သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပွင့်လင်းမြင်သာအောင် လုပ်မည်


GE ကုမ္ပဏီနှင့် SEA Lion ကုမ္ပဏီတို့ သဘောတူလက်မှတ် ရေးထိုးပွဲတွင်တွေ့ရသည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Hormats (ယာစွန်)။ ဇူလိုင် ၁၄၊ ၂၀၁၂
GE ကုမ္ပဏီနှင့် SEA Lion ကုမ္ပဏီတို့ သဘောတူလက်မှတ် ရေးထိုးပွဲတွင်တွေ့ရသည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Hormats (ယာစွန်)။ ဇူလိုင် ၁၄၊ ၂၀၁၂
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကြမယ့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ သူတို့ဘာတွေ လုပ်တယ်ဆိုတာကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ အမေရိကန်အစိုးရကို ပြန်ပြီးအစီရင်ခံရေး သေချာအောင် လုပ်သွားမယ် လို့ အမေရိကန် လက်ထောက် ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာန၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နဲ့ သဘာ၀ ပတ်ဝန်းကျင် ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဟောမက်တ်စ် (Robert Hormats) က အဲဒီလို ပြောခဲ့ တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ လက်တွဲ လုပ်ဆောင်နိုင်အောင်လည်း ကူညီသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှာ “မြန်မာနိုင်ငံနှင့် စီးပွားဆက်ဆံရေး ပြောင်းလဲ တိုးတက်လာခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ တနင်္လာနေ့က လုပ်တဲ့ ဆွေးနွေးပွဲ တခုအတွင်း လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ရောဘတ် ဟောမက်တ်စ်က အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ့် ကိစ္စရပ်တွေကို ရှင်းလင်းပြောဆို သွားတာပါ။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို သမ္မတအိုဘားမား အစိုးရက နောက်ထပ် လျှော့ပေ့ါပေးပြီးတဲ့နောက် အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ခွင့် ရလာကြတာပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြမယ့် အမေရိကန် စီးပွားရေးကုမ္ပဏီတွေအနေနဲ့ သူတို့ ဘယ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတယ်၊ မြန်မာနိုင်ငံဘက်က ဘယ်စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးတွေ လုပ်ကိုင်တယ်ဆိုတာကို အမေရိကန်အစိုးရထံမှာ အစီရင်ခံကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီလိုအစီရင်မခံဘူးဆိုရင် ဥပဒေကြောင်းအရ ဘယ်လိုအရေးယူမယ်ဆိုတဲ့ သတ်မှတ် ပြဌာန်းချက်မျိုးမရှိတဲ့ အတွက် ဒါဟာ လုံလောက်မှုမရှိဘူးလို့ မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ထောက်ပြနေကြတာပါ။ အမေရိကန်ကုမ္ပဏီတွေ ရဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ဆောင်ချက်တွေကို ပြန်ပြီးအစီရင်ခံရမယ်ဆိုတာမှာ ဥပဒေကြောင်း အရ သတ်မှတ်ချက်မရှိဘူးဆိုပေမယ့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဟောမက်တ်စ် ကတော့ စီးပွားရေးကုမ္ပဏီတွေ ဟာ အဲဒီလို အစီရင်မခံလို့ကို မဖြစ်ပါဘူးလို့ အာမခံ ပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်တဲ့ ကုမ္ပဏီတွေအနေနဲ့ ကျနော်တို့က တောင်းဆိုထားတဲ့အတိုင်း ပွင့်လင်းမြင်သာမှုရှိတဲ့ အစီရင်ခံမှုမျိုးကို မလုပ်ဘူးဆိုရင် သူတို့ လုပ်ကိုင်ဖို့ အင်မတန်ခက်ခဲလိမ့်မယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ သူတို့တွေ အစီရင်ခံဖို့ သေချာအောင် ကျနော်တို့ လုပ်ရပါမယ်။ သူတို့အစီရင်ခံဖို့အတွက် သူတို့နဲ့ ကျနော်တို့ တိုက်ရိုက် ဆက်သွယ် လုပ်ဆောင် သွားရပါမယ်။”

ရောဘတ် ဟောမက်တ်စ်ဟာ ဇူလိုင်လ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ မြန်မာနိုင်ငံဆီသွားရောက်ပြီး သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ စီးပွားရေး အဝန်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သူဟာ၂၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံဆီ သွားခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရလာတဲ့နေရာမှာ အဓိက အပြောအများဆုံး ကတော့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ကဏ္ဍပါ။ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လာကြမယ့်အပေါ် စိုးရိမ်ချက်တွေ ရှိနေတာလည်းဖြစ်ပါတယ်။ မစ္စတာဟောမက်တ်စ်ကတော့ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ အမေရိကန်အစိုးရက လိုလားသလို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကြမယ်လို့ မျှော်လင့် ယုံကြည်ထား ပါတယ်။ လက်ရှိမှာ အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုတွေအားလုံးကို ရုပ်သိမ်းသေးတာမဟုတ်ဘဲ ချမှတ်ထားဆဲ ဒဏ်ခတ်အရေးယူမှုတွေကို အမေရိကန် စီးပွားရေးလုပ်ငန်းတွေ လိုက်နာကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

အမေရိကန်လို နိုင်ငံမျိုးက စီးပွားရေးလုပ်ငန်းကြီးတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လာလုပ်ကြမယ် ဆိုရင် နိုင်ငံတွင်းမှာ လက်ရှိ အခိုင်အမာ အခြေတည်ထားပြီးသား၊ ငွေအရင်းအနှီး အင်အားကောင်း ပြီးသား၊ အဆက်အသွယ်ကောင်းပြီးသား လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေပဲ အခွင့်အရေးရပြီးတော့ ကျန်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ နစ်နာမှာကို စိုးရိမ်ချက်တွေ ကလည်း ရှိနေပါတယ်။

လက်ထောက် ဝန်ကြီး မစ္စတာရောဘတ်တ်စ်ကတော့ သူ မြန်မာနိုင်ငံရောက်တဲ့အချိန် ပြည်တွင်းက အရပ်ဘက် လူမှု အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ချိန်တုန်းကလည်း ဒီမေးခွန်းကို ကြားခဲ့ ရပါတယ်လို့ ဆိုပါတယ်။ အမေရိကန်ကုမ္ပဏီတွေအနေ နဲ့ ြုမန်မာနိုင်ငံက အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့လည်း လက်တွဲ လုပ်ဆောင်ဖို့ ကူညီသွားမယ်လို့ ပြောပါတယ်။

“ဒီကိစ္စအပေါ် ကျနော်တို့ နားလည်ပါတယ်။ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့ အမေရိကန် ကုမ္ပဏီတွေအကြား ဆက်ဆံရေး ထူထောင်သွားနိုင်အောင် ကျနော်တို့ ကူညီသွားမှာပါ။ မြို့ကြီးတွေမှာသာ မဟုတ်ပါဘူး။ မြို့ငယ်လေးတွေနဲ့ ကျေးလက်ဒေသတွေမှာလည်း လုပ်သွားမှာပါ။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အားလုံးပါဝင်တဲ့ တိုးတက်မှုဖြစ်အောင် ကျနော်တို့က အထောက်အပံ့ပြုချင်ပါတယ်။ အားလုံးပါဝင်တဲ့ တိုးတက်မှု ဆိုတာက MOGE ဒါမှမဟုတ် လုပ်ငန်းကြီးတွေနဲ့ပဲ ဆက်ဆံတာမျိုး မဟုတ်ဘဲ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့လည်း ဆက်ဆံသွားဖို့ဖြစ်ပါတယ်။”

ဒီလိုစိုးရိမ်ချက်မျိုးဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စိုးရိမ်ချက်မျိုးဖြစ်ပြီး သူတို့အနေနဲ့ ကိုင်တွယ် လုပ်ဆောင် သွားရမှာဖြစ်တဲ့ အကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ သူတို့အနေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အချင်းချင်းသာ ဆက်ဆံတာမျိုးမဟုတ်ဘဲ နှစ်နိုင်ငံအကြား အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အချင်းချင်းလည်း ဆက်သွယ် လုပ်ဆောင်သွားရမှာပါလို့ မစ္စတာဟောမက်တ်စ် က ပြောပါတယ်။

အမေရိကန်က မြန်မာနိုင်ငံနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံလာတာဟာ တရုတ်နိုင်ငံနဲ့ယှဉ်ပြိုင်ဖို့၊ အင်အားချိန်ခွင်လျှာ မျှဖို့ ဆိုတာတွေမဟုတ်ဘဲ အမေရိကန်၊ တရုတ် နှစ်နိုင်ငံစလုံးက မြန်မာနိုင် ငံ ကြွယ်ဝချမ်းသာပြီး တည်ငြိမ်အေးချမ်းတာကို မြင်ချင် ကြတာကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမေရိကန်၊ တရုတ် နှစ်နိုင်ငံစလုံးမှာ ဘုံတူညီတဲ့ ရည်ရွယ်ချက်ရှိတယ်လို့လည်း လက်ထောက် ဝန်ကြီး ရောဘတ် ဟောမက်တ်စ်က ပြောသွားပါတယ်ခင်ဗျား။
XS
SM
MD
LG