သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လျှောက်ထားသူ ပြုလုပ်ပြီး အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နစ်နာမှုတွေအတွက် လျှောက်ထားချက် ၂ ခုကို တင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ကတိအတိုင်း အကောင်အထည် ဖော်မပေးခဲ့တဲ့ ကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၂ ကြိမ် ကျခံစေတဲ့ ကိစ္စအပေါ် တားဝရမ်း ထုတ်ပေးဖို့ အခုလို လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောကြားပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ပထမအချက်ကတော့ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတဲ့ကိစ္စလို့ ဆိုရမှာပါ။ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ အရ ရွေးကောက်ခံရသော ပုဂ္ဂိုလ်များဖြင့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ ဥပဒေစကားအရ Imperative မလုပ်မနေရ၊ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ သဘောပါ။

တခါ ဗိုလ်ချုပ်မှူးကြီး စောမောင်က ၁/၉၀ ထုတ်ပြန်ပြီး အဲဒီဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ နဝတက လွှတ်တော် ခေါ်ယူပေးမယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒါပေမဲ့ လွှတ်တော် မခေါ်ခဲ့ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ NLD ဘက်က နစ်နာရတဲ့အတွက် ဥပဒေကြောင်းက လျှောက်ထားတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေ အကိုးအကားနဲ့ ရှင်းပြထားတဲ့ ပုဂ္ဂိုလ်ကတော့ NLD ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဝင်း ဖြစ်ပါတယ်။

“အန်ကယ် ဦးအောင်ရွှေက နအဖကို လျှောက်ထားသူ အနေနဲ့ လျှောက်လွှာ application တခု တင်တယ်။ အဲဒီမှာ သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၅ + ၅၄၊ အဲဒီပုဒ်မ ၂ ခုပေါ် အခြေခံပြီး လျှောက်လွှာ တင်လိုက်တာ။ ၄၅ ပြဋ္ဌာန်းချက်က အာဏာပိုင် တရပ်ရပ် သို့မဟုတ် ဝန်ထမ်း အဖွဲ့အစည်း၊ ဝန်ထမ်းပုဂ္ဂိုလ် တဦးတယောက်က မိမိမှာ တာဝန်ရှိပါလျက် ထိုတာဝန်ကို မလုပ်ဘူး၊ တစုံတယောက် သို့မဟုတ် အဖွဲ့အစည်းတခုခု နစ်နာစေတယ်ဆိုရင် အဲဒီ နစ်နာတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကနေ လျှောက်လွှာတင်ပြီးတော့ တရားရုံးက ပုဒ်မ ၄၅ အရ တာဝန်ရှိတဲ့အတိုင်း လုပ်စေဆိုပြီး အမိန့်ချတယ်။”

ဒါက စစ်အစိုးရဘက်က ဥပဒေအရ လုပ်ရမယ့်ကိစ္စကို မလုပ်လို့ NLD ဘက်က လျှောက်ထားတဲ့ကိစ္စပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ဥပဒေအရ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတဲ့ကိစ္စ ဆိုရင်လည်း ရနိုင်ပါတယ်။

နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုတခုတည်းအတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတဲ့အပြင် အဲဒီပုဒ်မ တခုတည်းအရပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိစေရလို့လည်း ပြစ်ဒဏ်ချမှတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို လူတယောက်ကို ပြစ်မှု တခုတည်းအတွက် ပြစ်ဒဏ် ၂ ခါပေးတာဟာ ဥပဒေရဲ့ မူသဘောအရကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဟန့်တားပေးဖို့ Injunction ဆိုတဲ့ တားဝရမ်း ထုတ်ပေးဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ရှင်းပြပါတယ်။

“မကြာသေးခင်က နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ၅၀၀ ရှိတယ်။ ဘာပါလဲဆိုတော့ ထောင်ဒဏ် ကျခံနေရသော ပုဂ္ဂိုလ်ဆိုပြီးတော့ အဲဒီမှာ ပါတယ်။ အယူခံတာတို့၊ ပြင်ဆင်မှု တက်တာတို့၊ တက်ချင်တက်၊ မတက်ချင်နေ အောက်ရုံးက၊ မူလရုံးက ထောင်ချလိုက်ပြီဆိုရင် အဲဒါ ထောင်ကျခံနေရသော ပုဂ္ဂိုလ်ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲ ပါတယ်။ တိုက်ရိုက်ပြောရင် အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါတဲ့သဘော ဖြစ်နေတယ်။

“အဲတော့ တနည်းအားဖြင့် ပြောရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ။ ဒီပြဋ္ဌာန်းချက်ကို အခု အန်ကယ် ဦးအောင်ရွှေတို့ စွဲတဲ့ အမှုထဲမှာ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ ၂၂ အရ ထောင်ဒဏ် ၃ နှစ်ဆိုပြီး ကျခံလိုက်ရပြီ။ သြဂုတ်လတုန်းက ပြစ်ဒဏ်ချတာ။

“အဲဒီပြစ်ဒဏ်ချတာကို တခါထပ်ပြီးတော့ အခု ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ပါတယ်။ ဘာကြောင့်လဲ၊ ထောင်ဒဏ်ကျခံနေရသူဆိုတဲ့ အဓိပ္ပာယ်ကြောင့်။ ဒီတော့ ပြစ်ဒဏ် ၂ ခါပေးသလို ဖြစ်တယ်။ အဓိပ္ပာယ်ကတော့ နှစ်ထပ်ကွမ်း ပြစ်ဒဏ်ပေးတာမျိုး မဖြစ်ရဘူး၊ ဥပဒေမူဆိုတော့ အခုက မူပါ ထိခိုက်တဲ့သဘော ဖြစ်တယ်။”

ဒါတွေဟာ တကယ်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က စစ်အစိုးရကို ဥပဒေကြောင်းအရ စိန်ခေါ်တဲ့ ကိစ္စတွေလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့လည်း ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်တဲ့ကိစ္စတို့၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုဖို့ ကိစ္စတို့ ဆိုတာဟာ သာမန် တရားဥပဒေကိစ္စ ဆိုတာထက် ဒါဟာ စစ်အစိုးရရဲ့ ရပ်တည်ချက်ကိုပါ စိန်ခေါ်နေတဲ့ ကိစ္စကြီးလို ဖြစ်နေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

ဒါကြောင့် ဒီလျှောက်ထားချက်တွေကို တရားဥပဒေနဲ့အညီ စစ်အစိုးရဘက်က တုံ့ပြန် ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံယုံကြည်ကြည် မျှော်လင့်နေသူကတော့ သိပ်များများစားစား ရှိလိမ့်မယ် မဟုတ်ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG