာ လှုပ်ရှားပေးနေတဲ့ သတင်းထောက်တွေ အနေနဲ့ အန္တရာယ်ကြားက လှုပ်ရှားနေရတယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သဘောပေါက်ပြီးသားဖြစ်နေတယ်ဆိုတော့ သူတို့အနေနဲ့ ဘာကြောင့်များ အန္တရာယ်ကြီးတဲ့အလုပ်ကို လုပ်ချင်ရတာလဲ။ ဒီနေရာမှာ သတင်းထောက်နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူဆိုတဲ့ သတ်မှတ်ချက် (၂) ခု ကြားမှာ သူတို့အနေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေလို့ စစ်အစိုးရကနေ ထောက်ပြနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေသလား။

ဦးခင်မောင်ဝင်း ။ ။ မြန်မာပြည်မှာ ထောင်ထဲမှာရှိနေတဲ့ လူတွေအထဲမှာ ဒီ သတင်းထောက် မလှလှဝင်း မှ မဟုတ်ပါဘူး တခြားသတင်းဌာနတွေအတွက် လုပ်နေတဲ့ သတင်းထောက်တွေလည်း အများကြီးရှိနေတယ်ဆိုတာ အားလုံးအသိပါ။ ဗမာပြည်မှာက ဘယ်သူမှ အန္တရာယ်ကင်းပြီးတော့ လုပ်နေရတဲ့ အခြေအနေမျိုးမရှိပါဘူး။ ရှေ့နေတွေလည်း ထောင်ထဲ ဝင်သွားနိုင်တယ်၊ ကျောင်းသားတွေလည်း ထောင်ထဲဝင်သွားနိုင်တယ်၊ လယ်သမားတွေတောင်မှ သူတို့လယ်မြေ အသိမ်းခံ ရပြီးတော့ လယ်မြေအသိမ်းခံရတဲ့ကိစ္စ ပြောတဲ့အတွက် ထောင်ထဲဝင်သွားရတဲ့လူတွေ အများကြီးပါ။ ဗမာပြည်မှာက ဘယ်သူကမှ လွတ်လပ်ခွင့်ရနေပြီး အမြဲတမ်း အပြင်မှာပဲ နေနေရမယ်ဆိုတာမျိုး မရှိနိုင်ပါဘူး။ ဘာမှ အပြစ်မရှိဘဲ ဘာမှမလုပ် အစိုးရဆန့်ကျင်ရေးအလုပ် မလုပ်ဘဲနဲ့ ဘာမှသတင်းကိစ္စ မပြောဘဲနဲ့ နေရင်းထိုင်ရင်း ထောင်ထဲရောက်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ သတင်းထောက်တွေ ထောင်ထဲဝင်သွားတယ်ဆိုတာလည်း ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ မလှလှဝင်း က ပထမဦးဆုံး မဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး။ ရှေ့က သူ့အရင် ဦးဝင်းတင် လို ကမ္ဘာကျော်၊ နိုင်ငံကျော် သတင်းထောက်တွေ ထောင်ထဲမှာ နေခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဒါတွေက ဗမာပြည်လို အခြေအနေမျိုးမှာ သတင်းထောက်တွေက ငါတို့ အန္တရာယ်ကင်းတဲ့အလုပ်ပဲ လုပ်ရမယ်ဆိုတဲ့ အနေအထားမျိုး မဟုတ်ပါ ဘူး။ အန္တရာယ်ကတော့ အမြဲတမ်း ရှိနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အထူးသဖြင့် သတင်းထောက်တွေမကဘူး၊ ဗမာနိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဆိုပြီး တကယ့်တမ်းအားဖြင့် ပြည်ပအနောက်နိုင်ငံတွေမှာဆိုရင် လူတိုင်းသိနိုင်ကြတဲ့သတင်းမျိုးတွေ၊ လူတိုင်း သိခွင့်ရှိတဲ့ သတင်းမျိုးတွေကို အပြင်ကိုထုတ်တာလေး တချို့ဝန်ထမ်းတွေ၊ ဝန်ထမ်းဟောင်းအချို့ကို သေဒဏ်ပေးတဲ့ အဆင့်အထိ ရှိနေတယ်ဆိုတော့ မြန်မာနိုင်ငံမှာ သတင်းထောက်အလုပ်ဆိုတာ စောစောကပြောသလို လူတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုပေမဲ့လည်း သတင်းထောက်အလုပ်က အန္တရာယ်ကြားမှာ ပိုပြီးလျှောက်နေရတဲ့သဘောမျိုး ဖြစ်မနေ ဘူးလား။

ဦးခင်မောင်ဝင်း ။ ။ ဟုတ်ကဲ့ အဲဒါတော့ မှန်ပါတယ်။ သတင်းထောက်တွေက ပိုပြီးတော့ အန္တရာယ်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နအဖစစ်အစိုးရအနေနဲ့ကတော့ သတင်းမှန်ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတယ် ဆိုတော့ သူတို့ ဖုံးကွယ်ထားတာတွေကို ထုတ်ဖော်ဖို့ ကြိုးစားတဲ့လူတွေအားလုံးကို သူတို့ကတော့ ရန်သူလို သဘောထား မှာ။ မလှလှဝင်း ဆိုရင် ဘုန်းကြီးတွေ အင်တာဗျုးတာပဲရှိတယ်။ အဲဒီကိစ္စလေးတခုတည်းနဲ့ သူ့ကို ပေးလိုက်တဲ့ ထောင်ဒဏ် က တခြားရာဇဝတ် လူသတ်မှုလို့၊ မုဒိန်းမှုလို့ ရာဇဝတ်မှုတွေမှာ ပေးရမယ့် ပြစ်ဒဏ်ထက် ပိုကြီးတဲ့ ပြစ်ဒဏ်မျိုးပေးခဲ့တယ်။ နအဖ ဒီလို သဘောထားမှာဘဲ။ သူတို့က တကယ်ကို အန္တရာယ်ကြီးတဲ့အလုပ်ကို လုပ်နေရတာပါ။ ဒါပေမဲ့ သတင်းထောက် တွေက ဘာကြောင့် ဒီအလုပ်တွေ လုပ်နေသလဲလို့ ပြန်စဉ်းစားကြည့်တော့ ကျနော်တို့ သတင်းထောက်တွေက ဒီအလုပ် လုပ်ပေးလိုက်တဲ့အတွက် ဗမာပြည်သူလူထုတွေ ဘယ်လိုခံစားနေရတယ်ဆိုတာကို ဗမာပြည်သူလူထုသာမက ကမ္ဘာက သိအောင် ကျနော်တို့က ထုတ်ဖော်ပြနိုင်တယ်။ ဒါကြောင့် သူတို့က ဒီဟာက ပိုပြီးတော့ အရေးကြီးတဲ့အလုပ် အကျိုးရှိတဲ့ အလုပ်၊ လုပ်ဖို့လိုအပ်တဲ့အလုပ်လို့ ယူဆပြီးတော့ သတင်းထောက်တွေ လုပ်နေကြတာပါ။ အန္တရာယ်ရှိမှန်း သိပေမဲ့ ဒါက ပိုပြီးတော့ ထိရောက်တယ်၊ ပိုပြီးတော့လုပ်ဖို့ လိုအပ်တယ်လို့ သူတို့ကယူဆတဲ့အတွက် သူတို့က ဒီအလုပ်ကိုလုပ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ တကယ်တမ်းကျတော့ ကျနော်တို့နားလည်ထားတာကလည်း မဟုတ်မမှန် ကောလဟလ သတင်းတွေဖြန့်တာကလွဲရင် ပြည်တွင်းမှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဆိုတာက ပြည်သူတွေမကဘဲ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဝန်ကြီးဌာနတွေ သိသင့်သိထိုက်တဲ့အချက်တွေပဲလေ။ နိုင်ငံတကာမှာဆိုရင် နိုင်ငံခေါင်းဆောင် တွေ အနေနဲ့ မနက်မိုးလင်းတာနဲ့ သတင်းတွေနားထောင်တယ်၊ သတင်းစာတွေ ဖတ်ကြတယ်။ အဲဒီတော့မှ သူတို့လည်း သူတို့ရှိနေတဲ့ အစီရင်ခံစာတွေမှာ မကြားရ၊ မသိရတဲ့ သတင်းတွေကို ပြည်သူတွေကြားထဲက ထွက်လာတဲ့သတင်းတွေကို သူတို့သိရပြီးမှ မူဝါဒတွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်တယ်၊ သုံးသပ်နိုင်မယ်လို့ အယူအဆရှိကြပါတယ်။ ဗမာနိုင်ငံ စစ်အစိုးရအနေနဲ့ ဒီလိုအယူအဆမရှိဘူးဆိုတာ ထင်ရှားနေတာပေါ့။

ဦးခင်မောင်ဝင်း ။ ။ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာခေါင်းဆောင်တွေလို သူတို့ကိုသူတို့ အဆင့်အတန်းရှိတဲ့ တိုင်းပြည် အုပ်ချုပ်တဲ့ ခေါင်းဆောင်ဖြစ်ချင်ရင်တောင် သတင်းနဲ့ မီဒီယာကို နားထောင်သင့်တယ်။ အသုံးချသင့်တယ်၊ အသုံးချတယ် ဆိုတာ နည်းမှန်လမ်းမှန်နဲ့ အသုံးချဖို့ပါ။ သူတို့ ဝါဒဖြန့်ချီရေးလုပ်ဖို့ အသုံးချတာမျိုး ကျနော်ပြောဆိုတာ မဟုတ်ပါဘူး။ တကယ် လွတ်လပ်ပြီးတော့ ပြည်သူအတွက် ပြည်သူရဲ့ ခံစားချက်ကို တင်ပြပေးနေတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို လေ့လာမယ်၊ နားထောင်မယ်ဆိုလို့ရှိရင် အဲဒီအပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်အတွက် လူမျိုးအတွက် အကျိုးရှိမယ့် ပေါ်လစီတွေ၊ မူဝါဒတွေ ချမှတ်ပြီးတော့ အုပ်ချုပ်သွားနိုင်မယ်ဆိုတာ သူတို့ သိသင့်ပါတယ်။ အဲဒီတော့ ဗမာစစ်အစိုးရ အနေနဲ့ ဒါကို မသိသေးတာ အားလုံးအတွက် ဝမ်းနည်းစရာပါ။ အထူးသဖြင့် ဗမာလူထုအတွက် ဝမ်းနည်းစရာအကောင်းဆုံး အခြေအနေဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို သိအောင်ကြိုးစားပေးနေတဲ့ သတင်းထောက်တွေ၊ သတင်းယူပေးနေတဲ့လူတွေကို ခြိမ်းခြောက် တယ်၊ နှိပ်စက်တယ်၊ အခုလို ထောင်ချတယ်ဆိုတာကတော့ ပိုဆိုးတာပေါ့။

ဦးခင်မောင်ဝင်း ။ ။ အဲဒါကြောင့် ကျနော်ပြောတာက ဒီ ၂၀၁၀ မှာ နအဖ က ရွေးကောက်ပွဲလုပ်မယ်၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မယ် ဘာညာ သူတို့အမျိုးဆုံးပြောကြတာပေါ့။ အဲဒီအထဲက တကယ် သူတို့ ပြောတဲ့ အတိုင်း လုပ်မယ်ဆိုရင်တော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုသင့်တယ်၊ လေစားသင့်တယ်၊ သတင်းထောက်တွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပေးသင့်တယ်။ ထုတ်ဖော်ပြောဆိုခွင့် ပေးသင့်ပါတယ်။ ဒါမှ မလုပ်ဘဲနဲ့ သူတို့ ကြွေးကြော်နေတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ နိုင်ငံသစ်ကို လုပ်မယ်တို့၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သတင်းထောက်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တခြားဆွေးနွေးစရာရှိတဲ့ အချက်ကတော့ သတင်းထောက်တွေ အလုပ်လုပ်ကိုင်တဲ့ အထူးသဖြင့် ပြည်ပမှာရှိတဲ့ သတင်းဌာနတွေအနေနဲ့ ပြည်တွင်းမှာ လုပ်ပေးနေတဲ့ သတင်းထောက်တွေကို ဒီလို အန္တရာယ်မျိုးတွေ ရှောင်ရှားနိုင်အောင် ဘာတွေများ လုပ်ပေးနိုင်မလဲ။

ဦးခင်မောင်ဝင်း ။ ။ ကျနော်ကတော့ ကျနော်တို့ သတင်းဌာနအနေနဲ့ဘဲ ပြောနိုင်တာပေါ့။ ကျနော်တို့မှာ အမြဲတမ်း သတိထားပါတယ်။ ပြည်တွင်းမှာ သတင်းပို့နေရတဲ့ သတင်းထောက်တွေရဲ့ အန္တရာယ် ကျနော်တို့ သိပါတယ်။ သူတို့က ပိုသိတယ်။ ကျနော်တို့ ပထမဦးဆုံးပြောတဲ့အချက်က အန္တရာယ်ရှိတဲ့ အလုပ်ကို မလုပ်ပါနဲ့။ ကိုယ်ဘာသာ စဉ်းစားချင့်ချိန်ပါ၊ ဒီအလုပ်က ကိုယ့်အတွက် အသက်အန္တရာယ်လည်း ရှိနိုင်တယ်၊ အခုလို အဖမ်းအဆီးခံပြီးတော့ ထောင်ချခံရတဲ့ အန္တရာယ် လည်း ရှိနိုင်တယ်။ အဲဒါတွေ ဖြစ်နိုင်တဲ့ အလားအလာအောက်မှာ သတင်းယူမယ်ဆိုရင် လုံခြုံရေး အရင်ဦးစားပေးပါ။ ပြီးတော့မှ ကိုယ့်အလုပ်ကို လုပ်နိုင်တဲ့အခြေအနေကို ရွေးချယ်ပါလို့ ကျနော်တို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့ သတင်းထောက်တွေက ယုံကြည်ချက်နဲ့ လုပ်နေတဲ့အတွက် သတင်းဟာ တိုင်းပြည်နဲ့လူမျိုးအတွက် သိကိုသိသင့်တယ်လို့ ယူဆပြီး သတင်းနောက်ကို လိုက်သွားတာရှိတယ်။ နောက်ပိုင်းကျတော့ အန္တရာယ် ရင်ဆိုင်ကြတော့တာဘဲ။

ကျနော် အမြဲတမ်း သတိပေးတဲ့ဟာက အန္တရာယ်ကို ပထမသတိထားပါ။ ကျနော်တို့က သတင်းဌာနတွေနဲ့ စီစဉ်တာက အဲဒီလို အန္တရာယ်တွေ ဖြစ်လာရင် နောက်ပိုင်းက သူတို့ကို ကာကွယ်နိုင်အောင်၊ သူတို့ကို ကူညီပေးနိုင်အောင် လုပ်တယ်။ အခု မလှလှဝင်း ဆိုရင် အဖမ်းခံသွားရပြီ။ ဘယ်ထောင်မှာ ထောင်ကျမလဲမသိဘူး။ သူရဲ့ မိသားစုကို ကျနော်တို့က ပုံမှန် သူနဲ့ သွားတွေ့နိုင်အောင်၊ ပြီးတော့ မလှလှဝင်း အကြောင်းကို သိနေအောင်၊ မလှလှဝင်း က အဲဒီလိုဘဲ အန္တရာယ်ကြားကနေ ဒီလို ကိုယ့်လူမျိုးရဲ့ အခြေအနေကို သိအောင် ထုတ်ဖော်တင်ပြသွားတဲ့ သတင်းထောက် တယောက်ရဲ့ လုပ်ရပ်ကို ကမ္ဘာက သိနေအောင် ကျနော်တို့က ဆက်ပြီးတော့ သူ့အကြောင်းကို သိနေအောင် လိုက်လုပ်ပေးနေတာတွေ ရှိပါတယ်။ ကျနော် ပြောချင်တဲ့ဟာက ဗမာပြည်မှာက အန္တရာယ် လုံးဝကင်းလွတ်တဲ့ risk free ဟာက လုံးဝမရှိဘူး။ ဒါပေမဲ့ အဲဒီအန္တရာယ်ကို လျှော့ချနိုင်အောင် တကယ့်အန္တရာယ်ကြုံသွားရင်လည်း အဲဒီအန္တရာယ်က ပိုပြီးသေးငယ်သွားအောင် လုပ်ပေးနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာရှိတဲ့ တခြားပြည်တွင်းသတင်းဌာနတွေအနေနဲ့ တင်ပြနိုင်ခွင့်တွေ ပိတ်ပင်ခံထားရတယ် ဆိုတာမျိုး ရှိနေလေတော့ အခု ဒီလို ပြည်ပသတင်းဌာနတွေအတွက် သတင်းယူပေးနေတဲ့ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်များ အရေးပါတယ်လို့ ယူဆသလဲ။

ဦးခင်မောင်ဝင်း ။ ။ အဲဒါ တော်တော်ကို အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ဗမာပြည်တွင်းမှာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ရာနဲ့ချီ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ရာနဲ့ချီ ရှိပေမဲ့ ဗမာပြည်သူလူထု သိသင့်သိထိုက်တဲ့ သတင်းတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ရေးသားခွင့် မရကြပါဘူး။ အဲဒီတော့ နိုင်ငံခြားမှာ ဗွီအိုအေ၊ ဘီဘီစီ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ သတင်းဌာနတွေနဲ့ ချိတ်ဆက်ထားတဲ့ သတင်းထောက်တွေကဘဲ သတင်းပေးလိုက်ပြီး အသံလွှင့်လိုက်မှ ဗမာပြည်သူလူထုက သိခွင့်ရပါတယ်။ ကျနော်တို့ ၂၀၀၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်း ကာလတွေမှာ တကယ့်ဖြစ်ရပ်မှန်တွေ တင်ပြပေးသွားနိုင်ခဲ့တာက ပြည်ပမီဒီယာတွေနဲ့ ချိတ်ဆက်နေတဲ့ သတင်းထောက် တွေပါ။ မလှလှဝင်း လို့ သတင်းထောက်တွေပါ။ အဲဒီတော့ ဒီသတင်းထောက်တွေရဲ့ အခန်းကဏ္ဍက တော်တော် အရေးကြီး တယ်လို့ ကျနော်ယူဆပါတယ်။ ဒီလူတွေရဲ့ အခန်းကဏ္ဍက အခု ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလမှာလည်း သူတို့က အရေးကြီးတဲ့နေရာက တကယ်ကို ပါဝင်လှုပ်ရှားမယ်လို့ ကျနော်ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံပိုင်သတင်းစာတွေမှာ ဗွီအိုအေ၊ ဘီဘီစီ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ တို့ ညာနေတယ်၊ သွေးထိုးပေး နေတယ်၊ ရန်တိုက်ပေးနေတယ် ဆိုတဲ့ ကြော်ငြာတွေထဲ့ပြီးတော့ ပြည်သူလူထုကို ဒီသတင်းတွေ နားမထောင်ကြဖို့ ဒီသတင်းတွေက တဘက်သတ်ဆိုတာတွေဖြစ်တယ်အကြောင်းကို ပြောနေတာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ?

ဦးခင်မောင်ဝင်း ။ ။ အဲဒါက ဗမာပြည်မှာ အစိုးရပိုင်သတင်းဌာန၊ သတင်းစာတွေကို အသုံးချပြီးတော့ ပြည်သူတွေကို ဖြားယောင်းပြီးတော့ တဖက်လှဲ့ ဝါဒဖြန့်နေတာ အခုမှ မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီး ဗမာပြည်မှာ စစ်အာဏာရှင်စနစ် စပြီး သန္ဓေတည်လာတဲ့အချိန်ကတည်းကပါ။ ဒါတွေက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဗမာပြည် ပြည်သူလူထုကလည်း ဒါတွေ နားယောင်မယ်လို့ ကျနော်မထင်ပါဘူး။ အဲဒီတော့ သူတို့ဘာသာသူတို့ ဘယ်လိုပဲ တိုက်ခိုက် ဝေဖန်ပါစေ၊ ကျနော်တို့ ပြည်ပသတင်းဌာနတွေကတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်ရမှာဖြစ်ပါတယ်။ သူတို့က အဲဒီလိုမျိုး ဝေဖန်တိုက်ခိုက်လေလေ၊ ဒီသတင်းဌာနတွေက အရေးကြီးတဲ့အခန်းကဏ္ဍ ဘယ်လောက်ရှိနေသလဲဆိုတာကို ပြသလေလေလို့ ကျနော်ယူဆပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG